ကလေးငယ်ကို ခရီးဆောင်အိတ်ထဲထည့် သယ်ဆောင်သူ အမျိုးသမီး ဖမ်းဆီးခံရ

ပြင်သစ်နိုင်ငံအခြေစိုက် အဲဖရန့်စ်လေကြောင်းလိုင်း၊ လေယာဉ်တစီးပေါ်မှာ ခရီးဆောင်အိတ်တွင်း ကလေးတဦးကို ခိုးဝှက်သယ်ဆောင်လာတဲ့ အမျိုးသမီးတဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မေရာသတင်းမှာ မတ်လ ၉ ရက်နေ့က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့မှာ အစ္စတန်ဘူလ်မြို့ကနေ ပဲရစ်မြို့ဆီ ထွက်ခွာတဲ့ အေအက်ဖ်-၁၈၉၁ လေယာဉ်ပေါ်မှာ ခရီးဆောင်အိတ်တွင်းပါလာတဲ့ ကလေးငယ်ကို ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေက တွေ့ရှိခဲ့ကြတာပါ။ အဆိုပါကလေးငယ်ဟာ ၁ နှစ်၊ ၂ နှစ်အရွယ်သာ ရှိမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် တကယ်တမ်း စစ်ဆေးလိုက်တဲ့အခါ ၄ နှစ်အရွယ်ရှိနေပြီး လက်မှတ်ဝယ်ယူထားခြင်းလည်း မရှိဘူးလို့ ပြင်သစ်အခြေစိုက် ပလဲနက်သတင်းမှာ ဖော်ပြပါတယ်။ အမျိုးသမီးက ကလေးကို မွေးစားဖို့ သူနေထိုင်ရာ ပဲရစ်မြို့ဆီ ခေါ်သွားဖို့ ကြိုးစားခဲ့တာလို့ လေကြောင်းတာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ပေါ်ရောက်ချိန်မှာ အမျိုးသမီးဟာ ကလေးထည့်ထားတဲ့ ခရီးဆောင်အိတ်ကို သူ့ရဲ့ခုံအောက်မှာ ထားခဲ့တာပါ။ ဒါပေမယ့် ကလေးကို အပေါ့အလေးကိစ္စအတွက် ရေအိမ်ထဲခေါ်သွားဖို့ လိုတာမို့  အိတ်ထဲက လှုပ်ရှားနေတာကို နောက်တခုံကျော်က ခရီးသည်တဦးက သတိထားမိခဲ့လို့ လေယာဉ်အမှုထမ်းတွေကို အကြောင်းကြားခဲ့တာပါ။ အဲဒီအမျိုးသမီးနဲ့ ကလေးငယ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖမ်းဆီးစစ်ဆေးခဲ့ပေမယ့် ဒဏ်ငွေချမှတ်တာတော့ မရှိခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up