ဒု-သမ္မတလောင်း ဦးဟင်နရီဗန်ထီးယူအကြောင်း တစေ့တစောင်း

ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃ မှ အန်အယ်လ်ဒီ ပါတီကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူကို အန်အယ်လ်ဒီပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ထားပါတယ်။ ဦးဟင်နရီဗန်ထီးယူဟာ ၁၉၅၈ ခုနှစ်၊ ချင်းပြည်နယ် ထန်တလန်မြို့ သီးကီးရ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ချင်းပြည်နယ် ထန်တလန်မြို့နဲ့ ဟားခါးမြို့မှာ အခြေခံပညာသင်ကြားခဲ့ပြီး BA/ MA နဲ့ PhD ကို သင်ကြားခဲ့ပေမယ့် PhD ပညာ မပြီးခဲ့ဘူးလို့ ချင်းပြည်နယ် အန်အယ်ဒီ ဥက္ကဋ္ဌ ဦးဇိုဘွဲက ပြောပါတယ်။ ဒါ့အပြင် တပ်ထဲမှာ RA ဥပဒေဘွဲ့လည်း ရရှိခဲ့သူဖြစ်တယ်လို့ ပြောပါတယ်။ ဦးဟင်နရီဗန်ထီးယူ တပ်မတော် စက်မှု ၁ မှာ တာဝန် ၉ နှစ်လောက် ထမ်းဆောင်ခဲ့တယ်လို့  ဦးဇိုဘွဲက ပြောပါတယ်။ “သူက တပ်မတော်မှာ ဗိုလ်မှူးအဆင့်နဲ့ပေါ့လေ။ စက်မှု ၁ မှာ ၉ နှစ် ညွှန်ကြားရေးမှူး လုပ်ခဲ့ တယ်။ အဲဒါနဲ့ ဒု-၀န်ချုပ်ပေးမယ့်အချိန်မှာ သူ့အမျိုးသမီးက ပညာတော်သင်နဲ့ နိုင်ငံခြား သွားတော့ သူလိုက်သွားတယ်။ သူလည်း ဖိလစ်ပိုင်မှာ ပညာသင်ယူပြီးမှ အခု သူ့အမျိုးသမီးက  ဖိလစ်ပိုင်ကနေ နယူးဇီလန်မှာ PhD ဘွဲ့ရတော့မယ်။ သူလည်း မနှစ်က ပြန်လာတာဖြစ်တယ်။” အမှတ် ၁ မှာ ဗာဂျီးနီးယားစက်ရုံ၊ ရုံး ၆ မှာရော ဘီးလင်းအရက်ချက်စက်ရုံမှာပါ ညွန်ကြားရေးမှူးအနေနဲ့ ၉ နှစ်အထိ လုပ်ဆောင်ခဲ့တာလို့လည်း ပြောပါတယ်။ အဲဒီတာဝန်ကနေ ရပ်နားခဲ့တာ ၁၀ နှစ်ကျော်ခဲ့ပြီလို့လည်း ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအနေနဲ့ ချင်းတပြည်နယ်လုံးမှာ ရာနှုန်းပြည့်အနိုင်ရခဲ့ပြီး ချင်းတိုင်းရင်းသားတဦးလည်းဖြစ်၊ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူက အခုလို ဒု-သမ္မတ ရာထားခြင်းခံရတာဟာ ထိုက်သင့်တယ်လို့   ဦးဇိုဘွဲက ပြောပါတယ်။ “ကျနော်တို့ တိုင်းနဲ့ပြည်နယ်အနေနဲ့ အခုက ရခိုင်ရယ်၊ မနှစ်က ရှမ်းက ဒု-သမ္မတလုပ်ပြီ၊ ရခိုင်ကလည်း အမျိုးသားလွှတ်တော်မှာ ဦးအေးသာအောင်ပါတယ်ဆိုတော့ ကျနော်တို့ ချင်းပြည်နယ်ကနေ ဒုသမ္မတလောင်းအနေနဲ့ အရွေးခံရတာကတော့ ထိုက်သင့်ပါတယ်လို့ ကျနော်ထင်ပါတယ်။ ” ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတလောင်းတွေအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးထင်ကျော်နဲ့ ကြံ့ခိုင်ရေးပါတီက ဒေါက်တာ စိုင်းမောက်ခမ်းတို့ကို အဆိုပြုတင်သွင်းပြီး အမျိုးသားလွှတ်တော်မှာတော့ ဒုသမ္မတလောင်းတွေအဖြစ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ဦးဟင်နရီဗန်ထီးယူနဲ့ ကြံ့ခိုင်ရေးပါတီက ဦးခင်အောင်မြင့်တို့ အဆိုပြု တင်သွင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up