ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ စစ်သုံးလက်နက်တွေနဲ့ ကျည်ဆန် အမြောက်အများ ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၅ ရက်နေ့က တာ့ခရိုင်ဘက်ကနေ မောင်းနှင်လာတဲ့ အဖြူရောင် ဟိုင်းလပ်ကားဟာ မဲဆောက်မြို့အ၀င် မယ်ပရပ်ကွက် ဘန့်ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်မှာ အစစ်ဆေး မခံဘဲ မောင်းနှင်ထွက်ပြေးခဲ့တာကြောင့် တာဝန်ရှိသူတွေက နောက်ကနေလိုက်လံ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အမှတ် ၄ စစ်တိုင်းဒေသ အထူးတပ်ဖွဲ့၊ မဲဆောက်မြို့မရဲစခန်း၊ အမှတ် ၃၄၆ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက မဲဆောက်မြို့ ဖရထတ်ဖာဒိုင်းရပ်ကွက် အိမ်အမှတ် ၄၂ ၀င်းထဲမှာ ရပ်ထားတဲ့ အဖြူရောင်ဟိုင်းလပ်ကားကို တွေ့ရှိခဲ့ပြီး ၀င်ရောက်ရှာဖွေခဲ့ရာ ကားထဲမှာ ၀ှက်ထားတဲ့ အမ်၁၆ သေနတ် ၁၀ လက်နဲ့ ၁၆ ကျည်ဆံတောင့်ပေါင်း ၃ ထောင်ကျော်၊ အေကေ ဒင်ခေါက် ၇ လက်နဲ့ နောက်ထပ် အမ် ၇၉ အမျိုးအစား ကျည်ဆံတွေကို ဖမ်းဆီးရမိခဲ့တာလို့ အမှတ် ၄ စစ်တိုင်းဒေသ တပ်မဟာမှူး ဗိုလ်မှူးမိုက်သရီး ဆုပ်ရိချားက သတင်းထောက်တွေကို ပြောပါတယ်။
ကားကို ၀င်ရောက်စစ်ဆေးစဉ် ယာဉ်မောင်းက ထွက်ပြေးတိမ်းရှောင်နေပြီး ကားရှေ့ ခန်းမှာတော့ ရဲဝန်ထမ်းအင်္ကျီတစ်ထည်တွေ့ရပြီး အင်္ကျီမှာ တာ့ခရိုင် ရဲတပ်ဖွဲ့မှ အရာခံဗိုလ် အဆင့်ရှိ နိုင်းဆေဆန် ကွန်းကယောက် စာတန်းထိုးပြီး သူဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တာဝန်မှရပ်နားခံရကာ အမှုရင်ဆိုင်နေရသူလို့ ဆိုပါတယ်။
အဆိုပါ လက်နက်တွေဟာ တဘက်နိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ တင်ပို့ရောင်းချပေးဖို့ သယ်ဆောင်လာတာလို့ ယူဆရပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ ရဲဝန်ထမ်းဟောင်းကို ဖမ်းဆီးအရေးယူနိုင်ဖို့ အပူတပြင်းရှာဖွေနေတယ်လို့ ဗျူဟာမှူး ဗိုလ်မှူး မိုက်သရီး ဆုပ်ရိချားက ပြောကြောင်း သတင်းမှာ ဖော်ပြသွားပါတယ်။