မုံရွာမြို့နယ်က ကျေးရွာပေါင်းစုံ မြန်မာ့ရိုးရာ နွားလှည်းပြိုင်ပွဲ (ရုပ်သံ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ခရတ်ကန်ကျေးရွာမှာ ကျေးရွာပေါင်းစုံ မြန်မာ့ရိုးရာ နွားလှည်းပြိုင်ပွဲ ဗိုလ်ပွဲစဉ်ကို မတ် ၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဆိုပါ နွားလှည်းပြိုင်ပွဲကို မုံရွာမြို့ ဗောဓိတစ်ထောင်သွားတဲ့ လမ်းဘေးရှိ ခရတ်ကန်ကျေးရွာ လယ်ကွင်းပြင်မှာ ကျင်းပခဲ့တာပါ။ ပြိုင်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကျေးရွာတွေသာမက တခြားတိုင်းဒေသကြီးအတွင်းက ကျေးရွာတွေကလည်း လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အဖွဲ့ ၃၀ ထက်မနည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲတွင်း မယှဉ်ပြိုင်ခင်မှာ ပြိုင်ပွဲဝင်နွားတွေကို အချိန်ယူလေ့ကျင့်သင်ကြားပေးခဲ့ရပြီး စိတ်တိုင်းကျပြီဆိုမှ ပြိုင်ပွဲအတွင်း ၀င်ရောက်ယှဉ်ပြိုင်စေတယ်လို့ သိရပါတယ်။ ယှဉ်ပြိုင်တဲ့ နည်းလမ်းတွေကတော့ မချိုးတမ်းကြိုးအကျော့ မောင်းယှဉ်ပြိုင်ပွဲ၊ ချည်ကြိုးအကျော့မောင်းယှဉ်ပြိုင်ပွဲ စတာတွေအပါအ၀င် ယှဉ်ပြိုင်နည်းများစွာနဲ့ ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာတော့ အပ်ချည်ကြိုးကို အပိုင်းသုံးပိုင်းနဲ့ တားထားပြီး အနိုင်ရရှိတဲ့ နွားဟာ ဒီကြိုးကို ပထမဦးဆုံး ခြေနဲ့ ထိတွေ့ဖြတ်သန်းရမှာပဲဖြစ်တယ်။ ပြိုင်ပွဲကို မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပြတာဖြစ်ပြီး မတ် ၂ ရက်နေ့မှ စတင်ကာ ၄ ရက်ကြာကျင်းပပြီးနောက် နောက်ဆုံး ဗိုလ်လုပွဲစဉ်ကို မတ်လ ၅ ရက်နေ့မှာ ပြုလုပ်ကာ ပထမ၊ ဒုတိယနဲ့ တတိယရရှိတဲ့ အသင်းတွေကို ဆုချီးမြှင့်ခဲ့ပါတယ်။ သတင်းရုပ်သံ - ရန်နိုင်စိုး

More News
Up