စိန်တွင်းလုပ်ငန်းအားလုံး ပြန်ချုပ်ကိုင်မည်ဟု ဇင်ဘာဘွေသမ္မတ ပြော

ဇင်ဘာဘွေအစိုးရနဲ့ လာရောက်ဖက်စပ်လုပ်ကိုင်နေတဲ့ စိန်တူးဖော်ရေး နိုင်ငံခြားကုမ္ပဏီတွေဟာ ဇင်ဘာဘွေနိုင်ငံရဲ့ အဖိုးတန်သယံဇာတတွေကို တရားမ၀င် ခိုးထုတ်နေကြတဲ့အတွက် စိန်တွင်းလုပ်ငန်းအားလုံးကို အစိုးရက ပြန်ကိုင်တွယ်တော့မယ်လို့ ဇင်ဘာဘွေသမ္မတက ပြောဆိုပါတယ်။ ဒီစိန်တွင်းဖက်စပ်ကုမ္ပဏီတွေဟာ လူလည်ကျပြီး စိန်တွေ ပြည်ပကို တရားမ၀င်မှောင်ခို ခိုးထုတ်နေကြတယ်လို့ ဇင်ဘာဘွေသမ္မတ မူဂါဘီက အစိုးရရုပ်သံနဲ့ အင်တာဗျူးတခုမှာ စွပ်စွဲပြောဆိုခဲ့တာပါ။ အခုလို စိန်တွင်းလုပ်ငန်းတွေကို အစိုးရက ပြန်ပြီး တာဝန်ယူကိုင်တွယ်တော့ဆိုတော့ ဇင်ဘာဘွေနိုင်ငံမှာ အဓိက ရင်းနှီမြှုပ်နှံနေတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ထိခိုက်နိုင်တယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေကို သမ္မတ မူဂါဘီက ငြင်းဆန်ပါတယ်။ ဇင်ဘာဘွေ နိုင်ငံဟာ ၂၀၁၄ ခုနှစ်က ကမ္ဘာ့အဆင့် ၈၊ စိန် အထုတ်ရောင်းဆုံး နိုင်ငံဖြစ်ပါတယ်။ ဇင်ဘာဘွေ စိန်တွင်းလုပ်ငန်းတွေကနေ အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံအထိ ၀င်ငွေရရှိခဲ့ပေမယ့် ဇင်ဘာဘွေနိုင်ငံအနေနဲ့တော့ ၂ ဘီလီယံပဲ ရတဲ့အတွက် ဘာမှ သိပ်မရခဲ့ဘူးလို့ မူဂါဘီကပြောဆိုပါတယ်။ နိုင်ငံအတွက် အကျိုးရှိအောင် ကိုယ့်ဒေသခံတွေနဲ့ တွဲပြီး ဖက်စပ်လုပ်ကိုင်ခါမှ ကိုယ့်ဒေသခံတွေ ကိုယ်တိုင်ကလည်း ကိုယ့်နိုင်ငံထဲ ဘာတွေဖြစ်နေတယ်ဆိုတာ သိလည်း မသိကြ၊ မြင်လည်းမမြင်ကြတော့ဘူးလို့ မူဂါဘီကပြောဆိုပါတယ်။ ပြီးခဲ့တဲ့လက စိန်တူးဖော်ရေး ကုမ္ပဏီတခုဟာ ကုမ္ပဏီလိုင်စင် သက်တမ်းကုန်ဆုံးလျက်နဲ့ ဆက်လက်လုပ်ကိုင်နေတာ စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် အစိုးရက ပိတ်ပင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up