DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး နိုင်ငံရေးခရီးစဉ်အဖြစ် ပဲခူးမြို့သို့သွားမည်
DVB
·
August 8, 2011
ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး နိုင်ငံရေးခရီးစဉ်အဖြစ် ပဲခူးမြို့သို့သွားမည်
Donate to DVB

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံး နိုင်ငံရေး ခရီးစဉ် အဖြစ်  ဒီလ ၁၄ ရက်နေ့မှာ ပဲခူးမြို့ကို သွားရောက်ဖို့ ရှိနေပါတယ်။

ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ သနပ်ပင်မြို့နဲ့ပဲခူးမြို့မှာ စာကြည့်တိုက်တွေ ဖွင့်လှစ်ပေးဖို့ ရှိနေတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့​ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

“ဒီကနေ ၁၄ ရက်နေ့ မနက် ၆ နာရီ​ ထွက်မယ်။ သနပ်ပင်မှာ စာကြည့်ခန်း​ ဖွင့်ပွဲတခု တတ်ရောက်မယ်။ နောက်ပြီးရင် ပဲခူးမှာ စာကြည့်ခန်းတခု ဖွင့်ပွဲတတ်ရောက်မယ်။ ညနေပိုင်း ပြန်လာမယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး နိုင်ငံရေး ခရီးစဉ်အတွက် လုံခြုံရေးကို အမျိုးသား​ ဒီမိုကရေစီ အဖွဲ့ချုပ်က အဓိက​ တာဝန်ယူမှာဖြစ်ပြီး သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်တွေဘက်ကလည်း ပံ့ပိုးကူညီပေးမယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ NLD ကပဲ တာဝန်ယူရပါမယ်။ ဒါပေမယ်လို့ သက်ဆိုင်ရာ လုံခြုံရေး အာဏာပိုင်တွေနဲ့ ညှိနှိုင်းတဲ့အခါမှာ သူတို့ကလည်း အကောင်းဆုံး ဆွေးနွေး ညှိနှိုင်းပေးပါတယ် ကူညီပေးပါတယ်။”

ဒီခရီးစဉ်အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အဖွဲ့ချုပ်ဝင်တွေ၊ ၈၈ မျိုးဆက်​ ကျောင်းသားတွေနဲ့ လူငယ်ကွန်ရက်ဝင်တွေ လိုက်ပါဖို့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ဟာ ၂၀၀၃ ဒီပဲယင်း အကြမ်းဖက် လုပ်ကြံခံရမှုနောက်ပိုင်း နေအိမ်အကျယ်ချုပ်က ပြန်လည်​ လွတ်မြောက်လာပြီး ၉ လ အကြာမှာ ရန်ကုန်​ ပြင်ပထွက်ခွာမယ့် ပထမဆုံး နိုင်ငံရေး ခရီးစဉ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သားငယ် ကိုထိန်လင်းနဲ့ အတူ မိသားစု ပုဂံဘုရားဖူး ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး ပုဂံနဲ့ ပုပ္ပါးဒေသတွေကို သွားရောက် လေ့လာခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့သစ်ရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ တိုင်းပြည် ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် လက်နက်ကိုင် အင်အားစုတွေကို အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ပြီး ပါဝင်လုပ်ဆောင်မယ့် အကြောင်း ကမ်းလှမ်းခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ အစိုးရအဖွဲ့ ကျင်းပပြုလုပ်မယ့် စီးပွားရေး အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ဖိတ်ကြားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အစီအစဉ် ရှိကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာတော့ သူဦးဆောင်တဲ့ ၁၉၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ကို ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က နိုင်ငံရေးပါတီအဖြစ်က ပျက်ပြယ်ကြောင်း ကြေညာထားပြီး အဖွဲ့ချုပ်ဘက်ကတော့ ပါတီတရားဝင် ရပ်တည်ရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြဖို့ ပြင်ဆင်မှုတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013