ဖုန်းမှထုတ်လွှတ်သည့် ဓာတ်ရောင်ခြည် အန္တရာယ်မှ ကာကွယ်ပေးမည့် အတွင်းခံဘောင်းဘီ

ဓာတ်ပုံ - Getty
အမျိုးသားတွေဟာ ဘောင်းဘီအိတ်ထဲမှာ မိုဘိုင်းလ်ဖုန်းကို ထည့်သွင်း သယ်ဆောင်ချိန် မိုဘိုင်းလ်ဖုန်းမှ ထုတ်လွှတ်တဲ့ ရောင်ခြည်လှိုင်းကြောင့် လိင်ဆက်ဆံချိန် သုတ်ကောင်ထုတ်လွှတ်မှုနည်းတဲ့ ပြဿနာကို ကာကွယ်နိုင်ဖို့ အတွင်းခံဘောင်းဘီတမျိုးကို တီထွင်နိုင်ခဲ့ပြီလို့ မေရာသတင်းမှာ မတ်လ ၆ ရက်နေ့က ဖော်ပြပါတယ်။ “ရတနာသရဖူအတွင်းခံ” လို့ အမည်ပေးထားတဲ့ ဒီတီထွင်မှုကို ဂျာမနီနိုင်ငံ၊ မြူးနစ် စီးပွားရေးကျောင်းထွက် လူငယ် ၄ ဦးဖြစ်ကြတဲ့ မက်သီဆန် (၃၄ နှစ်)၊ ဒန်နီရယ်ဟာတာ (၃၁ နှစ်)၊ နစ်ခ်ပိုင်ပန်ဘာ့ဂ် (၃၁ နှစ်) နဲ့ ဘာနိုဒဲလီးယပ်စ် (၃၄ နှစ်) တို့အဖွဲ့က ပြုလုပ်ခဲ့ကြတာပါ။ မကြာသေးခင်က တွေ့ရှိထားတဲ့ အစ္စရေး သုတေသနစာတမ်းတခုအရ ဖုန်းမှ ထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက် ဓာတ်ရောင်ခြည်တွေဟာ အမျိုးသားတွေရဲ့ သုတ်ကောင်တွေကို ပျက်စီးစေနိုင်တယ်ဆိုတဲ့ တွေ့ရှိချက် နောက်ပိုင်းမှာ ခုလို တီထွင်နိုင်ခဲ့တာလို့ သတင်းက ဆိုပါတယ်။ ဖုန်းမှထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည်တွေကို တိုက်ထုတ်နိုင်ဖို့ တီထွင်ထားတဲ့ ဘောင်းဘီဟာ လက်ဝှေ့သမားတွေ အသုံးပြုတဲ့ ဘောင်းဘီလို ဒီဇိုင်းနဲ့ ငွေဝါယာကြိုးတွေ အတွင်းပိုင်းမှာ ပါဝင်ပါတယ်။ “ငွေရဲ့ အကျိုးကျေးဇူးက လူ့အရေပြားပေါ်မှာ အေးစေပြီး ညင်သာသိမ်မွေ့တဲ့ အခြေအနေကို ဖန်တီးပေးတယ်။ ဓာတ်ရောင်ခြည်တွေ တိုက်ရိုက်ရောက်ရှိခြင်းကနေ ကာကွယ်ပေးနိုင်တယ်” လို့ မိုက်ခရိုဝေ့ဖ် နည်းပညာဆိုင်ရာ ပါမောက္ခ ပီတာပူးက ပြောပါတယ်။ တီထွင်သူတွေထဲက တဦးဖြစ်တဲ့ ပိုင်ပန်ဘာ့ဂ်ကတော့ ဒီတီထွင်မှုကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး ကနဦး ရောင်းချမှု လုပ်နိုင်ဖို့ အားထည့်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up