ကွန်ပျူတာနှင့် ဂိမ်းပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံ ကွန်ပျူတာကို ရှုံးနိမ့် (ရုပ်သံ)

လူသားဦးနှောက်နဲ့ ကွန်ပျူတာဦးနှောက်တို့ အားပြိုင်ကြတဲ့ တရုတ်ရှေးဟောင်းရိုးရာ ဂိုဂိမ်းပြိုင်ပွဲ ပထမဆုံးပွဲမှာ ကမ္ဘာ့ချန်ပီယံက ကွန်ပျူတာကို ရှုံးနိမ့်သွားပါတယ်။ မတ် ၉ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ ကမ္ဘာ့ချန်ပီယံ တောင်ကိုရီးယားနိုင်ငံသား လီဆီဒေါ နဲ့ ဂူးဂဲလ် (Google) နည်းပညာကုမ္ပဏီရဲ့ DeepMind AlphaGo program တို့ ယှဉ်ပြိုင်ကစားကြတာပါ။ အားလုံး ၅ ပွဲ ကစားရာ ပထမဆုံးပွဲမှာ ကွန်ပျူတာ ပရိုဂရမ်ကို ရှုံးနိမ့်သွားတာပါ။ ဒီ AlphaGo Program နဲ့ ဥရောပချန်ပီယံ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကစားခဲ့တုန်းကလည်း လောလောဆယ် ကွန်ပျူတာတွေက လူသားတွေကို တော်တော်နဲ့ အနိုင်ယူနိုင်ဦးမှာ မဟုတ်ဘူးလို့ တွက်ခဲ့ကြပေမယ့် ကွန်ပျူတာ Program AlphaGo က အနိုင်ရသွားပါတယ်။ ကမ္ဘာ့စစ်တုရင်ချန်ပီယံနဲ့ ကွန်ပျူတာတို့ ယှဉ်ပြိုင်ခဲ့ကြတုန်းက ကွန်ပျူတာက အနိုင်ရရှိခဲ့ဖူးပေမယ့် ဒီ ဂိုကစားနည်းကတော့ ပိုခက်ခဲနက်နဲတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ချန်ပီယံ တောင်ကိုရီးယားနိုင်ငံသားကတော့ ဒီကစားနည်းကို သူ ဘယ်တော့မှ မရှုံးဘူးလို့ ထင်ခဲ့ပေမယ့် အခုလိုရှုံးနိမ့်ခဲ့တော့ အတော်အံ့သြရတယ်လို့ ပြောဆိုပါတယ်။ လီဆီဒေါဟာ အသက် ၁၂ နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ်အဆင့် ၀င်ခဲ့ပြီး ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာ ၁၈ ကြိမ် အနိုင်ရရှိထားပါတယ်။ Alphago ကစားကွက်ဟာ သိပ်ကောင်းလွန်းပြီး လူသားတွေ ဘယ်လိုမှ မကစားနိုင်တဲ့ အကွက်တွေနဲ့ ကစားသွားတယ်လို့ ပြောပါတယ်။ လာမယ့် ရက်တွေအတွင်း လက်ကျန် ၄ ပွဲကို ဆက်ကစားကြမှာဖြစ်ပြီး နိုင်တဲ့သူက ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်း ရရှိမှာဖြစ်ပါတယ်။ ပွဲက မပြီးသေးလို့ ဘယ်သူနိုင်မလဲဆိုတာ အပြတ်တော့ မပြောနိုင်သေးဘူးလို့ လီဆီဒေါက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up