Home မြန်မာသတင်း တောင်ဒဂုံလယ်သိမ်းခံ လယ်သမားသားသမီးများကို ဒေါ်စုက ပညာရေးထောက်ပံ့
တောင်ဒဂုံလယ်သိမ်းခံ လယ်သမားသားသမီးများကို ဒေါ်စုက ပညာရေးထောက်ပံ့
assk အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အလှူရှင်တွေက လယ်သိမ်းခံရတဲ့ လယ်သမားတွေရဲ့ သားသမီး ၂၀၀ ခန့်ကို ပညာရေး အထောက်အပံ့ ပေးအပ်လှူဒါန်းပါတယ်။
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာ မနှစ်တုန်းက လယ်သိမ်းခံရတဲ့ မိသားစု ၅၀ ခန့်ရဲ့ သားသမီး ၂၀၀ ခန့်ကို ဒီကနေ့ ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ လှူဒါန်းပေးအပ်တာလို့ အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
“အဲဒီမှာ လယ်မဲ့ယာမဲ့ဖြစ်သွားတယ်။ အဲဒီမှာ ကျောင်းတက်နေတဲ့ ကလေးတွေ ပညာသင်စရိတ်ပေါ့။ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ပံ့မှုနဲ့ ပညာသင်စရိတ် ထောက်ပံ့ပွဲ ရန်ကုန်တိုင်းရုံးမှာ လုပ်ပါတယ်။ လယ်သိမ်းခံ လယ်သမားမိသားစုတွေရဲ့ ကလေးတွေထဲက အလယ်တန်း၊ အထက်တန်း၊ မူလတန်း တက်နေတဲ့ ကလေး ၂၁၃ ယောက်ကို ကျနော်တို့ စေတနာရှင်များက ထောက်ပံ့တဲ့ဟာနဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ထောက်ပံ့တာနဲ့ ပေါင်းပြီးတော့ ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ အဘိဓာန်တို့၊ ဘောလ်ပင်၊ ခဲတံ စတာတွေကို ခွဲဝေလှူဒါန်းတာပါ။ အဲဒီအခမ်းအနားကို ဒီနေ့လုပ်ပါတယ်။”
အခုလို ကူညီထောက်ပံ့ရခြင်းရည်ရွယ်ချက်ကိုလည်း ဦးအုန်းကြိုင်က ခုလို ရှင်းပြပါတယ်။
“အဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွတ်လာကတည်းက အရင်တုန်းက လုပ်နေတဲ့ လူမှုရေး ထောက်ပံ့မှုတွေကို အရှိန်မြှင့်တင်ပြီးတော့ ဆောင်ရွက်လာတယ်။ အဲဒါကတော့ ပြည်သူလူထုရဲ့ အခက်အခဲကို ကွန်ရက်ပုံစံနဲ့ ထောက်ပံ့နိုင်တဲ့လူတွေက လိုအပ်နေတဲ့သူကို ထောက်ပံ့နိုင်တဲ့လူက ကူညီထောက်ပံ့ရင်း ကျနော်တို့အချင်းချင်း ရိုင်းပင်းကူညီပြီး ပိုပြီးစည်းလုံးညီညွတ်မှု ရအောင် အခက်အခဲလေးတွေလည်း ဖြေရှင်းပြီးဖြစ်အောင် ပြည်သူအားလုံးလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမယ်။ တကယ်သာ ကိုယ့်အခက်အခဲကို ကိုယ့်အချင်းချင်း ညှိနှိုင်းဖြေရှင်းတာက ဒီမိုကရေစီ စိတ်ဓာတ်ပဲ ဆိုတာကို ရှင်သန်လာအောင် ကျနော်တို့ ကြိုးပမ်းမှုဖြစ်ပါတယ်။”
ဒီအခမ်းအနားကို အဖွဲ့ချုပ်ခေါင်းဆောင် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေနဲ့ ရွာသားတွေအပါအဝင် လူ ၂၀၀ လောက် တက်ရောက်ပါတယ်။
ဆက်စပ်သတင်းများ