အင်အားပြင်းငလျင်ဒဏ် ခံခဲ့ရသည့် အင်ဒိုနီးရှားတွင် အခြေအနေ ပုံမှန်ပြန်ဖြစ်

ဓာတ်ပုံ - ရိုက်တာ
အင်ဒိုနီးရှားနိုင်ငံမှာ မတ်လ ၂ ရက်က အင်အားပြင်းငလျင်ဒဏ် ခံခဲ့ရပေမယ့် အခုတော့ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်နေပါပြီ။ ဆူမားတြားကျွန်းကို လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၇ ဒသမ ၈ ရှိခဲ့ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ ဒါပေမယ့် ငလျင်ကြောင့် အဆောက်အဦတွေ ပြိုကျပျက်စီးတာ မရှိသလို လူအသေအပျောက်လည်း မရှိခဲ့ပါဘူး။ ငလျင်ရဲ့ဗဟိုချက်က အနောက်တောင်ပိုင်း ကမ်းခြေမြို့ဖြစ်တဲ့ ပါဒေါင်းမြို့ကနေ မိုင် ၅၀၀ ကျော်အကွာ၊ မြေအောက် ၁၅ မိုင်အကွာ ဖြစ်ပါတယ်။ ဆူမားတြားဟာ ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာ ဆူနာမီဒဏ်ကို ခံခဲ့ရတဲ့ဒေသ ဖြစ်ပါတယ်။ အခုတခေါက်မှာလည်း ငလျင်ကြီးအပြီးမှာ နောက်ဆက်တွဲငလျင် ၆ ကြိမ်လောက် လှုပ်ခဲ့ပေမယ့် ဆူနာမီ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေ မရှိဘူးလို့ နိုင်ငံရဲ့ သဘာဝကပ်ဘေး ကြိုတင်ကာကွယ်ရေးဌာနက ကြေညာပါတယ်။ ၂၀၀၄ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ဆူနာမီတုန်းက ငလျင်ပြင်းအား ၉ ဒသမ ၁ ကျော်ကျော် ရှိခဲ့ပြီး ပေ ၆၀ နီးပါးမြင့်တဲ့ လှိုင်းလုံးတွေ ကမ်းခြေကို ၀င်ရောက်ခဲ့ပါတယ်။ အာချေးပြည်နယ် တခုတည်းမှာ လူပေါင်း ၁ သိန်း ၂ သောင်းကျော် သေဆုံးခဲ့ရပါတယ်။ အင်ဒိုနီးရှားဟာ ပစိဖိတ်ဒေသထဲ ငလျင်ကျော်ပေါ်မှာ တည်ရှိပြီး အသက်ဝင်ပေါက်ကွဲနိုင်တဲ့ မီးတောင်တွေ တည်ရှိရာ ဒေသထဲမှာ ကျရောက်နေပါတယ်။

More News
Up