DVB Logo
Home
မြန်မာသတင်း
ကော့​​သောင်းမြို့​က​ ရ​တ​နာ​ကျွန်းဟိုတယ် အလုပ်သမားများကို ထိုင်း​​ အလုပ်ရှင်က​ နှင်ထုတ်
DVB
·
August 7, 2011
Donate to DVB

ကော့သောင်းမြို့ ရတနာကျွန်းဟိုတယ်မှာ အလုပ် လုပ်နေတဲ့ မြန်မာအလုပ်သမား​ ၇၀​ ကျော်ကို ပိုင်ရှင်ဖြစ်သူက ကျွန်းကနေ ထွက်သွားဖို့ နှင်ထုတ်နေပါတယ်။

ဟိုတယ်ထမ်းတွေက ရသင့်ရထိုက်တဲ့ လုပ်ခ လစာ တိုးတောင်းတဲ့အတွက် လစာတိုးမပေးတဲ့အပြင် အရင်ဖြတ်ထားတဲ့ လစာတွေပါ မပေးတော့ဘဲ ကျွန်းပေါ်ကနေ ထွက်သွားဖို့ ပိုင်ရှင်ဖြစ်သူ ထိုင်းလူမျိုးက နှင်ထုတ်လိုက်တာပါ။ ဟိုတယ်ဝန်ထမ်းတဦး ပြောပြတာက ...

“ကျနော်တို့ အလုပ်ဝင်တာ ၇ လရှိပြီ။ ကျနော်တို့ အလုပ်ရဲ့ ပိုက်ဆံကို ဖြတ်ဖြတ်ထားတယ်။ ကျနော်တို့ မနေ့က အဲလို တောင်းကြတော့ သူတို့က အလုပ်ထုတ်ပစ်တယ်တဲ့။ ကျနော်တို့ရမယ့် လခကိုလည်း သူတို့ မပေးဘူး။ သူတို့ ဖြတ်ထားတဲ့ ပိုက်ဆံကိုလည်း သူတို့ မပေးဘူးလို့လည်း ပြောတယ်။ သူတို့ကပြောတယ် ကျွန်းပေါ်မှာ နေလို့မရဘူး။ အခုချက်ချင်း ထွက်ပေးရမယ်တဲ့။ ကျနော်တို့ ကျွန်းမှာ အလုပ် လုပ်နေတဲ့ သူတွေက မြိတ်ကလူတွေ၊ တာချီလိတ်ကလူတွေ၊ ရန်ကုန်ကလူတွေ အကုန်လုံးကို အလုပ်ထွက်ခိုင်းတော့ ဘယ်လိုလုပ် ထွက်လို့ရမလဲ။ အိမ်ပြန်လက်မှတ် ဘယ်လို စီစဉ်ရမလဲ။ ဘယ်မှာ သွားနေရမှာလဲ။”

ခြောက်လကျော်ရင် လစာတိုးပေးမယ်လို့ ကုမ္ပဏီ စည်းမျဉ်းစည်းကမ်းမှာ ပါလို့ လစာတိုးတောင်းတဲ့ အခါမှာ ခုလို နှင်ထုတ်ခံရတာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားကလပ်လို့ လူသိများတဲ့ ရတနာကျွန်းဟိုတယ်ဟာ ကော့သောင်းမြို့ကနေ စက်လှေနဲ့ နာရီဝက်လောက် သွားရတဲ့ ရေလယ်ကျွန်းပေါ်မှာ တည်ရှိပြီး ဟိုတယ်ပိုင်ရှင်က ထိုင်းလူမျိုး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်က ဟိုတယ်ကြိုပို့ စက်လှေမြုပ်ပြီး ပဲ့နင်းဖြစ်တဲ့ ထိုင်းတဦး သေဆုံးခဲ့ပါတယ်။ အဲ့ဒီစက်လှေနဲ့ အတူပါတဲ့ မြန်မာဝန်ထမ်းတွေ အသက် မသေပေမယ့် ထိခိုက်တာ၊ ပစ္စည်းဆုံးရှုံးတာတွေ ရှိခဲ့လို့ တင်ပြတောင်းဆိုတဲ့အခါ တဦးကို ဘတ်တထောင် ပေးခဲ့ပါတယ်။

ဝန်ထမ်းတွေက မကျေနပ်လို့ ပြောဆိုတဲ့အခါ မြန်မာတွေ အတွက် ထိခိုက်လျော်ကြေးပေးဖို့ မရှိဘူးလို့ ပိုင်ရှင်က တုံ့ပြန်ခဲ့ပါတယ်။ အဲ့ဒီကိစ္စ မပြေမလည် ဖြစ်နေတုန်း အခုတခါ ၀န်ထမ်းတွေက ရသင့်ရထိုက်တဲ့လစာ ထပ်တောင်းဆို တဲ့အခါ မြန်မာဝန်ထမ်းအားလုံးကို ကျွန်းကနေ ထွက်သွားဖို့ နှင်ထုတ်လိုက်တာ ဖြစ်ပါတယ်။

ဟိုတယ်ဝန်ထမ်းတွေဘက်က လိုက်ပါ ဆောင်ရွက်ပေးမယ့် အလုပ်သမား အဖွဲ့အစည်းလည်း မရှိတာကြောင့် မြန်မာအစိုးရအနေနဲ့ ၀င်ရောက် ကူညီဖြေရှင်းပေးစေချင်တယ်လို့ အဲဒီ ဟိုတယ်ဝန်ထမ်းကပဲ ပြောပါတယ်။

“ကျနော်အမြင် ပြောရရင် ဒီကုမ္ပဏီကို မြန်မာအစိုးရပိုင်း အနေနဲ့ သူ့အပိုင်းနဲ့သူ တာဝန်ယူပေးရင်တော့ ကောင်းမယ်လို့ ထင်ပါတယ်။”

ရတနာကျွန်းဟိုတယ်ဟာ မြန်မာပိုင်မြေမှာ ဆောက်လုပ်ထားတဲ့ ဟိုတယ်ဖြစ်ပြီး၊ ကာစီနိုစတဲ့လောင်း ကစားလုပ်ငန်းတွေကို အဓိကထား လုပ်ကိုင်တဲ့ ဟိုတယ် ဖြစ်ပါတယ်။

ဟိုတယ်ဝန်ထမ်း တရာကျော်ရှိပြီး၊ ၇၀ ကျော်က မြန်မာအလုပ်သမားတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အခြေခံလစာက ဘတ် ၄၅၀၀ လောက် ရှိပါတယ်။ ကော့သောင်းမှာ အလုပ်အကိုင်ရှားပြီး ဒီလောက်လစာနဲ့ဆို ၀န်ထမ်း ခေါ်ဖို့ လွယ်တာကြောင့် ပိုင်ရှင်  ထိုင်သူဌေးကခုလို နှင်ထုတ်နေတာ ဖြစ်နိုင်တယ်လို့ မြို့ခံတဦးက သုံးသပ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013