ချင်းသစ်တောမှ ဘဏ္ဍာငွေစီမံခွင့်ရရေး ချင်းပါတီက လွှတ်တော်တွင်တင်ပြမည်
DVB
·
August 9, 2011

ချင်းပြည်နယ် သစ်တောထွက်ပစ္စည်းတွေကနေ ရောင်းချရရှိတဲ့ ဘဏ္ဍာငွေတွေကို ချင်းပြည်နယ်အစိုးရက ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရဖို့အတွက် ဩဂုတ် ၂၂ ရက်နေ့ ကျင်းပမယ့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ချင်းတိုးတက်ရေးပါတီက တင်ပြသွားမယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးဒိုင်ထုန်းက ပြောပါတယ်။
[caption id="attachment_13921" align="alignleft" width="310" caption="ချင်းပြည်နယ် ကန်ပက်လက်မြို့ (ဓာတ်ပုံ - CHRO)"]
[/caption]
တောတောင်ထူထပ်တဲ့ ချင်းပြည်နယ်မှာ ကျွန်း၊ ပိတောက်၊ အင်ကြင်း၊ သစ်ရာ၊ ထင်းရူး စတဲ့ အဖိုးတန်သစ်တွေ ထွက်ပါတယ်။
အထူးသဖြင့် မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ တီးတိန်၊ တွန်းဇံ စတဲ့ဒေသတွေမှာ ထွက်တဲ့ သစ်တွေကို မြန်မာ့သစ်တောဝန်ကြီးဌာနက စီမံခန့်ခွဲပြီး ပြည်တွင်းပြည်ပ သစ်ထုတ်လုပ်ရေးကုမ္ပဏီတွေကို ခုတ်ခွင့်ပြုတာ ရှိပါတယ်။
တကယ်လို့ ချင်းပြည်နယ်ရှိ သစ်တောကို ချင်းအစိုးရက ကိုယ့်ဘာသာကိုယ် စီမံခန့်ခွဲလို့ရမယ်ဆိုရင် ပြည်နယ်ရဲ့ စီးပွားရေးအကျပ်အတည်းအတွက် အစိုးရအပေါ်မှာ ဝန်ပိစရာမလိုဘဲ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်မယ်လို့ ဦးဒိုင်ထုန်းက ပြောပါတယ်။
ဒါ့အပြင် မဏိပူရမြစ်ပေါ်က ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်ဖို့နဲ့ ထုံးကျောက်ပေါတဲ့ ဖလမ်းမြို့နယ်ထဲမှာ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ ကိစ္စလည်း လွှတ်တော်ထဲမှာ တင်ပြသွားမယ်လို့ ဦးဒိုင်ထုန်းက ပြောပါတယ်။
