Home
မြန်မာသတင်း
ဦးဇခုန်တိန့်ယိန်းအိမ်ရှေ့တွင် ဆန္ဒပြသူများ ရဲစခန်းတွင် အမှုဖွင့်ခံရ
နန်းမြနဒီ
·
March 8, 2016
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အန်ဒီအေကေ ကချင်နယ်ခြားစောင့်တပ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ အိမ်ရှေ့မှာ ပြီးခဲ့တဲ့လက ဆန္ဒပြခဲ့တဲ့  ပတ်ဂျာဆန် (ကချင်လူထု အခြေပြုမူး ယစ်ဆေးဝါးဆန့်ကျင်ရေး ) အဖွဲ့ဝင်တချို့  ရဲစခန်းမှာ အမှုဖွင့်ခံထားရပါတယ်။ ပတ်ဂျာဆန်အဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြို့သစ်ကြီး ရပ်ကွက်မှာ ရှိတဲ့ ဦးဇခုန်တိန့်ယိန်းအိမ်ရှေ့ကို ရောက်ရှိလာပြီး မကြားဝံ့မနာသာ အော်ဟစ်ဆဲဆိုခြင်း၊ နေအိမ်ကို လေးဂွတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ခြင်းကြောင့် နေအိမ်ပြူတင်းမှန်တွေ ပျက်စီးခဲ့တဲ့အတွက် ရဲစခန်းက ပုဒ်မ ၆ ခုနဲ့  မတ်လ ၇ ရက်နေ့မှာ အမှုဖွင့်ခဲ့တယ်လို့ မြစ်ကြီးနားမြို့  အမှတ် (၂) နယ်မြေရဲစခန်း တာဝန်ကျ ဒုရဲအုပ် အောင်ကျော်မင်းက ဒီဗွီဘီ ကို ပြောပါတယ်။ “ဆန္ဒပြသူတွေ လက်ချက်ကြောင့် ပြူတင်းပေါက်မှန် ၆ ချပ်ကွဲသွားတယ်။ ပြီးတော့ အိမ်ရှင်ဂုဏ်သိက္ခာထိခိုက်အောင် အော်ဟစ်ဆဲဆိုတယ်လို့  သူတို့မိသားစုဝင်တွေက မနေ့ က လာပြီး တိုင်ချက်ဖွင့်သွားပါတယ်။ ဒါကြောင့်မို့ ရဲစခန်းကနေပြီး ဆဲဆိုမှု၊ ခဲနဲ့ပေါက်မှု၊  အကျိုးပျက်စီးစေမှု၊ ခြိမ်းခြောက်မှု၊ တဘက်သားဂုဏ်သိက္ခာညှိုးနွမ်းစေမှု စတဲ့ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၆ ခုနဲ့ အမှုဖွင့်ထားပါတယ်။” အခုအမှုဖွင့်တာနဲ့ ပတ်သက်ပြီး ပတ်ဂျာဆန်အဖွဲ့ကိုတော့ အကြောင်းကြားတာ မရှိသေးဘဲ  အဲဒီအဖွဲ့ထဲက ကျူးလွန်သူတွေကိုဘဲ စုံစမ်းဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ သူက ဆက်ပြော ပါတယ်။ အင်အား ၄ ထောင်လောက်ရှိတဲ့ ပတ်ဂျာဆန် (ကချင်လူထုမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့)ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ၀ိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီဒေသရှိ ဘိန်းခင်း တွေ သွားရောက်ဖျက်ဆီးရာမှ  ဘိန်းခင်းပိုင်ရှင်နဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့တွေရဲ့ ခုခံ တိုက်ခိုက်ခြင်းကို ခံရပြီး ၂ ဘက်အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အခုလိုအကြမ်းဖက်မှု ဖြစ်ပွားပြီးတဲ့နောက် မြစ်ကြီးနားမြို့ပေါ်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး ဦးဇခုန်တိန့်ယိန်းရဲ့ နေအိမ်ပါ ထိပါးခံခဲ့ရတာ ဖြစ်ပါတယ်။ ပတ်ဂျာဆန်အဖွဲ့ခေါင်းဆောင်တချို့ကိုလည်း  ကချင်ပြည်နယ်ရဲတပ်ဖွဲက မတ်လ ၃ ရက်နေ့မှာ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024