ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ဆိုလာမီးအိမ်များ အမ်ပီတီ လှူဒါန်း
ပိုင်စိုး
·
March 8, 2016
နိုင်ငံတဝန်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အမ်ပီတီက ဆိုလာမီးအိမ် ၂၀၀၀ ကျော်ကို မတ်လ ၇ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ လုပ်ခဲ့တဲ့ ဖုန်းနံပါတ်အလှတွေ လေလံတင်ရောင်းချရာက ရခဲ့တဲ့ ကျပ် ၂၉၂ သန်းကျော်နဲ့ ခုလို လှူနေတာလို့ အမ်ပီတီက သတင်းထုတ်ပြန်ပါတယ်။
ဒီပွဲကို မန္တလေးတိုင်း ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ကျောင်းထိုင်ဆရာတော်နဲ့ ရန်ကုန်တိုင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အတွင်းရေးမှူး ဆရာတော်တို့ တက်ရောက်ခဲ့ကြပါတယ်။
ဒီလိုလှူတာကို လွန်ခဲ့တဲ့လက စတင်ခဲ့ပြီး မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေက လျှပ်စစ်မီးမရသေးတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို ဆိုလာမီးအိမ် ၈၀၀ ကျော် ပေးပို့ခဲ့ပါတယ်။
မတ်လ ၇ ရက်နေ့ကလှူဒါန်းတဲ့ မီးအိမ် ၂၀၀၀ ကျော်ကို နိုင်ငံတဝန်းက ကျောင်းပေါင်း ၆၀၀ ကျော်ကို ပေးပို့သွားမှာ ဖြစ်ပါတယ်။