Home မြန်မာသတင်း ကေအိုင်အေနှင့်အစိုးရတပ် တိုက်ပွဲ ၄ဝ ခန့်ဖြစ်
ကေအိုင်အေနှင့်အစိုးရတပ် တိုက်ပွဲ ၄ဝ ခန့်ဖြစ်
kia ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ မြန်မာအစိုးရတပ်တွေအကြား ဇွန်လ ၉ ရက်နေ့ကစလို့ တိုက်ပွဲတွေ ဖြစ်ခဲ့ရာမှာ ဒီနေ့ဆိုရင် ၂ လတင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
အဲဒီနှစ်လအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ်နဲ့ မိုင်းထောင်တိုက်ခိုက်တဲ့ တိုက်ပွဲပေါင်း အနည်းဆုံး ၃၉ ပွဲရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ရေးအရ ဗျူဟာကျတဲ့ တံတားအစင်း ၃ဝ ထက်မနည်း မိုင်းခွဲဖျက်ဆီးခဲ့ရာမှာ ဒီနေ့အထိ ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိလို့ ကားလမ်းတွေ ပြတ်တောက်နေပါတယ်။
တိုက်ပွဲတွေအတွင်း မြန်မာအစိုးရတပ်ဘက်က အနည်းဆုံးအယောက် ၃ဝဝ ကျော် ထိခိုက် သေကျေ ဒဏ်ရာရရှိခဲ့ရာမှာ ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး အဆင့် ၃ ဦးအပါအဝင် ၁ဝဝ ထက်မနည်း သေဆုံးခဲ့တယ်လို့ စစ်ဘက်သတင်းရပ်ကွက်အရ သိရပါတယ်။
ကေအိုင်အေဘက်က မိုင်းနဲ့ လက်နက်ငယ်တွေကို အဓိက အသုံးပြုပြီး အနီးကပ် ချုံခိုတိုက်ခိုက်ခဲ့လို့လည်း အခုလို မြန်မာအစိုးရတပ်ဘက်က အများအပြား ထိခိုက်သေဆုံးမှုတွေရှိခဲ့တာလို့ ဆိုပါတယ်။
ကျဆုံးခဲ့ရတဲ့ တိုက်ပွဲဖြစ်စဉ်တွေအရ ဇွန် ၁၆ ရက် ညနေ ၄ နာရီကျော်အချိန်က တနိုင်းနဲ့ နမ္မတီးအကြား လီဒို လမ်းမကြီးပေါ်က ဝရာဇွပ် ကျေးရွာအနီးက တံတားကို ခလရ ၂၉၇ က ဒု-ဗိုလ်မှူးကြီး တင်မောင်စိုး တို့အဖွဲ့က မော်တော်ကားနဲ့သွားရောက်စစ်ဆေးပြီးအပြန်မှာ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေက မိုင်းခွဲတိုက်ခိုက်ခဲ့လို့ ဒုဗိုလ်မှူးကြီး တင်မောင်စိုး မိုင်းထိ ကျဆုံးသွားသလို စရဖအရာရှိ ဗိုလ်ပြည့်ဖြိုးအောင်နဲ့ တပ်ကြပ်တဦး သေနတ် ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။
အလားတူ ဇူလိုင် ၇ ရက်နေ့က ဗန်းမော်ကချီတက်လာတဲ့ ကားတန်းတခုကို မိုးမောက်မြို့နယ်၊ ကျခမ်းဒပ်ကျေးရွာအနီးမှာ မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၃ဝ ဝန်းကျင်လိုက်ပါလာတဲ့ ကားတစီး လုံးဝ ပျက်စီးကာ အားလုံးနီးပါး သေကျေ ဒဏ်ရာရရှိခဲ့ပါတယ်။
ကေအိုင်အေဘက်ကတော့ သုံ့ပန်းအဖြစ်အဖမ်းခံရပြီး အသတ်ခံရတဲ့ ရဲဘော် ၂ ဦး အပါအဝင် ၁ဝ ဦးခန့် ထိခိုက်သေဆုံးခဲ့ရတယ်လို့ ကေအိုင်အေသတင်းရပ်ကွက်အရ သိရပါတယ်။
ကေအိုင်အေဘက်က စစ်ရေးအရ အရေးပါတဲ့ တာပိန်ရေအားလျှပ်စစ်စက်ရုံအနီးက ဘွန်ဆန်တောင်ကုန်းနဲ့ ဆန်ဂါစခန်း၊ ဆင်ဘိုမြို့နယ်ခွဲအတွင်းက တပ်ရင်း ၅ စခန်းတို့ကို လက်လွှတ်ပေးခဲ့ရပါတယ်။
ဇူလိုင် ၁၆၊ ၁၇ ရက်တွေက ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်က တုံဖုံးယန်မြို့နယ်ခွဲ ခါယာ-အောင်ဂျာယန် တိုက်ပွဲတွေအတွင်း ခလရ ၂၁ က ဗိုလ်ကြီးတဦး၊ ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၁ ဦးကို ကေအိုင်အေဘက်က သုံ့ပန်းအဖြစ် ဖမ်းရမိခဲ့ပြီး အခြားနေရာတွေမှာလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိတာတွေရှိပေမယ့် ပြန်လွှတ်ပေးခဲ့ပါတယ်။
မြန်မာအစိုးရဘက်က ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်တဲ့ ကေအိုင်အေ ကိုယ်စားလှယ်တွေအကြား ဇွန် ၃ဝ ရက်နေ့မှာ တကြိမ်၊ ဩဂုတ် ၁ ရက်နဲ့ ၂ ရက်နေ့မှာ တကြိမ် ကေအိုင်အိုထိန်းချုပ်ရာ လိုင်ဇာအနီးက လဂျားယန်မှာ နှစ်ဖက် အပစ်ခတ်ရပ်စဲရေးတွေ ပြုလုပ်ဖို့ ဆွေးနွေးခဲ့တာတွေ ရှိနေတဲ့ကြားက နှစ်ဖက် တိုက်ခိုက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
ဆက်စပ်သတင်းများ