ကြွက်အရှင်ကို စားပြခဲ့သည့် ဗွီဒီယိုဖိုင် ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့သူ အမှုရင်ဆိုင်ရ

1.3K
သြစတြေးလျနိုင်ငံသား အမျိုးသားတဦးဟာ ကြွက်အရှင်တကောင်ကို စားပြခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ် တင်ခဲ့တဲ့အတွက် အမှုရင်ဆိုင်နေရတယ်လို့ ဒေးလီးမေးလ်သတင်းမှာ မတ် ၇ ရက်နေ့က ဖော်ပြပါတယ်။
အသက် ၂၄ နှစ်အရွယ် မက်သရူးမယ်လိုနီဟာ ဘရစ္စဘိန်း တရားရုံးမှာ တိရစ္ဆာန် သတ်ဖြတ်ညှဉ်းဆဲမှုနဲ့ အမှုရင်ဆိုင်နေရတာပါ။
သူဟာ “ရူးသွပ်တဲ့ မက်” ခေါင်းစဉ်နဲ့ အင်တာနက်စာမျက်နှာပေါ်မှာ ဆိုးရွားရက်စက်တဲ့ တိရစ္ဆာန် သတ်ဖြတ်ညှဉ်းဆဲတဲ့ အပြုအမူတွေ တင်နေတာကို စုံစမ်းတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ သူ့ရဲ့အိမ်တွင်းမှာ အိမ်မွေးတိရစ္ဆာန် မြွေတကောင်နဲ့အတူ ကြွက်တွေကို သိမ်းဆည်းရမိခဲ့တာပါ။
ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ တင်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ မက်ဟာ အခန်းတံခါးကို တွန်းဖွင့်ဝင်လာကာ ကြွက်ရဲ့ခေါင်းကို ကိုက်ဖြတ်စားသောက်ခဲ့တာ တွေ့ရပါတယ်။
သူဟာ စားသောက်ပြီးချိန်မှာ ဗော့ဒ်ဂါအရက်ခွက်ကို ၃ ကျိုက် မော့သောက်ခဲ့တာကို ရိုက်ပြထားခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင် အညွှန်းမှာတော့ မက်က “ဒီကောင် (ကြွက်) က သေကိုသေရမယ့် ကောင်ပါ။ ကျနော်က ခေါင်းကိုဖြတ်စားလိုက်တယ်။ ကျန်တဲ့အပိုင်းကို ကျနော့်မြွေကို ကျွေးလိုက်တယ်လေ။ အလေအလွင့် မဖြစ်တော့ဘူးပေါ့” လို့ ရေးတင်ခဲ့ပါတယ်။
သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ မက်ရဲ့သူငယ်ချင်းတွေကတော့ ဒဏ္ဍာရီလာ သူရဲကောင်းတဦးသဖွယ် ဂုဏ်ပြုခဲ့ကြပေမယ့် တခြားမှတ်ချက်ရေးသူတွေကတော့ သူ့ရဲ့အပြုအမူဟာ တော်တော့်ကို ဆိုးရွားတယ်လို့ ဝေဖန်ခဲ့ကြတာပါ။
“အပြစ်မရှိတဲ့ သတ္တ၀ါကို သတ်ဖြတ်ပြတာဟာ မင်းရဲ့ တကိုယ်ကောင်းဆန်တဲ့ အပြုအမူပဲ။ လူမဆန်တဲ့ မင်းရဲ့အပြုအမူက တော်တော့်ကို ဆိုးလွန်းတယ်” လို့ ဂျန်ဝှိုက် တရေဗန်က ရေးခဲ့ပါတယ်။
လက်ရှိမှာတော့ သူ့ရဲ့အမှုကို စုံစမ်းစစ်ဆေးဖို့ လာမယ့် ဧပြီ ၆ ရက်နေ့ကို ရွှေ့ဆိုင်းထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။