Home မြန်မာသတင်း ဆန္စပါးမူဝါဒမ်ား ပြောင်းရန် တင်ပြမည်
ဆန်စပါးမူဝါဒများ ပြောင်းရန် တင်ပြမည်
ရွှေအောင်
·
August 10, 2011
paddy ဆန်စပါးဆိုင်ရာ မူဝါဒတွေ ပြုပြင်ပြောင်းလဲသင့်ပြီ ဖြစ်တဲ့အကြောင်း အလုပ်ရုံ ဆွေးနွေးပွဲတခုကနေ တင်ပြဖို့ရှိတယ်လို့ ဆန်စပါးလုပ်ငန်းအသင်းက အမည်မဖော်လိုတဲ့ အမှုဆောင်တဦးက ပြောပါတယ်။
တင်ပြမယ့်အချက်တွေထဲမှာ ဆန်စပါးအထူးပြုကုမ္ပဏီများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ လယ်ယာလုပ်ငန်းသုံးစက် ယန္တရားများ တင်သွင်းနေသည့် ကုမ္ပဏီများကို အခွန်ကင်းလွတ်ခွင့်ပြုရန် စတဲ့ အချက်တွေ ပါဝင်တယ်လို့ ပြောပါတယ်။
ဆန်စပါးလုပ်ငန်းဆိုင်ရာ ကဏ္ဍအားလုံးပါဝင်သော ဆန်စပါးဆိုင်ရာ မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တခုကို မြန်မာနိုင်ငံ ဆန်စပါးအသင်းက ဩဂုတ် ၈၊ ၉ ရက်နေ့တွေက မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် UMFCCI မှာ ကျင်းပခဲ့ပါတယ်။
အဲ့ဒီမှာ ပြုပြင်ပြောင်းလဲသင့်တဲ့ ဆန်စပါးမူဝါဒတွေနဲ့ပတ်သက်လို့ ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုတင်ပြသွားဖို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲမှ ဖော်ထုတ်ရရှိတဲ့ ပြုပြင်ပြောင်းလဲသင့်တဲ့ မူဝါဒအချို့ကတော့
- ပို့ကုန်လျှော့ပြီး ပြည်တွင်းဆန်ဖူလုံရေး ကိစ္စဖြေရှင်းရန်အတွက် ပို့ကုန်အခွန်အတိုးအလျှော့ပြုလုပ်သွားဖို့၊
- ဆန်တင်ပို့တဲ့ မူဝါဒကို ပိတ်လိုက်ဖွင့်လိုက်လုပ်မည့်အစား စဉ်ဆက်မပြတ် ပြည်ပဈေးကွက်သို့ ချိတ်ဆက်တင်ပို့နိုင်တဲ့ အခြေအနေကို ဖန်တီးဖို့၊
- ဆန်စိုက်တောင်သူများ တွက်ခြေကိုက် ဈေးနှုန်းရရှိရေးအတွက် လယ်လုပ်သူများ လယ်ပိုင်ခွင့်ရရှိဖို့၊
- မြေယာပြုပြင်ပြောင်းလဲရေးလုပ်ရန်နှင့် အစိုးရမှ အာမခံဈေးနှုန်းသတ်မှတ်ဝယ်ယူပေးဖို့၊
- ဆန်ဖြူ တင်ပို့ရောင်းချခြင်းနှင့် အပြိုင် ပေါင်းဆန်တင်ပို့ရောင်းချရေး ပြင်ဆင် အကောင်အထည်ဖော်ဖို့၊
- စိုက်ပျိုးရေး ဆန်စပါးထုတ်လုပ်ရေး အထူးပြု ကောလိပ် သိပ္ပံနှင့် တက္ကသိုလ်များ အဆင့်မြှင့်တင်ရေးနှင့် အသစ်ဖွင့်လှစ်ရေး အထူးကုမ္ပဏီကို Contract Farming လုပ်တယ်လို့ တိတိကျကျသတ်မှတ်ပေးဖို့၊
- အထူးပြု ကုမ္ပဏီများကို အတိုးမဲ့ ၅ နှစ် အရင်းနှီး ချေးခွင့်သော်လည်ကောင်း ၅ နှစ် အခွန်ကင်းလွတ်ခွင့် ပေးဖို့သော်လည်းကောင်း ခွင့်ပြုပေးဖို့ စတဲ့အချက်တွေ တင်ပြဖို့ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ ပြည်ပတင်ပို့တဲ့ဆန်ဈေးက တတန်ကိုအမေရိကန်ဒေါ်လာလေးရာလောက် ပေါက်ဈေးရှိပြီး၊ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာဈေးကျနေတာကြောင့် ဆန်တင်ပို့သူတွေ တွက်ခြေမကိုက်ဖြစ်နေပါတယ်။ အကျိုးဆက်အနေနဲ့ ပြည်တွင်းစပါးဈေးကျ နေပြီး တောင်သူတွေလည်း အခက်တွေ့နေကြပါတယ်။
ဆက်စပ်သတင်းများ