Homeမေးမြန်းခန်းေကအိုင္အိုကိစၥ လွှတ်တော်မှာ ဆွေးနွေးမည်

အခုဩဂုတ်လဆန်းပိုင်းက ကေအိုင်အိုကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်ရေးဆွေးနွေးပွဲမှာ ကချင် ပြည်နယ်အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးသန်းအောင်က လာမယ့် ၂၂ ရက်နေ့ လွှတ်တော်မှာ ကေအိုင်အိုကိစ္စထည့် ဆွေးနွေးမယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်လို့ ကေအိုင်အိုသဘောထားကို ကေအိုင်အိုပြောခွင့်ရ ဦးလနန်းကို မေးထားပါတယ်။
ပြီးခဲ့တဲ့ ကချင်ပြည်နယ်အစိုးရ ဗိုလ်မှူးကြီးသန်းအောင်တို့ ကေအိုင်အိုနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်မှူးကြီးသန်းအောင် ပြောသွားတဲ့ စကားတခွန်းက၊ ကေအိုင်အိုကိစ္စကို လွှတ်တော်မှာ ဆွေးနွေးမယ်ဆိုတဲ့အကြောင်း နည်းနည်းပြောပြပါလား။ ဦးတို့ ဘယ်လောက်ထိ စိတ်ဝင်စားလဲ။
“ကျနော်တို့ လိုချင်တာ အဲဒါမဟုတ်ပါဘူး။ သူက အဲ့လိုမျိုးတော့ ပြောပါတယ်။ နိုင်ငံတော်ရဲ့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ လွှတ်တော်မှာ ကေအိုင်အိုအကြောင်းကို တင်ပြဆွေးနွေးမယ်ဆိုတာကို ပြောသွားတာရှိတယ်။ ကျနော်တို့လိုချင်တာက လွှတ်တော်ကနေ နိုင်ငံရေးဆွေးနွေးမှုကို လိုချင်တာမဟုတ်ဘူး။ ကျနော်တို့လိုချင်တာက တိုင်းရင်းသားအင်အားစု အားလုံးရဲ့ နိုင်ငံရေးရပိုင်ခွင့်၊ တိုင်းရင်းသား အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို ပြည်ထောင်စု မြန်မာနိုင်ငံ စတင်ပေါ်ပေါက်လာတဲ့ ၁၉၄၇ ခုနှစ်ပင်လုံ ညီလာခံမှာ သဘောထားရယူထားတဲ့ ပင်လုံစာချုပ်နဲ့ ပင်လုံကတိကဝတ်ပေါ်မှာ အခြေခံပြီးတော့ ယနေ့ခေတ်ကာလနဲ့ ကိုက်ညီအောင် နိုင်ငံရေး ဆွေးနွေးပွဲကို လိုချင်တာပါ။ ဒီအချက်တွေကို အမြဲတမ်းတောင်းဆိုနေတာပါ။ ဒီအချက်တွေပေါ်မှာ သူတို့တွေက လုပ်မယ်လို့ လက်ခံတယ်ဆိုရင်တော့ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်က ရှေ့ကို တိုးလို့ရပါတယ်။ အခုသူတို့ပြောနေတဲ့ ဩဂုတ် ၂၂ ရက်နေ့ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ ကေအိုင်အိုနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေကနေ တင်ပြဆွေးနွေးမှု ရှိတယ်ဆိုတာကိုတော့ ထူးခြားမှုတော့ ဘာမှမရှိပါဘူး။ သူတို့ဘာသာ သူတို့ တင်ပြတာဖြစ်ပါလိမ့်မယ်။”
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြားမှာ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရေး အဖွဲ့တခုကို ဖွဲ့စည်းသွားမယ်လို့လည်း ပါတယ်မဟုတ်လား။
“ဟုတ်ပါတယ်။ အဲဒါလည်း သူတို့ပြောတဲ့အထဲမှာ ပါသွားတယ်။ အဲဒီမှာတော့ ဦးသိန်းဇော်ကနေ ခေါင်းဆောင်ပိုင်းမှာ နေရာယူပြီးတော့ အဲဒီ ကော်မရှင်ဖြစ်ဖြစ်၊ ကော်မတီဖြစ်ဖြစ်ပေါ့။ တခုဖွဲ့စည်းပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ဆောင်ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် ကျနော်သိချင်တာက ဒီနိုင်ငံရေး ဆွေးနွေးပွဲဆိုတာ ဘယ်လိုပုံစံနဲ့ နိုင်ငံရေး ဆွေးနွေးပွဲလည်းဆိုတာကို ကျနော်တို့ သိချင်ပါတယ်။ အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတဲ့နောက်ပိုင်းမှာ ရှေ့လုပ်ရမယ့် နိုင်ငံရေး ဆွေးနွေးပွဲ လမ်းစဉ်ကို ရှင်းရှင်းလင်းလင်း ကျနော်တို့ကို အသိပေးစေချင်တယ်။ ကျနော်တို့ တောင်းဆိုထားတာ အဲဒီအချက်တွေ ပါတယ်။”
၂၂ ရက်နေ့ လွှတ်တော်မှာ ကေအိုင်အိုက တက်ခွင့်ရတာ မဟုတ်တော့ ကေအိုင်အိုကိစ္စကို ဆွေးနွေးကြမယ်ဆိုတော့ မျက်ကွယ်မှာ ဆွေးနွေးတော့ ကေအိုင်အိုက ဘယ်လိုသဘောထားလဲ။
“ကျနော်တို့ဘက်က ဘာမှသဘောထား မရှိပါဘူး။ အခု ဒီလွှတ်တော်ကိုယ်စားလှယ်ဆိုတာလည်း ကျနော်တို့ရဲ့ ကေအိုင်အို အဖွဲ့အစည်းကို ကိုယ်စားပြုတာလည်း မဟုတ်ပါဘူး။ သူတို့ဟာသူတို့ ဆွေးနွေးကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ ဆုံးဖြတ်ချက်ကလည်း ကျနော်တို့နဲ့ ဘယ်လောက်မှ အကျိုးသက်ရောက်တာမျိုး ရှိမယ်လို့တော့ ကျနော်တို့ မထင်ဘူး။”
အခု ကျနော်တို့ သတိထားမိတာ ကေအိုင်အိုနဲ့ ဆိုရင် ကိုယ်စားလှယ်ငယ်တွေ လွှတ်တာတော့ အကြိမ်ပေါင်းမနည်းတော့ဘူး။ စာတွေရေးကြတယ်။ နောက်တော့ ကိုယ်စားလှယ်ကြီးဆိုတော့ ဗိုလ်မှူးကြီးသန်းအောင် အဆင့်ဆိုရင် နှစ်ခေါက် တွေ့တယ်။ အဲတော့ ဒီဘက်မှာလည်း ရှမ်းပြည်တိုးတက်ရေးပါတီမှာ ဘုန်းကြီးနှစ်ပါးကို တပ်ရင်းမှူးကနေပြီး ငြိမ်းချမ်းရေး လိုချင်တယ်ဆိုပြီး ကမ်းလှမ်းတယ်။ သတင်းကြေညာချက် ထုတ်တယ်။ အခု ဒီရက်ပိုင်းအတွင်းမှာ မွန်ပြည်သစ်ပါတီကို ဘုန်းကြီး နှစ်ပါး လွှတ်ပြီးတော့ ငြိမ်းချမ်းရေး လုပ်ရအောင်ဆိုပြီး ပြောတယ်။ အစိုးရရဲ့ ဒီခြေလှမ်းတွေက ဘာကို ညွှန်ပြနေလဲ။ ဦးလနန်းတို့ ဘယ်လိုသုံးသပ်လဲ။
“ဘယ်လိုသုံးသပ်ရမှာလည်းတောင် မသိဘူး။ ကျနော်တို့ထင်တာ အဲဒီလို မဟုတ်ဘူး။ သူတို့လိုချင်တာက ဘယ်အဖွဲ့အစည်းကိုမှ ငြိမ်းချမ်းရေး အတွက် လူလွှတ်ပြီးတော့ လုပ်စရာမလိုပါဘူး။ သူတို့ နိုင်ငံတော် အစိုးရဆိုတဲ့ အဖွဲ့အစည်းကနေ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို ကြေညာချက်ပေးရမယ်။ နောက်ပြီးတော့ နိုင်ငံရေးလမ်းကြောင်းနဲ့ ဖြေရှင်းပေးရမယ်။ တံခါးဖွင့်ပြီးတော့ တွေ့ဆုံဆွေးနွေးရေး ကြေညာလိုက်တာနဲ့ အခုတိုက်နေခိုက်နေတာက ရပ်သွားမယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးစရာလည်း မလိုပါဘူး။ အဲလိုမျိုး စိတ်ထားဖြူဖြူစင်စင်နဲ့ပဲ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးမယ်။ နောက်ပြီး နိုင်ငံရေး တွေ့ဆုံလမ်းကြောင်းကို သူတို့ ဖော်ဆောင်ပေးမယ်ဆိုရင်တော့ အဲဒီလမ်းကြောင်းအတိုင်းပါပဲ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အားလုံးကိုယ်စားပြုနိုင်တဲ့ UNFC က နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဖော်ဆောင်သွားမှာပါ။ တဖွဲ့ချင်းကို ဖဲ့ပြီးတော့ အပစ်အခတ်ရပ်စဲရေး ပုံစံ သဘောတူစာချုပ်တွေကို သူတို့ပုံစံမတူဘဲနဲ့ ကွဲပြားပြီးလုပ်တဲ့ဟာမျိုးကို ကျနော်တို့ မဖြစ်စေချင်ဘူး။”
အခုဆိုရင် ကျနော်တို့ သိထားသလောက်ဆိုရင် ကေအိုင်အိုဆိုရင် ဗိုလ်မှူးကြီး အဆင့်ပြောတယ်။ ရှမ်းပြည်တိုးတက်ရေး ပါတီဆိုရင် တပ်ရင်းမှူး နာမည်တောင် မပြောလိုက်ဘူး။ အခု မွန်ပြည်သစ်ပါတီကိုကျတော့ မွန်ပြည်နယ် ဝန်ကြီးချုပ်ကနေ ကမ်းလှမ်းတယ်လို့ သိရတယ်။ အခုနောက်ဆုံး ကေအိုင်အိုနဲ့ အစိုးရကြားမှာ ပေါ်ထွန်းနေမှုတွေက စစ်ရေးအပါအဝင် ဆွေးနွေးပွဲတွေက ဘာထူးခြားသေးလဲ။ နောက်ဆုံးအခြေအနေလေး ပြောပြပါဦး။
“တခြားထူးခြားတာတော့ မရှိပါဘူး။ ခုနပြောတဲ့ SSA တို့ မွန်တို့ကို သွားလုပ်တာတော့ ကျနော့်အထင်တော့ သူတို့အခုတလောမှ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး သူကနေ ဒီမော်လမြိုင်ဘက်မှာ ရေဘေးဒုက္ခသည်တွေကို သွားတွေ့ဆုံတုန်းက နိုင်ငံရေးအတွက် အမြဲတမ်းလုပ်နေပါတယ်ဆိုတာကို ပြချင်လို့ ဖြစ်ပါလိမ့်မယ်။ သိပ်သဘောထား ရိုးရိုးနဲ့လုပ်မယ်တော့ မထင်ဘူး။ သူတို့လုပ်နေပါတယ်ဆိုတာကို ပြောတာဖြစ်လိမ့်မယ်။ ဒါပေမယ့် သူတို့လုပ်တယ်ဆိုတဲ့ နေရာမှာ နိုင်ငံရေး ဆွေးနွေးမှုဆိုတဲ့လမ်းကြောင်းက ကျနော်တို့ တိုင်းရင်းသားတွေ အားလုံးလိုလား တောင့်တနေကြတဲ့ အချက်ပါပဲ။ ဒါပေမယ့် အဲဒီ နိုင်ငံရေးဆွေးနွေးမှု ဆိုတာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်းက နိုင်ငံရေး စီးဆင်းမှု ဆိုတဲ့ဟာကတော့ ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေကတော့ မလိုလားကြဘူး။”