မြန်မာတနိုင်ငံလုံး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း လွန်ကဲအဆင့် (Extreme Level)ကို စရောက်နေပြီလို့ မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က သူရဲ့ဖေ့စ်ဘုတ်စာမျက်နှာ မှာ ဖော်ပြထားပါတယ်။
“ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုးဟာ အမြင့်ဆုံးဖြစ်တဲ့ (> 11.0) လွန်ကဲအဆင့် EXtreme Level ကို စတင်ရောက်ရှိပါလိမ့်မယ်။”
ခရမ်းလွန်ရောင်ခြည်ဟာ လိုအပ်တာထက် များသွားတဲ့အခါ အရေပြားတွန့်တာ၊ အစက် အပြောက်ထင်တာ၊ အရွယ်မတိုင်မှီ အိုမင်းရင့်ရော်တာတွေ အရေပြားကင်ဆာဖြစ်စေတာ၊ မျက်စိအမြင်အရုံထိခိုက်စေနိုင်တာနဲ့ သားသမီးမရနိုင်တဲ့ရောဂါတွေလည်း ရရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သတိပေးထားပါတယ်။
ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးဖြစ်တဲ့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း အပြင်မထွက်သင့်သလို မဖြစ်မနေ ထွက်ရမယ်ဆိုရင်လည်း ခန္ဓာကိုယ်ကို အကာအကွယ် ပေးနိုင်မယ့် အ၀တ်အစားတွေ ထီး၊ ဦးထုပ်နဲ့ ရောင်ခြည်ဒဏ်ခံနိုင်မယ့် နေကာမျက်မှန်တို့ကို အသုံးပြူကြဖို့ကိုလည်း ပညာရှင်တွေက ညွန်ကြားထားပါတယ်။