Home
ဆောင်းပါး
ဘော်လကန်စည်းရိုး၊ ဒုက္ခသည်အကျပ်အတည်းနဲ့ ဥရောပသမဂ္ဂ အက်ကွဲကြောင်း
DVB
·
March 14, 2016
ဘော်လကန်နိုင်ငံတွေက ဒုက္ခသည်တွေ ၀င်ရောက်လာမှာကို ပိတ်ပင်တားဆီးတဲ့ အနေနဲ့ သူတို့နိုင်ငံတွေကို စည်းရိုးကာပိတ်လိုက်တဲ့ အချိန်မှာ ဂရိနယ်စပ်မှာ ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေ ပိတ်မိနေကြပါတယ်။ ဂရိ မြောက်ပိုင်းနယ်စပ်မှာ ပိတ်မိနေကြတဲ့ ဒုက္ခသည်တွေဟာ ပြင်းထန်ဆိုးဝါးတဲ့ အခြေအနေတွေကို ခံစားနေကြရတဲ့အတွက် ဥရောပသမဂ္ဂ အဖွဲ့ကြီးက သူတို့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေကို ရှေ့လာမယ့် လတွေမှာ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကို လက်ခံပေးဖို့ အားထုတ်ဆောင်ရွက်မှုတွေကို တိုးမြှင့်ပေးဖို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ အနည်းဆုံး ၁၃၀၀၀ လောက်ရှိတဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက က စစ်ရှောင်ဒုက္ခသည်တွေဟာ ဆိုးဝါးပြင်းထန်တဲ့ ရာသီဥတု အခြေအနေထဲမှာ အီဒိုမင်နီက ယာယီစခန်းတွေထဲမှာ ဘော်လကန်နိုင်ငံတွေက သူတို့နိုင်ငံတွေကို ပိတ်ထားတာကို ပြန်ဖွင့်ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကြံ့ကြံ့ခံနေခဲ့ကြပါတယ်။ ဒီလို မွေးစကလေးက စလို့ ကလေးသူငယ်လေးတွေပါ ပါဝင်နေတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို တွေ့နေရတဲ့ ဥရောပသမဂ္ဂကတော့ ဒီကိစ္စကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအရ အလေးအနက်ထား စဉ်းစားခဲ့ပါတယ်။ ဒီဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ကော်ရှင်နာမင်းကြီး ဒီမီထရစ် အဗာရာမိုပိုးလတ်စ်ကတော့ ဒီ ပိုပြီးဆိုးဝါးလာနေတဲ့ အကျပ်အတည်းကို ကူညီဖြေရှင်းပေးနိုင်ဖို့ တခြား ဥရောပသမဂ္ဂ၀င် နိုင်ငံတွေက တလကို အနည်းဆုံး ဒုက္ခသည် ၆၀၀၀ လောက်ကို ပြန်လည်နေရာချထားပေးသင့်တယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ တရုတ်အနုပညာရှင်နဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အိုင်ဝေေ၀ကတော့ ဥရောပဟာ အခုဒုက္ခသည်အရေးမှာ ဥရောပရဲ့ ဒုက္ခသည်တွေအပေါ် ပြုမူဆောင်ရွက်မှုဟာ ဒုက္ခသည်တွေရဲ့ လူ့ဂုဏ်သိက္ခာနဲ့ အခြေခံလူ့အခွင့်အရေးတွေကို အလေးမထားခဲ့ဘူးလို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ သူဟာ ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ အခြေအနေအောက်မှာ ပိတ်မိနေတဲ့ ဒုက္ခသည် ၁၃၀၀၀ လောက် နေထိုင်နေကြတဲ့ ဂရိ-မက်ဆီဒိုးနီးယားနယ်စပ်က အီဒိုမင်နီ ဒုက္ခသည်စခန်းအထိ သွားရောက်လေ့လာခဲ့တဲ့သူဖြစ်ပြီး သူက ဥရောပသမဂ္ဂက နိုင်ငံရေးသမားတွေရဲ့ ဒီအကျပ်အတည်းကို တုံ့ပြန်ခဲ့တာကတော့ သူတို့ရဲ့ တကယ့်အခြေခံ လူ့အခွင့်အရေးတွေကို ခွာချပစ်ခဲ့တယ်လို့ အယ်လ်ဂျာဇီးယားကို ပြောကြားခဲ့ပါတယ်။ တကယ်တော့ အီဒိုမင်နီ ယာယီဒုက္ခသည်စခန်းဟာ လွန်ခဲ့တဲ့ သီတင်းပတ်တွေက  ဒုက္ခသည်တွေကို နယ်စပ်ကန့်သတ်မှုတွေလုပ်အပြီး ဒုက္ခသည်တွေဟာ ဂရိကနေ မြောက်ပိုင်း ဥရောပကို ခရီးဆက်လို့မရတဲ့ အချိန်ကစပြီး ဒုက္ခသည်တွေနဲ့ ပြွှတ်ကျပ်လာခဲ့ပါတယ်။ ယာယီဒုက္ခသည်စခန်းရဲ့ အခြေအနေကတော့ စိုစွတ်သလို အေးစက်နေတဲ့ အခြေအနေမှာ အစားအစာ၊ ကလေးတွေအတွက် ထူထပ်တဲ့ ကလေးအနှီးတွေနဲ့ မိုးကာအင်္ကျီတွေလို အဓိက လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ မရှိခဲ့ပါဘူး။ ဥရောပသမဂ္ဂက စက်တင်ဘာလမှာ ဂရိနဲ့ အီတလီက ဆီးရီးယား၊ အီရတ်နဲ့ အီရစ်ထရီးယားနိုင်ငံတွေက ဒုက္ခသည် ၁၆၀၀၀၀ လောက်ကို ပြန်လည်နေရာချထားပေးခဲ့ပေမယ့် တခြား ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကိုတော့ ဒုက္ခသည် ၈၈၅ ယောက်ပဲ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ အဗာရာမိုပိုးလတ်စ်ကတော့ “တကယ်လို့ ပြန်လည်နေရာ ချထားရေးက အဆင်မပြေခဲ့ရင်တော့ စနစ်တခုလုံး ပျက်သွားမှာပဲ” လို့ သတိပေး ပြောကြားခဲ့သလို သမဂ္ဂ၀င်နိုင်ငံတွေ အတော်များများကတော့ ခုထိ ခိုလှုံခွင့်တောင်းခံသူ တယောက်ကိုမှ ခွင့်ပြုခဲ့တာ မရှိဘူးလို့ ဆက်ပြောခဲ့ပါတယ်။ သူ ခုလိုပြောခဲ့တာကတော့ သြစတြီးယား ပြည်ထဲရေးဝန်ကြီးက ဘော်လ်ကန် ဒုက္ခသည်လမ်းကြောင်းဟာ ဆက်ပြီး အပြီးပိတ်ထားမှာ ဖြစ်တဲ့အတွက် ဒီလမ်းကြောင်းကနေ ရွှေ့ပြောင်းနေထိုင်ကြဖို့ ကြိုးစားနေကြတဲ့သူတွေကို မျှော်လင့်ချက်များ မပေးသင့်ဘူးလို့ ပြောကြားခဲ့ပြီးတဲ့နောက်မှာပဲ ဖြစ်ပါတယ်။ သြစတြီးယား ပြည်ထဲရေးဝန်ကြီး ဂျိုဟာနာ မိခ်လေ့ထ်နာက “ဒုက္ခသည်တွေကို အရိုးသားဆုံး ပြောချင်တာက ဘော်လ်ကန်လမ်းကြောင်းကို သုံးဖို့မဖြစ်နိုင်တော့ဘူး ဆိုတာပါပဲ။ ဘော်လ်ကန်လမ်းကြောင်းက ပိတ်ထားလိုက်ပါပြီ” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူ့လိုပဲ အရှေ့ဥရောပနိုင်ငံတွေ အတော်များများကလည်း အရင်က ယူဂိုဆလားဗီးယား သမ္မတ မက်ဆီဒီုးနီးယားနိုင်ငံ (FYROM) က ရွှေ့ပြောင်းနေထိုင်သူတွေအတွက် သူ့နိုင်ငံရဲ့ နယ်စပ်ဒေသကို လုံးဝ ပိတ်ထားလိုက်ပြီလို့ ကြေညာခဲ့အပြီးမှာ ရွှေ့ပြောင်းနေထိုင်သူတွေက  လမ်းကြောင်းသစ်တွေ ဖွင့်လှစ်လာမှာကို တပ်လှန့် သတိထားလိုက်ကြပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ဟာလည်း ဆလိုဗေးနီးယားက သူ့နိုင်ငံကို ရွှေ့ပြောင်းနေထိုင်သူတွေက ကြားခံလမ်းကြောင်းအဖြစ် အသုံးပြုနေကြတာကို ပိတ်ပင်လိုက်အပြီး ဆာဘီးယားနဲ့ ခရိုအေးရှား နိုင်ငံတွေကလည်း သူတို့နိုင်ငံတွေကလည်း ဒီလမ်းကြောင်းတွေကို ပိတ်ပစ်တော့မယ်လို့ ကြေညာအပြီးမှာ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လေ့လာအကဲဖြတ်သူတွေကတော့ မနှစ်က စပြီးဖြစ်လာပြီး အခုပိတ်သွားခဲ့တဲ့ ဘော်လ်ကန်လမ်းကြောင်းနောက်မှာ တခြား ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းပုံစံတွေ ပေါ်လာဦးမှာပဲလို့ ပြောဆိုနေကြပါတယ်။ ဟန်ဂေရီနိုင်ငံကလည်း သူ့ရဲ့ ရိုမေးနီးယားနယ်စပ် လုံခြုံရေးကို ပိုပြီး တင်းကျပ်လိုက်တော့မယ်လို့ ပြောလာခဲ့တဲ့အတွက် ဒုက္ခသည်အရေးမှာ ပထမဆုံး သဘောထား ပျော့ပျောင်း လူသားဆန်မှုကို ပြသခဲ့တဲ့ ဥရောပသမဂ္ဂ၀င် ဂျာမနီနဲ့ တူရကီနိုင်ငံတွေရဲ့ သဘောထားနဲ့ သံတမန်ရေးအရ သဘောထား ပျော့ပျောင်းပြနေကြရတဲ့ တခြား ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေရဲ့ သဘောထားက အတော်လေး ကွဲပြားလာနေတာကို တွေ့နေရပါတယ်။ ပြင်သစ်ကတော့ သူ့နိုင်ငံ အကြမ်းဖက်တိုက်ခိုက်ခံရပြီးတဲ့နောက် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ပတ်သက်လို့ သဘောထား တင်းမာလာပြီး ဖြစ်ပါတယ်။ အမေရိကန်လို မဟာအင်အားကြီးနဲ့ ယဉ်ကျေးမှုစုံ လူ့အဖွဲ့အစည်းလို့ ပြောထားတဲ့ နိုင်ငံကြီးမှာတောင် အမျိုးသားအကျိုးစီးပွား ကာကွယ်ရေး အမျိုးသားရေးဝါဒီ ဒေါ်လ်နယ်လ်ထရမ့် တယောက် အတိုက်အခံ ရီပတ်ဗလစ်ကန် ပါတီကြီးရဲ့ သမ္မတလောင်းအဖြစ် သေချာသလောက် ဖြစ်လာခဲ့တာဟာ ဒီကနေ့ဖြစ်နေတဲ့ ဒုက္ခသည်အရေး၊ ဒုက္ခသည်အကျပ်အတည်းမှာ ပဋိပက္ခသဘော ဆောင်လာတာကို တွေ့နေရပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီကလည်း ဘယ်အချိန်မှာ လမ်းကြောင်းအသစ်တွေကို အဆင်ပြေအောင် လုပ်ပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့  အရေးပေါ် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ တကယ်တော့ ၂၀၁၅ ခုနှစ်ထဲမှာ ဒုက္ခသည် ၁ သန်းကျော်ဟာ ဥရောပကို ဖြတ်သန်းဝင်ရောက်လာခဲ့ပြီး ဒီလို ဒလဟော စီးဆင်းဝင်ရောက်လာမှုကို ကိုင်တွယ်ဆောင်ရွက်ဖို့ ကြိုးစားခဲ့ကြတဲ့ နိုင်ငံတွေမှာ ပြဿနာမီးပွားတွေ ထလာစေခဲ့ပါတယ်။ အဲဒီလိုဖြစ်လာတဲ့အတွက် ဥရောပသမဂ္ဂအတွင်း ပြန်လည်အခြေချ နေထိုင်သူတွေကို အကောင်းဆုံး ဘယ်လိုကိုင်တွယ် ဆောင်ရွက်ပေးမလဲဆိုတဲ့ အပေါ်မှာ အကွဲအပြဲ တချို့ ဖြစ်လာစေတယ်လို့ ပြောရမှာပါပဲ။ ဒုက္ခသည်အများစုက ပင်လယ်ပြင်က ရောက်လာခဲ့ကြတာဖြစ်ပြီး တချို့ကတော့ အဓိကအားဖြင့် တူရကီနဲ့ အယ်လ်ဘေးနီးယားကိုဖြတ်ပြီး ကုန်းလမ်းက လာခဲ့ကြတာ ဖြစ်ပါတယ်။ ဆောင်းရာသီကလည်း ၂၀၁၆ အစပိုင်းမှာကတည်းက ပင်လယ်ရေကြောင်းကနေ ဥရောပကို ၀င်ရောက်လာတဲ့ ဒုက္ခသည်ပေါင်း ၁၃၅၇၁၁ ယောက် မတားဆီးနိုင်ခဲ့ဘူးလို့ ကုလသမဂ္ဂက မှတ်တမ်းက ဆိုပါတယ်။ အဓိက ဒုက္ခသည်ထွက်ပေါ်လာတဲ့ နိုင်ငံတွေကတော့ ဆီးရီးယားနိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံ၊ အီရတ်၊ အီရစ်ထရီးယားနဲ့ ဆင်းရဲမွဲတေနေတဲ့ ကိုဆိုဗိုနိုင်ငံတွေပဲ ဖြစ်ပါတယ်။ အများဆုံးက စစ်ပွဲတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်ဖြစ်ပြီး ဆင်းရဲမွဲတေ လူစဉ်မမီအောင်ဖြစ်နေတဲ့ စီးပွားရေးအခြေအနေကြောင့်လည်း ဖြစ်ရတာပါ။ ဦးတည်တာက ဥရောပနိုင်ငံတွေ ဖြစ်ပေမယ့် အားလုံးကတော့ ခိုလှုံခွင့် တောင်းခံခဲ့ကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဂျာမနီနိုင်ငံကတော့ ၂၀၁၅ ခုနှစ်ထဲမှာ ခိုလှုံခွင့် လျှောက်ထားတာ အများဆုံး လက်ခံခဲ့ရတဲ့ နိုင်ငံဖြစ်ပြီး ဒုက္ခသည် ၄၇၆၀၀၀ ကျော် ဖြစ်ပါတယ်။ ဒါပေမယ့် ဂျာမနီ အာဏာပိုင်တွေကတော့ သူတို့နိုင်ငံထဲကို ၀င်ရောက်လာတဲ့ ဒုက္ခသည်က ၁ သန်းကျော် ရှိနေပြီလို့ ဆိုပါတယ်။ ဒီ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ တခြားဒေသတွေက တခြားနေရာတွေကို ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားနေကြတဲ့ ဒုက္ခသည်တွေဟာ ဒီလိုမျိုး ဥရောပသမဂ္ဂက အဖွဲ့ဝင်နိုင်ငံတွေအကြား ခွဲတန်းချပြီး လက်ခံခိုင်းနေလို့ရော ရပ်တန့်သွားပါ့မလား။ နိုင်ငံတွေရဲ့ မတူကွဲပြားတဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေအရရော ခု စဖြစ်လာတဲ့ နယ်စပ်ပိတ်ပင်တားဆီးမှုတွေ လုပ်မလာနိုင်ဘူးလား။ လုံးဝ ဘူးခံလိုက်ရင်ရော။ စီးပွားရေးအရ အလွန်စည်းလုံး အင်အားကောင်းခဲ့တဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေကြားမှာ မပြေမလည်ဖြစ်မှုတွေ များလာပြီး အဖွဲ့ကြီး တစစီပြိုကွဲသွားနိုင်သလား စတာတွေကို လေ့လာသုံးသပ်သူတွေက စဉ်းစားလာကြတာကို တွေ့လာရပါပြီ။ အဓိကက ရွှေ့ပြောင်းဒုက္ခသည်တွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းကို ဖြေရှင်းနိုင်ဖို့ပဲ ဖြစ်တယ်လို့ ယူဆပါတယ်။ နိုင်ငံတကာ အခင်းအကျင်းကနေပြီး မြင်ကွင်းကို ကျဉ်းလိုက်ရင် ကျနော်တို့နိုင်ငံထဲကနေ ထိုင်းနိုင်ငံထဲကို ဒီကနေ့ထိ အလုံးလိုက် အရင်းလိုက် နည်းအမျိုးမျိုးနဲ့ ၀င်ရောက်နေကြတဲ့၊ ၀င်ဖို့ကြိုးစားနေကြတဲ့ မြန်မာရွှေ့ပြောင်းဒုက္ခသည်တွေ အရေးကရော ပြီးဆုံးသွားပြီလား။ ဒီကနေ့ စစ်အာဏာရှင်တွေနဲ့ စည်းဝါးရိုက် တိုင်းပြည်ကို အုပ်ချုပ်ဖို့လုပ်နေတဲ့ အစိုးရသစ် ဆိုတာကရော ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ပါ့မလား။ ပြဿနာရဲ့အရင်းအမြစ်ကိုရော တွေ့ကြရဲ့လား။ တကယ့်ပြဿနာရဲ့ အရင်းအမြစ်ကို ရှောင်ပြီး အပရိက ပြဿနာလေးတွေကိုပဲ ကိုင်တွယ်ဖြေရှင်းလေမလား။ ဒုက္ခသည်အရေးကတော့ ဥရောပမှ မဟုတ်ပါဘူး အရှေ့တောင်အာရှ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း တွေ့ကြုံနေရဆဲ၊ ရှင်းလို့မရတဲ့ ပြဿနာတခု ဖြစ်လို့နေသေးတာကို တွေ့နေရတဲ့အကြောင်း။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024