Home သုံးသပျခကျြ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအတွက် သမိုင်းသင်ခန်းစာ
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအတွက် သမိုင်းသင်ခန်းစာ
ssa လတ်တလော မြန်မာ့နိုင်ငံရေးအခြေအနေဟာ အရပ်သားလို့ နာမည်တပ်ထားတဲ့ ဦးသိန်းစိန် အစိုးရ တက်လာပေမယ့်လည်း ဘယ်ပြသနာတခုမှ ပြေလည်သွားတယ် ရယ်လို့ မရှိသေးပါဘူး။ ပြည်တွင်းမှာ အန်အယ်လ်ဒီ အပါအဝင် အတိုက်အခံ အင်အားစုတွေနဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း နေရာတိုင်းမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဒီ ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းပါလို့ ပြောတဲ့အခါ ဦးသိန်းစိန် အစိုးရဘက်က တုံ့ပြန်တာကတော့ တခုတည်းပါပဲ။ အဲဒါကတော့ ခု တိုင်းပြည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာရှိနေပြီ၊ အဲဒီ အခြေခံဥပဒေ ဘောင်ထဲကနေ ဖြေရှင်းကြရအောင် ဆိုတာပါ။ သူတို့ပြောတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီက တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ လုပ်စရာ မလိုဘူး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့အတိုင်း ပါတီကို တရားဝင် မှတ်ပုံတင်၊ ပြီးရင် ဒီနှစ်မကုန်ခင် ကျင်းပဖွယ်ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်၊ နောင် ၅ နှစ်ကြာမှာ ကျင်းပမယ့် ရွေးကောက်ပွဲဝင်ပြီး အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်မှ လွှတ်တော်ထဲမှာ စကားပြောဆိုတာမျိုးပါ။
အလားတူ တိုင်းရင်းသား လက်နက်ကိုင်တွေက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတဲ့အခါတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ ရှိနေပြီ၊ ဒါကို လိုက်နာရမယ်။ ဖွဲ့စည်းပုံထဲမှာ ပြဋ္ဌာန်းထားတာက မြန်မာနိုင်ငံမှာ တပ်မတော်တခုတည်းရှိရမယ်။ ဒီတပ်မတော် အရေးအရာတွေကိုလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကသာ စီမံခန့်ခွဲမယ် ဆိုတာမျိုးချည်း ဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရက ပြောပြောနေတဲ့ ဒီနေ့အခြေအနေကို ဘယ်လိုရောက်လာသလဲ။ အတိုက်အခံတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေကရော ဘာတွေ သင်ခန်းစာ ယူသင့်သလဲဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ပြည်တွင်းက နိုင်ငံရေးအခြေအနေကို ပြန်ကြည့်ရင် ဦးသိန်းစိန်အစိုးရ ပြောတဲ့ အန်အယ်လ်ဒီပါတီ အနေနဲ့ တရားဝင်ပါတီ ဖြစ်အောင် မှတ်ပုံတင်ပါ ဆိုတာဟာ အရင် စစ်အာဏာရှင်အစိုးရက လိုသလို ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံခိုင်းတာ ဖြစ်ပါတယ်။ ဒါတင်မက နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေနဲ့ နည်းဥပဒေ၊ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲ ရလဒ်၊ စစ်အာရှင်တွေ လိုသလို ပုံဖော်ထားတဲ့ လွှတ်တော် အားလုံးကို အသိအမှတ်ပြုခိုင်းနေတာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီပါတီရဲ့ ရပ်တည်ချက်ကတော့ စံပြုရလောက်အောင် ရှင်းလင်းပါတယ်။ အန်အယ်လ်ဒီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးဆိုပြီး စစ်အစိုးရက စိတ်ကြိုက် အကောင်အထည်ဖော်ခဲ့တဲ့ အမျိုးသားညီလာခံကစ ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ တဆက်တည်း အမျိုးလားညီလာခံကနေမှ စစ်အာဏာရှင်တွေ တဖက်သတ် ရေးဆွဲပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ဆိုတာကိုလည်း တလျှောက်လုံး ဆန့်ကျင်ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချပြီး ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေနဲ့ တရားမျှတမှု လုံးဝ မရှိတဲ့ ရွေးကောက်ပွဲရလဒ်တွေ အားလုံးကို ဆန့်ကျင်ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီဟာ နိုင်ငံရေးအရ ရပ်တည်ချက် မှန်ကန်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
အခြားတစ်ဖက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်ကို ကြည့်ရအောင်ပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ မြန်မာပြည်မှာ တိုင်းရင်းသားတွေကိုရော ဗမာလူမျိုးတွေအပါအဝင် ဘယ်သူ့ကိုမှ အကျိုးမဖြစ်စေတဲ့ စစ်မက်ဖြစ်ပွားမှုတွေ အဆုံးသတ်သွားရအောင် အပစ်အခတ် ရပ်စဲရေး လုပ်ချင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အဲဒီ ၁၉၉၀ နောက်ပိုင်း နှစ်များမှာ စစ်အစိုးရက ကမ်းလှမ်းတဲ့ အခြေအနေ တခုအောက်မှာ အပစ်အခတ် ရပ်စဲရေး လုပ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို အပစ်အခတ် ရပ်စဲရေး လုပ်ရာမှာ တချို့အဖွဲ့တွေနဲ့ စာချုပ်ချုပ်ဆိုထားခဲ့တာ ရှိသလို တချို့အဖွဲ့တွေနဲ့တော့ နှုတ်ကတိနဲ့သာ အပစ်ရပ်ထားခဲ့ကြတာပါ။ ဆိုလိုတာ ခိုင်လုံတဲ့ မြန်မာပြည်သူပြည်သားတွေ အပါအဝင် ကမ္ဘာကို အသိပေးကြေညာထားတဲ့ လူသိရှင်ကြား သဘောတူညီချက် စာချုပ်မျိုးကိုတော့ ဘယ်အဖွဲ့ကမှ မချုပ်ဆိုနိုင်ခဲ့ကြပါဘူး။
နောက်တချက်ကတော့ အဲဒီအချိန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးဆိုပြီး စစ်အစိုးရက ကျင်းပနေတဲ့ အမျိုးသားညီလာခံကို တက်ခိုင်းတဲ့ ကိစ္စပါ။ ဒီနေရာမှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ လက်နက်ကိုင် ပဋိပက္ခ ပြန်မဖြစ်ရေးကို ရည်ရွယ်ပြီး စစ်အစိုးရ အလိုကျ အမျိုးသားညီလာခံကို တတ်ခဲ့ကြပါတယ်။ အမျိုးသားညီလာခံထဲရောက်တော့လည်း စစ်အစိုးရက ချမှတ်ထားတဲ့ စည်းကမ်းတွေကိုလိုက်နာပြီး တင်ပြစရာရှိတာတွေကို တင်ပြခဲ့ကြပါတယ်။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း စစ်အစိုးရဟာ ဘယ်တိုင်းရင်းသား ဘယ်သူတွေက ပြောတာကိုမှ ဂရုမစိုက်ဘဲ အခြေခံဥပဒေအတွက် အခြေခံရမယ့် မူတွေကို သူတို့ဘာသာသူတို့ တဆင့်ပြီးတဆင့် စိတ်ကြိုက်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်နေနေ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကတော့ အမျိုးသားညီလာခံကို ပြီးဆုံးသည်အထိ တက်ခဲ့ကြပါတယ်။
ဒါတင်မက အဲဒီ ညီလာခံက ရေးဆွဲတယ်လို့ နာမည်ခံထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို ဆန္ဒခံယူပွဲ လုပ်တော့လည်း ဘာတခုမှ ဆန့်ကျင်ကန့်ကွက်တာ မလုပ်ခဲ့ပါဘူး။ အလားတူ စစ်အစိုးရက ရွေးကောက်ပွဲ လုပ်တော့လည်း ဝင်မပါရုံကလွဲပြီး ကန့်ကွက်တာ ဖျက်လိုဖျက်ဆီး လုပ်တာမျိုး ဘာမှ မလုပ်ခဲ့ကြပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ မျှော်လင့်တာကတော့ စစ်အစိုးရက နောင် အစိုးရ တခုကို ဘယ်လိုပဲ ပုံဖော် ပုံဖော် အဲဒီ အစိုးရလက်ထက်ကျရင် တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာနိုင်မယ် ထင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် တိုင်းရင်းသားတွေ မျှော်လင့်တဲ့ အဲဒီ ထင်မြင်ချက် မမှန်ကန်ကြောင်း လက်တွေ့ အခြေအနေတွေအရ သိခဲ့ကြရပြီ ဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အမျိုးသားညီလာခံကို လက်ညှိုးထိုးပြ၊ မကန့်ကွက်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ရလဒ်ကို ကိုင်စွဲပြီး တွေ့ဆုံဆွေးနွေးရေးကို ဥပက္ခာပြု၊ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တရားသဖြင့် ရပ်တည်ပိုင်ခွင့်ကို ခြိမ်းခြောက်လာပြီ ဖြစ်ပါတယ်။
ဒီအတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ သမိုင်းသင်ခန်းစာ ထုတ်ယူဖို လိုပါတယ်။ စစ်အစိုးရပဲ ဖြစ်ဖြစ်၊ စစ်တပ်ကျောထောက်နောက်ခံထားပြီး အရပ်ဝတ် ဝတ်ထားတဲ့ အာဏာရှင် အစိုးရပဲ ဖြစ်ဖြစ် သူတို့နဲ့ ဆက်ဆံရာမှာ နှစ်ဦးသဘောတူညီချက်တွေလောက်နဲ့ မပြီးဘဲ တိုင်းသိ ပြည်သိ ကမ္ဘာသိ သဘောတူညီချက်တွေ လုပ်ထားဖို့ လိုပါတယ်။ ဆွေးနွေးရာမှာလည်း တဦး တယောက် တဖွဲ့တည်း မဆွေးနွေးဘဲ ဘဝတူအားလုံးကို ကိုယ်စားပြုပြီး စကားပြောဆိုနိုင်အောင်ကြိုးစားဖို့ လိုပါတယ်။ အရင် စစ်အစိုးရကို ဆက်ဆံခဲ့တုန်းကလို ပြဿနာ မဖြစ်ရေး တခုတည်းကိုကြည့်ပြီး သဘောမတူတာတွေကို ရေငုံနှုတ်ပိတ် မနေဘဲ မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီပါတီ၊ မြန်မာပြည်သူ ပြည်သားများနဲ့အတူ လက်တွဲ ပါဝင်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
ဆက်စပ်သတင်းများ