စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် အထက်သီတရာရွာအနီးမှာ တရားမဝင် တမလန်းသစ်တွေ တင်ဆောင်လာတဲ့ ပါဂျဲရိုးကားနှစ်စီးကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။
မတ်လ ၁၀ ရက် မနက် ၃ နာရီ ၂၈ မိနစ်အချိန်က ကောလင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင်ဦးဆောင်တဲ့ အဖွဲ့က မြတ်နိုးသူသစ်ထုတ်ရေး ကားလမ်းမှာ အဖွဲ့ ၂ ဖွဲ့ခွဲ ကင်းပုန်းဝပ်စောင့်ဆိုင်းပြီး မသင်္ကာဖွယ်ကားနှစ်စီးကို ပိတ်ဆို့ဖမ်းဆီးရာမှာ ကားနှစ်စီးလုံး ထွက်ပြေးသွားခဲ့တယ်လို့ ကောလင်းမြို့နယ် ရဲစခန်းက သိရပါတယ်။
ဒီနောက်မှာတော့ ထွက်ပြေးကားနှစ်စီးကို သစ်ထုတ်ရေးကားလမ်းအတိုင်း လိုက်လံဖမ်းဆီးရာ အထက်သီတရာရွာရှေ့ ၃ ဖာလုံခန့်အကွာ လမ်းဘေးမှာ ရပ်ထားတဲ့ ကားနှစ်စီးကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ပိုင်ရှင်မဲ့ ပါဂျဲရိုး ကားနှစ်စီးပေါ်မှာ ၄ သိန်း ၆ သောင်းကျော် တန်ဖိုးရှိ တမလန်း သစ် ၁၉ တုံးကို ဖမ်းဆီးရမိခဲ့ပါတယ်။
အခုလို ပိုင်ရှင်မဲ့ ကားနှစ်စီးပေါ်မှာ တမလန်းသစ်တွေ ဖမ်းဆီးရမိခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ကောလင်းမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးညီညီစိုးက တရားလိုပြုလုပ်တိုင်ကြားခဲ့တာကြောင့် ကောလင်းမြို့မရဲစခန်းက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁) နဲ့ အရေးယူဆောင်နေတယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ – ကိုကိုလင်း(အင်းတော်)