Home
မြန်မာသတင်း
နိုင်ငံတော်သမ္မတကို မဲပေးရွေးချယ်နေပြီ
DVB
·
March 15, 2016
နေပြည်တော်ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတရွေးပွဲကို ဒီနက် ၁၀ နာရီက စတင်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၆၅၇ ဦးအနက် ၆၅၂ ဦးတက်ရောက်ပြီး ၅ ဦးပျက်ကွက်ပါတယ်။ ဒီရွေးချယ်ပွဲကို လျှို့ဝှက်မဲပေးစနစ်နဲ့ ပေးကြပြီး မဲအများဆုံးရသူက သမ္မတ၊ ဒုတိအများဆုံးက ဒုသမ္မတ ၁၊ တတိယအများဆုံးက ဒုသမ္မတ ၂ ဖြစ်လာကြမှာဖြစ်ပါတယ်။ ဒီသမ္မတဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးပေါ်ပေါက်လာမယ့် အရပ်သားသမ္မတ ဖြစ်လာမှာဖြစ်ပါတယ်။ ထင်ကြေးပေးရေပန်းစားတဲ့စာရင်းမှာ နိုင်ငံတော်သမ္မတအဖြစ်   ဦးထင်ကျော်၊ ဒုတိယသမ္မတ ၁  အဖြစ် ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ၂ အဖြစ် ဦးဟင်နရီဗန်ထီးယူတို့ဖြစ်ပါတယ်။ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ စိစစ်ရေးအဖွဲ့က သူတို့ သုံးဦးကို သမ္မတနဲ့ ဒု-သမ္မတ အရည်အချင်းများနဲ့ ပြည့်စုံကြောင်း အစီရင်ခံချက်ကို အတည်ပြုခဲ့ပြီးနောက် သမ္မတရွေးချယ်ပွဲ ဆက်လက်ကျင်းပခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေဟာ နိုင်ငံတော်ကို ကိုယ်စားပြုပြီး နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တ၀န်းလုံးမှာ နိုင်ငံသားအားလုံးရဲ့ အထွတ်အထိပ်နေရာ ရရှိတယ်လို့ ဖွဲ့စည်းပုံမှာ ဖော်ပြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတဟာ ဧပြီလ ၁ ရက်နေ့မှာ စတင်မယ့် ပြည်ထောင်စုအစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းတာဝန်ပေးအပ်ရမှာဖြစ်သလို တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုရဲ့ အစိုးရအဖွဲ့တွေကို ဦးဆောင်မယ့်သမ္မတကို ရွေးချယ်တာဝန်ပေးဖွဲ့စည်းရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စုအစိုးရအဖွဲ့ထဲက အရေးပါတဲ့ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေကိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ထားရှိရမှာဖြစ်ပါတယ်။ အသက် ၆၉ နှစ်အရွယ် ဦးထင်ကျော်ဟာ ခေတ်ပညာတတ်တဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးစီးလုပ်ကိုင်နေတဲ့ ဗဟိုအလုပ်အမှုဆောင် တဦးလည်း ဖြစ်ပါတယ်။ သူဟာ မြန်မာ့စာပေလောကမှာ ထင်ရှားတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့သားဖြစ်ပါတယ်။ ဦးထင်ကျော်ကို ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယ သမ္မတ အဖြစ် တင်သွင်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင် ၇ ဦးပါ သမ္မတ၊ ဒုတိယသမ္မတ အရည်အချင်း စိစစ်ရေး ရေးအဖွဲ့က ဗိုလ်ချုပ်သန်းစိုးကလွဲလို့ ကျန် ၆ ဦးက ထောက်ခံမှုနဲ့ မနေ့က ပြည်ထောင်စု လွှတ်တော်မှာ ဒုတိယသမ္မတအဖြစ် မနေ့က အတည်ပြုခဲ့ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က တင်သွင်းခဲ့တဲ့ လက်ရှိရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေဟာ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ်ခံရတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဟောင်း တဦးဖြစ်သလို ရန်ကုန်မြို့က စီမံကိန်းတွေနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှု အားနည်းတယ်လို့ ဝေဖန်ခံရပါတယ်။ ဟင်နရီဗန်ထီးယူကတော့ ချင်းတိုင်းရင်းသား၊ တပ်မတော်မှာ ဗိုလ်မှူးအဆင့်နဲ့ အငြိမ်းစားယူ ခဲ့သူဖြစ်ပြီး ချင်းပြည်နယ် ထန်တလန်မြို့နယ်ကိုယ်စားပြု အန်အယ်လ်ဒီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ ဒုသမ္မတအဖြစ် ရွေးချယ်ခံရရင် လွှတ်တော်ကိုယ်စားလှယ်တာဝန်ကို စွန့်လွှတ်ရမှာဖြစ်သလို ပါတီတာဝန်တွေကို ထမ်းရွက်ခွင့်ရှိမှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၈ အရ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေဟာ မိမိတို့ဦးစီးတဲ့ တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနဲ့ အခြားအဖိုးတန်ပစ္စည်းများကို တန်ဖိုးနဲ့တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ကြရမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၂၃ ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးနဲ့၊ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦး၊ စုစုပေါင်း ၆၅၇ ဦးရှိပါတယ်။ အဲဒီထဲက ၃၉၀ ဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ၄၂ ဦး၊ ရခိုင်အမျိုးသားပါတီက ၂၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၁၅ ဦးနဲ့ ကျန်ပါတီတချို့နဲ့ တသီးပုဂ္ဂလက ၂၂ ဦးရှိပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဒုတိယသမ္မတ တင်မြှောက်ပွဲတွေမှာ ပြည်သူ့ လွှတ်တော်မှာ ပယ်မဲ ၁၄ မဲ၊ ပျက်ကွက်သူ ၅ ဦးရှိခဲ့ပါတယ်။ အမျိုးသားလွှတ်တော်မှာ ပယ်မဲ ၆ မဲရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024