မြိတ်တွင် ခရီးသည်တင်ကား တိမ်းမှောက်၊ ၁ ဦး သေဆုံး

မြိတ်မြို့မှာ မတ်လ ၁၀ ရက်နေ့ မနက် ၄ နာရီလောက်က ကော့သောင်းကနေ မြိတ်မြို့ကို မောင်းနင်းလာတဲ့ ရွှေဝယ်ဟိန်းခရီးသည်တင် ကားတစီး တိမ်းမှောက်ခဲ့လို့ ခရီးသည် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ယာဉ်မောင်းအပါအ၀င် ခရီးသည် ၅ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ရွှေဝယ်ဟိန်းခရီးသည်တင်ကားဟာ မြိတ်မြို့ တက်လက်ငယ်ကျေးရွာ၊ တက်လက်ငယ်ချောင်းရိုးတံတား မိုင်တိုင်အမှတ်(၃၁/ ၃၂) အကြား အကျယ် ၁၀ ပေ၊ အမြင့် ၅ ပေရှိ ကွန်ကရစ်တံတားပေါ်မှာ ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်ပြီး ချောင်းထဲ ပြုတ်ကျသွားတာ ဖြစ်ပါတယ်။ အသက် ၄၁ နှစ်အရွယ် မွန်လမြိုင်ဇာတိ ဒေါ်အေးကြည်ဟာ ထိခိုက်ဒဏ်ရာများရကာ မြိတ်ပြည်သူ့ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်မှာ ပါဝင်ခဲ့သူ အမျိုးသားတဦးက ပြောဆိုပါတယ်။ အဆိုပါ ခရီးသည်တင်ကားမှာ ခရီးသည် စုစုပေါင်း ကလေး/ လူကြီးအပါဝင် ၁၄ ဦး စီးနင်းလိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ယာဉ်မောင်းသူဟာ ၀ဲဘက်ခြေသလုံးကျိုးသွားခဲ့လို့ မြိတ်ပြည်သူ့ဆေးရုံမှာ ဆေးကုသခံနေရပြီး၊ ယာဉ်ပေါ့ဆမှုနဲ့ အမှုဖွင့်အရေးယူနိုင်ဖို့ မြိတ်မြို့မရဲစခန်းက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up