တိုက်ခိုက်ခံရမှုအပေါ် အစိုးရက ကေအိုင်အိုကို ပြစ်တင်
DVB
·
August 8, 2011
ကချင်ပြည်နယ် အစိုးရဘက်က ကေအိုင်အိုကို အကြမ်းဖက်တယ်လို့ စွပ်စွဲပြောဆိုချက် အပေါ် ကေအိုင်အိုက ပယ်ချလိုက်ပြီး စစ်ဆင်ရေး ကာလအတွင်း ပစ်ခတ် တိုက်ခိုက်မှုသာဖြစ်ပြီး အကြမ်းဖက်မှု မဟုတ်ဘူးလို့ တုံ့ပြန်လိုက်ပါတယ်။
ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်တဲ့ ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့က အခုလ ၄ ရက်နေ့စွဲနဲ့ ကေအိုင်အေ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်တဲ့ ကေအိုင်အို ညှိနှိုင်းရေးအဖွဲ့ထံ အကြောင်းကြားစာမှာ ဩဂုတ်လ ၂ ရက်နေ့က မိုးမိတ်ကနေ တာပိန် ရေအားလျှပ်စစ် စက်ရုံသွားလမ်းမှာ ပါဂျရိုးယာဉ်ကို ကေအိုင်အေဘက်က တိုက်ခိုက်မှုဟာ အကြမ်းဖက်မှု ဖြစ်တာကြောင့် ပြစ်တင်ရှုတ်ချကြောင်းနဲ့ ပစ်ခတ်မှုတွေ ရပ်ပါလို့ အကြောင်းကြားစာ ပို့ပါတယ်။
ဒီ ပါဂျရိုးကားကို တိုက်ခိုက်မှုမှာ ဒုရဲအုပ်တဦးနဲ့ အရပ်သားငါးဦး သေဆုံးပြီး တဦး ဒဏ်ရာရပါတယ်။
ကေအိုင်အိုက ဒီစာကို ဒီလ ၅ ရက် တုံ့ပြန်ရာမှာ တာပိန်ကနေ ထွက်လာတဲ့ ယာဉ်ကို စစ်ဆေးဖို့ ရပ်ခိုင်းတာကို ဒု-ရဲအုပ်က ပစ်စတိုထုတ်ပြီး မောင်းပြေးတဲ့ အတွက် ပစ်ခတ်တာ ဖြစ်ပြီး တာပိန်ဒေသဟာ စစ်ဖြစ်တဲ့ နေရာဖြစ်လို့ အကြမ်းဖက်ဖြစ်စဉ် မဟုတ်ဘူးလို့ ရေးသားထားပြီး နှစ်ဖက် ဆွေးနွေးမှု ပြီးမြောက်အောင်မြင်ရင် တိုက်ပွဲတွေ ရပ်သွားမှာ ဖြစ်တယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။