DVB Logo
Home
မြန်မာသတင်း
ရှစ်လေးလုံး အခမ်းအနား မြို့နယ်အသီးသီးတွင် ကျင်းပ
DVB
·
August 8, 2011
ရှစ်လေးလုံး အခမ်းအနား မြို့နယ်အသီးသီးတွင် ကျင်းပ
Donate to DVB

ဒီကနေ့ကျရောက်တဲ့ ၂၃ နှစ်မြောက် သမိုင်းဝင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားတွေကို ရန်ကုန်နဲ့ မန္တလေးအပါအ၀င် မြို့နယ်အသီးသီးမှာ ကျင်းပခဲ့ပါတယ်။

ရန်ကုန်တိုင်း သာဓုပရိယတ္တ​​ စာသင်တိုက်မှာ ၈၈ မျိုးဆက်​ ကျောင်းသားဟောင်းများကနေ ဦးစီးပြီး အခမ်းအနား ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များ အပါအ၀င် ၈၈ မျိုးဆက်ကျာင်းသားဟောင်းများ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များအပါအ၀င် ပရိသတ် ၁၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ အခမ်းအနား စီစဉ်သူတွေက ပြောပါတယ်။

အခမ်းအနားတက်ရောက်သူတွေက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အောင်မြင်စွာ ဖြစ်ပေါ်ရေးတို့ အတွက်  တမိနစ် ငြိမ်သက်ပြီး ဆုတောင်းခဲ့ကြပါတယ်။

ဒါ့အပြင် ရှစ်လေးလုံးအရေးတော်ပုံအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအတွက်လည်း အမျှအတမ်း ပေးဝေခဲ့တယ်လို့ ဆိုပါတယ်။

၈၈ မျိုးဆက်ကျောင်းသူဟောင်း မခင်မိုးအေးက ဒီနှစ်ကျင်းပတဲ့ ရှစ်လေးလုံး အခမ်းအနားမှာ စုစည်းညီညွတ်တာ တွေ့ရတယ်လို့ ပြောပါတယ်။

“ကျမတို့ ဒီနေ့ပွဲလေးကနေပြီးတော့ ရှစ်လေးလုံး မိုးလေထဲမှာ လုပ်ခဲ့တဲ့ တူညီတဲ့စိတ်ဓာတ်တွေ အကုန်လုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဒီမှာ တစုတဝေးတည်း တွေ့ရတာ ကျမတို့က ဒီပွဲမှာ စုစည်းညီညွတ်တဲ့ အင်အားစုတရပ်ကို ပြန်လည်ရရှိတယ်လို့ ကျမတို့စိတ်ထဲမှာ ခံစားရပါတယ်။”

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှာ  ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ဒီမိုကရေစီအရေးလိုလားသူတွေ အောက်မေ့ဖွယ်ဆွမ်းကပ်ပြီး အခမ်းအနား ပြုလုပ်ခဲ့ကြတယ်လို့ မန္တလေး အဖွဲ့ချုပ်ဝင်တဦးက ပြောပါတယ်။

မကွေးတိုင်း ရေနံချောင်းမြို့နယ် အဖွဲ့ချုပ်ရုံးမှာလည်း ၈ လေးလုံး အောက်မေ့ဖွယ် အခမ်းအနားကျင်းပခဲ့ပြီး အဖွဲ့ချုပ်ဝင် ၃၀ တက်ရောက်ခဲ့တယ်လို့ ရေနံချောင်းအဖွဲ့ချုပ်ဝင် ဦးသန်းအောင်က ပြောပါတယ်။

အခမ်းအနားကျင်းပရတဲ့ အကြောင်းအရင်းနဲ့ ဦးသန်းအောင်က

“ဒီ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးဆိုတာက ဗမာတပြည်လုံးမှာ ဒီမိုကရေစီ ဆိုတဲ့ အသံတွေ ဆူညံလာဖို့ ပထမဆုံး စတင်ခဲ့တဲ့ အရေးတော်ပုံကြီး ဖြစ်တယ်။ အဲဒီ အရေးတော်ပုံကြီးမှာ ရဟန်းရှင်လူအပေါင်း ကျောင်းသားပြည်သူ လူထုတရပ်လုံးပါ ပါဝင်ခဲ့တယ်။ အခု ၂၃ နှစ် ကြာတဲ့အချိန်မှာလည်း ရှစ်လေးလုံးမှာ ပါဝင် ပက်သက်ခဲ့တဲ့ သူတွေ၊ ရှစ်လေးလုံးက စပြီးမှ ကိုယ့်ရဲ့ဘ၀တွေ၊ ကိုယ့်ရဲ့ အသက်တွေကို ပေးလှူသွားကြတဲ့ နိုင်ငံရေးမျိုးချစ်စိတ် ရှိတဲ့ ရဲဘော်တွေရဲ့ ဆန္ဒက ဒီနေ့ထိ မပြီးမြောက်သေးဘူးပေါ့။”

ဧရာဝတီတိုင်း ဟင်္သာတမြို့ နယ်မှာလည်း ရှစ်လေးလုံး ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူပြည်သူတွေကို အောက်မေ့တဲ့အနေနဲ့  လူငယ်တွေစုပေါင်း ဆွမ်းကပ်တယ်လို့ လူငယ်တဦးက ပြောပါတယ်။

ဒီလို အလားတူ အခမ်းအနားတွေ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်နဲ့ မြိတ်မြို့နယ်မှာလည်း အဖွဲ့ချုပ်ဝင်တွေက ပြုလုပ်ခဲ့ကြပါတယ်။

ကော့သောင်းမြို့နယ် အနေနဲ့ အဖွဲ့ချုပ်ရုံးမှာ ရှစ်လေးလုံးအခမ်းအနားကို ကျင်းပတာဟာ ဒါ ပထမဆုံး အကြိမ်လို့ အဖွဲ့ချုပ်ဝင် ကိုမြင့်မောင်က ပြောပါတယ်။

ဒီနေ့ မြန်မာပြည်နယ် အသီးသီးမှာ ကျင်းပတဲ့ အခမ်းအနားအတွင်း အာဏာပိုင်တွေဘက်က စောင့်ကြည့်တာကလွဲလို့ တစုံတရာ ဟန့်တား နှောင့်ယှက်တာတွေ မရှိပါဘူး။

ဒီလို အလားတူ အောက်မေ့ဖွယ် အခမ်းအနားတွေကို ပြည်ပနိုင်ငံတွေမှာ ရှိတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက ပြုလုပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013