တပို့တွဲ၌
ပေါက်လဲငုံကင်း
ထန်းရည်ငယ်နင်း
နှင်းထုံထုံ ငယ်နှင့်လေး။
တပို့တွဲလ ရောက်နေပြီ။ မြန်မာ့ ဆယ့်တလမြောက်ဟာ တပို့တွဲ။ တပို့တွဲလရဲ့ ရိုးရာပွဲတွေက မီးပုံပွဲနဲ့ ထမနဲပွဲ (ယာဂုပွဲ) ပေါ့။ ခုဆို ထမနဲ (ယာဂု) ပွဲတွေ နေရာတိုင်းလိုလို တွေ့နေရပြီ။ ကြည့်ပါ။ ထမနဲထိုးပွဲဟာ လူတွေစုပြီး အားကောင်းမောင်းသန် လုပ်ကိုင်နေမှ ပြီးမြောက်တတ်တယ်။ ပူးပေါင်း စုစည်း ညီညာ ညီညွတ်တဲ့ သင်္ကေတ။ အဲ့ဒါကြောင့် တပို့တွဲလဟာ ညီညွတ်မှု သင်္ကေတလည်းဖြစ်တယ်။ တပို့တွဲလပြည့်နေ့ဟာ သြ၀ါဒပါတိမောက် အခါတော်နေ့ပါ။ ဘုရားရှင်က လက်ျာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာနဲ့ လက်ဝဲရံ အဂ္ဂသာဝက အရှင်မောဂ္ဂလာန်တို့ကို ရာထူးအပ်နှင်းတဲ့ နေ့ကလည်း တပို့တွဲလပြည့်။ ဒါ့အပြင် တပို့တွဲလပြည့်မှာ ဘုရားရှင်ကို နံ့သာထင်းတွေနဲ့ မီးရှို့ပူဇော်တဲ့ မီးဖုန်းသဘင်လည်း ကျင်းပကြသေးတယ်။ မြန်မာပြည်ကို တနှစ်အတွင်း လွတ်လပ်ရေး ရစေခဲ့တဲ့ အောင်ဆန်း – အက်တလီစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့လ။ စစ်ဘုရင်တပါးဖြစ်တဲ့ ရာဇဓိရာဇ်ကို မွေးတဲ့လ၊ ပညာရှိအမတ်ကြီး ဦးပေါ်ဦး မွေးတဲ့လလည်း ဖြစ်နေသေးပါရဲ့။ လွတ်လပ်ရေး၊ ဒီမိုကရေစီအရေး တိုက်ပွဲဝင်ခေါင်းဆောင် ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ထောင်တွင်း ကျဆုံးခဲ့တာလည်း တပို့တွဲမှာပါ။ အဲ့သည်လို ထူးခြားနေ့တွေရှိခဲ့တဲ့ တပို့တွဲဟာ ဘာအဓိပ္ပာယ်လဲ။ စွယ်စုံကျမ်းမှာ ဖော်ပြထားတာကတော့။
တပို့တွဲလ။ ။ တပို့တွဲလသည် မြန်မာလများတွင် ဆယ့်တလမြောက်လဖြစ်သည်။ တပို့တွဲလဟု ခေါ်ခြင်းမှာ ထန်းဖူး ထန်းခိုင်တို့ တွဲညွှတ်သော ရာသီဖြစ်၍ ခေါ်တွင်ခြင်းဖြစ်သည်ဟု မှတ်ယူကြသည်။ ကျောက်စာအရေးအသား၌ တပို့တွဲကို တပိုဝ်ထွယ်၊ တပိုဝ်ထွဲ၊ တပိုဝ်တွဲ၊ တပိုဝ်တွယ်၊ တပိုဝ်ထွယ်ဟု ရေးသားလေ့ရှိသည်။ ဗေဒင်အခေါ်အားဖြင့် ကုံရာသီဟု ခေါ်သည်။ ထိုရာသီတွင် မာဃနက္ခတ်စန်းနှင့်ယှဉ်၍ မွန်းတည့်သည်။ ရာသီရုပ်မှာ ရေထမ်းသမား ဆင်းရဲသားပုံ။ ရာသီပန်းမှာ ပေါက်ပွင့်၊ လဲပွင့်၊ လက်ပံပွင့်တို့  ဖြစ်သည်။
တပို့တွဲလတွင် ထမနဲပွဲ ကျင်းပကြသည်။ ကောက်ညှင်းစပါးသစ် ပေါ်ချိန်တွင် အရပ်ရပ်၌ ထမနဲထိုး၍ ကျွေးမွေး လှူဒါန်းလေ့ ရှိကြသည်။ ထိုလတွင် နံနက်စက် ၆.၂၀ တွင် နေထွက်လေ့ရှိ၍ ညနေ ၅.၄၀ အချိန်တွင် နေ၀င်လေ့ရှိသဖြင့် ညတာမှာ နေ့တာထက် ပို၍ရှည်သည်။ ဆီးနှင်းကျသောရာသီဖြစ်၍ ချမ်းအေးသည်။
ထိုလတွင် ရက်မစုံ လကွယ် ဖြစ်သောကြောင့် ၂၉ ရက်သာရှိသည်။ တပို့တွဲ ကျွဲချိုဖျား ဆတ်ဆတ်ခါသည် ဟူ၍လည်းကောင်း၊ “နှာရည်ယိုရွဲတပို့တွဲ” ဟူ၍လည်းကောင်း တပို့တွဲလတွင် အလွန်ချမ်းအေးလှကြောင်း ဆိုရိုးပြုလေ့ ရှိကြသည်။
ထမနဲပွဲ (ယာဂုပွဲ)
တပို့တွဲလ၊ ကုံသို့ကျ၊ မာဃထွန်းစမြဲ၊
ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံယာဂုပွဲ။ ။
ထမနဲကို ယာဂုလို့လည်းခေါ်တယ်။ ကောက်ညှင်း၊ အုန်းသီး၊ ဂျင်း၊ နှမ်းဆီနဲ့ နှမ်းတွေထည့်ရတာမို့ နှမ်းမနဲလို့လည်း ခေါ်ကြတယ်။ တပို့တွဲလမှာ ထမနဲပွဲတွေ ကျင်းပကြပါရဲ့။ ထမနဲထိုးတဲ့အခါ ထည့်တဲ့ပစ္စည်းတွေ အချိန်အဆမှန်မှန် ထည့်ထိုးရင် စားလို့ကောင်းလှတယ်။ “ကုံရာသီမာသ၊ သဘာဝရွှင်စွာ။ ထာဝရစဉ်လာ၊ များသူငါချိမ့်သဲ။ ညာဇမ္ဗု သာဓုခေါ်အောင်၊ ယာဂုတော်ကြိုဆောင်သည့်ပွဲ။ စားတော်ရ ဆန်ပေါက်ဝါ၊ လေးပြည်သာထည့်မြဲ။ ချိန်ပိဿာ လျှံကြည်ရွှဲအောင်လို့၊ နှမ်းဆီလဲထည့်ပြန်။ မြေပဲဆန် အဋ္ဌ သုညငယ်နှင့် ဒွတ္တံသ တိလဗီဇံ။ အုန်းသီးစိပ် ကျပ်ဝီသံငယ်၊ လောနတံ ချိန်သတ်နှင့်။ ဂျင်းနုဖတ် သိင်္ဂီမျှင်ရွှေ၊ သုံးကျပ်မသွေ၊ နည်းစဉ်ဆက် သမုဆွေငယ်၊ ဥပဒေ မော်ကွန်းပလေး။ ။” ဆိုတဲ့ တေးထပ်အရ ကောက်ညှင်း ၄ ပြည်ကို ရေဆေး၊ ဆီ တပိဿာ ဒယ်အိုးထဲထည့်၊ ဂျင်း ၃ ကျပ်သားဆီသတ်၊ ကောက်ညှင်းတွေထည့်၊ ကောက်ညှင်းနပ်ရင် ကြေအောင် ယောင်းမရှည်တွေနဲ့နှဲ၊ မြေပဲ ၈၀ ကျပ်သား၊ နှမ်း ၃၂ ကျပ်သား၊ အုန်းသီးစိတ် ၂၀ ကျပ်သား၊ ဆား ၇ ကျပ်သား၊ နှံ့အောင်မွှေရင် ထမနဲ ဖြစ်ပြီပေါ့။
ထမနဲက အပူစာ၊ ဆီနိုင်တဲ့အစာ ဖြစ်တယ်။ ချမ်းအေးတဲ့ တပို့တွဲမှာ အဆီခန်းချိန်မို့ ဆီနိုင်တဲ့ ထမနဲစားရင် စိုပြည်လာပြီး အပူဓာတ်ရတယ်လို့ ယူဆကြတယ်။ မဟာနရီကွန်ချာ ဆေးကျမ်းထဲမှာ ပထ၀ီပျက်သူတွေ ထမနဲ စားသင့်တယ်လို့ ပါတယ်။
တပို့တွဲလဘွဲ့
ရာသီချိန် ခါရောက်လို့
လဲပေါက်ကယ်ပွင့်ညီ။
ရွှေဖီနံ့သာနှင့်
ခြောက်ရောင်ဝါ စေတီရင်းမှာလ
ဆယ်စင်းလက်စုံပူး၊
ဦးမြှောက်လို့ချီ။
ငွေနှင်းရယ်စီ၊
သုံးလီသမယ။
ယူဇနာ
မြင့်မြတ်ကယ် သင်္ချာနှင့်၊
ယုဂန်ညာ တောင်တော်စွန်းမှာ၊
ထွန်းလိမ့်မာဃ။ (ဖိုးသူတော်ဦးမင်း)
သြ၀ါဒပါတိမောက် အခါတော်နေ့ (တပို့တွဲလပြည့်)
ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်တွေထဲ တပို့တွဲလပြည့်နေ့ဟာဖြင့် သြ၀ါဒပါတိမောက် အခါတော်နေ့ ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတိုက်မှာ ရဟန္တာပေါင်း ထောင်ချီတက်ရောက်တဲ့ ‘ပထမသံဃသန္နိပါတ’ ပထမဆုံး သံဃာ့အစည်းအဝေး တပို့တွဲလပြည့်နေ့မှာ ကျင်းပခဲ့တယ်။ အဲ့ဒီမှာ ဘုရားရှင် အဆူဆူရဲ့ ဆုံးမစကား သြ၀ါဒပါတိမောက်ကို (ပထမဆုံး) ချီးမြှင့်တော်မူခဲ့တယ်။ အလားတူ လက်ျာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာနဲ့ လက်ဝဲရံ အဂ္ဂသာဝက အရှင်မောဂ္ဂလာန်တို့ကို ရာထူးအပ်နှင်းတဲ့နေ့လည်း ဖြစ်တယ်။
မီးဖုန်းသဘင်ပွဲ (တပို့တွဲလပြည့်)
ရဟန်းတို့ကို ၀ိနည်းတော်အရ မီးမလှုံရန် ဘုရားက တားမြစ်ထားတော်မူပေမယ့် တပို့တွဲလနဲ့ တပေါင်းလကြား ကူးပြောင်းတဲ့ ကြားရက်တွေဟာ အေးလွန်းတာမို့ ဒီရက်တွေမှာ မီးလှုံခွင့် ပြုတော်မူခဲ့ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ရွှေလက်ကင် မီးလှုံခဲ့ဖူးတာကို မှတ်ယူပြီး ဒီနေ့ထိ နံ့သာထင်းတွေကို တပို့တွဲလပြည့်နေ့တိုင်း မီးရှို့ပြီး မီးဖုန်းသဘင် ကျင်းပနေကြမြဲပါ။ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာဆိုရင် တပို့တွဲလပြည့်တိုင်း မီးပုံပွဲကို ကျင်းပနေပါတယ်။ ကျုံဒိုးမြို့ ဓမ္ဓ္မသုခကျောင်းမှာ ပွဲကျင်းပပုံကို ကရင်စာရေးဆရာ မန်းသင့်နောင်က “ကရင်ပြည်နယ်အလှ” စာအုပ်မှာ ဒီလိုရေးထားတယ်။ “တပို့တွဲလပြည့်မတိုင်ခင် လဆန်း ၈ ရက်ကစ မီးပူဇော်မယ့်သူတွေဟာ စင်းလုံးချော သက်ရင်းပင်တွေခုတ် အခွံနွှာ နနွင်းနဲ့သုတ်ပြီး သုံးဆင့် စည်းနှောင်ထားကြတယ်။ ပြီးတော့ မီးပုံပွဲနေရာမှာ လာစုပုံကြတယ်။ မြေကွက်လပ်မှာ မီးတိုင်တွေထူဖို့ အတောင် ၃၀ ရှည် ဥရူတိုင်ကြီး ၅ တိုင် စိုက်ထားတယ်။ အဲ့ဒီကိုမှီပြီး ထင်းစည်းတွေ စိုက်ထူကြတယ်။ တပို့တွဲလပြည့်နေ့ မနက် ၄ နာရီမှာ ဆရာတော်က ရှိခိုးဆုတောင်းပြီး မီးစရှို့တယ်။ လူတွေကလည်း နီးစပ်ရာကို စရှို့ကြတယ်။” ဒါ ကရင်ပြည်နယ် တပို့တွဲလပြည့် မီးပုံပွဲအကြောင်းပါ။ မြန်မာပြည်က တခြား မြို့ရွာတွေမှာလည်း အလားတူ ကျင်းပကြမြဲ။
အောင်ဆန်း- အက်တလီစာချုပ် (တပို့တွဲလဆန်း ၆ ရက်၊ ၁၃၀၈ ခုနှစ် ရေးထိုး)
လက်မှတ်ထိုးပြီးတာနဲ့ တနှစ်တွင်း လွတ်လပ်ရေး အကောင်အထည်ဖော်ရမယ့်စာချုပ် ဖြစ်တယ်။ ဒီစာချုပ်ကို အဲ့ဒီအချိန်က ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ နန်းရင်းဝန် အက်တလီခေါင်းဆောင် ဗြိတိန်နိုင်ငံ အစိုးရအဖွဲ့တို့ မြန်မာနှစ် ၁၃၀၈ ခုနှစ် တပို့တွဲလဆန်း ၆ ရက် ခရစ်နှစ် ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ စာချုပ်ကို လန်ဒန်မြို့ ဒေါင်းနင်းလမ်း၊ အမှတ် ၁၀ မှာ လက်မှတ်ထိုးခဲ့ကြပါတယ်။
မွန်စစ်ဘုရင် ရာဇဓိရာဇ် ဖွားတော်မူလ (မြန်မာ ၇၁၁ ခုနှစ်၊ တပို့တွဲဆန်း ၆ ရက်)
ရာဇဓိရာဇ် (၇၁၁-၇၈၃) ဟာ မွန်သမိုင်းမှာ (မဂဒူး) ၀ါရီရူမင်းဆက်ရဲ့ အထက်မြက်ဆုံး ဘုရင်၊ သူရဲကောင်းတွေကို ချစ်ခင်လေးစားတဲ့မင်းအဖြစ် မှတ်တမ်းတင်ခံရသူပါ။ ပဲခူးမှာ နန်းစိုက်တဲ့ မုတ္တမဘုရင် ဗညားဦးနဲ့ သီရိမာ မိဘုရားတို့က မြန်မာသက္က္ကရာဇ် ၇၁၁ ခုနှစ် တပို့တွဲလဆန်း ၆ ရက်နေ့မှာ မွေးဖွားပါတယ်။ ရာဇဓိရာဇ် ငယ်နာမည်က ဗသုန်ဗန်စက် (လျှာမှာစက်ပါသူ) ဖြစ်တယ်။ ဗညားနွဲ့လို့လည်းခေါ်တယ်။ ဖခင် ဗညားဦး ဘုရင်ဖြစ်နေချိန် ရာဇဓိရာဇ်မင်းသားဘ၀မှာတုန်းက အရီးတော် မဟာဒေ၀ီရဲ့ အကောက်ကြံခံရပြီး ပဲခူးနေပြည်တော်ကနေ ဒဂုံ (ရန်ကုန်) ကို ထွက်ခွာနေထိုင်ခဲ့ရဖူးတယ်။ သက္က္ကရာဇ် ၇၄၅ ဖခင် နတ်ရွာစံချိန် ပဲခူးကို အလွယ်တကူ ပြန်သိမ်းပိုက်ခဲ့တယ်။ ရာဇဓိရာဇ် (ပဲခူး) – (အင်းဝ) မင်းကြီးစွာစော်ကဲ၊ သားတော် မင်းခေါင်တို့ရဲ့ စစ်ပွဲကြီးဟာ နှစ် ၄၀ ကြာ ဖြစ်ပွားခဲ့တာ အထင်အရှားပါ။ ၇၈၃ ခုနှစ်မှာ အင်းဝ ဘုရင်မင်းခေါင် နတ်ရွာစံပြီးနောက် စစ်ပွဲရပ်သွားသလို၊ အဲ့ဒီနှစ်မှာပဲ ရာဇဓိရာဇ်ဟာလည်း တောကစား ဆင်ဖမ်းရင်း နတ်ရွာစံရတယ်။ ရာဇဓိရာဇ်ဟာ ဆင်စီး၊ မြင်းစီး၊ စစ်ထိုး၊ စစ်ဆင်ပညာတွေ ကျွမ်းကျင်လွန်းသတဲ့။ အမတ်ဒိန်မဏိရွတ်၊ ဗိုလ်မင်းဗြာတ်စ၊ လဂွန်းအိမ်၊ သမိန်ဗရမ်း စတဲ့ မွန်သူရဲကောင်းတွေဟာ ရာဇဓိရာဇ် လက်ထွက်တွေပါ။
အမတ်ကြီး ဦးပေါ်ဦး (သူ့ချည်းပဲလား- ဆားနဲ့ပါဘုရား)
အမတ်ကြီး ဦးပေါ်ဦးကို မြန်မာသက္ကရာဇ် ၁၁၂၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက်၊ တနင်္ဂနွေနေ့ ဖွားမြင်တယ်။ ဦးပေါ်ဦးဟာ အမရပူရမြို့တည် ဘကြီးတော်မင်း၊ ဘိုးတော်မင်းနဲ့ ရွှေဘိုမင်း သုံးဆက် မှီခဲ့သူ ဖြစ်တယ်။ ဦးပေါ်ဦးဟာ စာတတ်၊ ပေတတ်၊ ကျမ်းတတ် ပညာရှိ ဟာသဉာဏ်ရွှင် မှတ်ဉာဏ်ကောင်းသူ ဖြတ်ထိုးဉာဏ်ရွှင်သူလို့ ကျော်ကြားခဲ့တယ်။ ဘိုးတော်ဘုရင်နဲ့ အနီးကပ်ဆုံး နေခဲ့သူလို့လည်း ဆိုတယ်။ ဒါကြောင့် မင်းအဆက်ဆက်ကို လျှောက်တင်ခဲ့တဲ့ ပေါ်ဦးလျှောက်ထုံးတွေဟာ အလွန်ထူးဆန်း ထင်ပေါ်နေခဲ့တယ်။ ဒီနေရာမှာ ပေါ်ဦးလျှောက်ထုံး များစွာထဲက “သူ့ချည်းပဲလား – ဆားနဲ့ပါဘုရား” ကို ပြောပြလိုက်မယ်။ အချိန်တခုမှာ ဘိုးတော်ဦးဝိုင်း ဘုရင်က ဟဲ့။ ပေါ်ဦး။ ဥတကာဥ ဘယ်ဥ အကောင်းဆုံးလဲ။ မေးတော်မူတဲ့အခါ။ ပေါ်ဦးက ချက်ချင်းမဆွ လိပ်ဥပါဘုရားလို့ ဖြေလိုက်တယ်။ နောက်ထပ် ရက်အနည်းငယ်ကြာမှ ဘုရင်က ဟဲ့ ပေါ်ဦး။ သူ့ချည်းပဲလားလို့ မေးတော်မူတဲ့အခါ ပေါ်ဦးကလည်း ချက်ချင်းပင် ဆားနဲ့ပါဘုရားလို့ ပြန်ဖြေခဲ့လို့ သတိကောင်းလှချည့်၊ မှတ်ဉာဏ်ကောင်းပေ့လို့ ဦးပေါ်ဦး ချီးကျူးခံရဖူးတယ်။
ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်
လွတ်လပ်ရေး၊ ဒီမိုကရေစီရေး တိုက်ပွဲခေါင်းဆောင် ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ထောင်တွင်းကျဆုံးခဲ့တာလည်း တပို့တွဲမှာပါ။ ဦးခင်မောင်မြင့်ဟာ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်၊ မြန်မာက္ကရာဇ် ၁၃၅၄ ခုနှစ် တပို့တွဲလပြည့်ကျော် ၁၀ ရက် အင်္ဂါနေ့က ထောင်တွင်းမှာ ကျဆုံးသွားခဲ့ပါတယ်။ ကွယ်လွန်ချိန် ၆၃ နှစ် ရှိပါပြီ။ သူ့ကို ၁၉၂၉ ဒီဇင်ဘာ ၁၁ ရက်က ဒေးဒရဲမြို့၊ သဲကုန်းရွာမှာမွေးတယ်။ အသက် ၁၄ နှစ်မှာ ဖက်ဆစ်တော်လှန်ရေးထဲ ပါခဲ့သူ။ ဖက်ဆစ်တော်လှန်ရေး ခေါင်းဆောင်ကြီး သခင်စိုးနဲ့ ဗိုလ်နေ၀င်းတို့ကြား ဆက်သားအဖြစ် ဆောင်ရွက်ခဲ့သူ။ ဒါပေမယ့် နောက်ပိုင်းမှာ မဆလပါတီ ခေါင်းဆောင်ကြီး ဦးနေ၀င်းဆီက အကူအညီ အထောက်အပံ့ လုံးဝ မယူခဲ့သူ ဖြစ်တယ်လို့ မိသားစု အသိုင်းအ၀ိုင်းက တဆင့် သိခဲ့ရတယ်။ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဖြစ်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် မကြာခဏ အဖမ်းခံခဲ့ရဖူးတယ်။ ၈၈၈၈ မှာ ပါဝင်ခဲ့ပြီး ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၉ မှာ ပြည်သူ့တိုးတက်ရေးပါတီကို ပြန်လည်ထူထောင်ပြီး ဥက္ကဋ္ဌတာဝန် ယူပါတယ်။ ၁၉၈၉ ဇွန် ၂၅ မှာ စစ်အာဏာဖီဆန်ရေးကိစ္စနဲ့ အဖမ်းခံရတယ်။ စစ်ခုံရုံးက ထောင် နှစ် ၂၀ ချလိုက်ပြီး ထောင်တွင်းမှာပဲ တပေါင်းလပြည့်ကျော် ၁၀ ရက်မှာ ကျဆုံးတယ်။
ဗိုလ်အောင်ကျော် ရာပြည့်
နယ်ချဲ့စစ်ပုလိပ်ရိုက်လို့ ကျဆုံးခဲ့သူ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ဆိုရင် မြန်မာသက္ကရာဇ် ၁၂၇၇ ခုနှစ် တပို့တွဲလဆုပ် ၈ ရက် တနင်္ဂနွေနေ့မှာ မွေးဖွားခဲ့ပါတယ်။ အခုနှစ် ၂၀၁၆ ဖေဖော်ဝါရီ ၂၇ ဟာ ကိုအောင်ကျော် နှစ် ၁၀၀ ပြည့်ပါ။ တပို့တွဲအကြောင်း ရေးဖွဲ့သီရင်တော့ တပုံတပင် ဆက်ရှိဦးမှာပါ။ အခုတော့ တပို့တွဲလဖွဲ့ ကဗျာလေးဖတ်ရင်း အဆုံးသတ်ခွင့်ပြုကြပါ။
ပေါက်လဲရယ်တဲ့ ပွင့်စီစီ။
ဝတ်ပန်းသူရာရေကြောင့်
ဆက်ရက်တွေ သံစုံကြူးတယ်
မြူးသည့်ရာသီ။
ငွေသော်တာ ကြယ်မာဃငယ်နှင့်
ထွန်းလျှံပ ပြည့်ကာညီ
ပြာရီလဲ့ မြူခိုး။
ယာဂုပွဲကိုတဲ့
လှူမြဲအလွန်ရွှင်လို့
ခုနှစ်စဉ် တာရာလျှမ်းသည်နှင့်
ဆူးပန်းတွေ ဝေေ၀ပွင့်ကြတယ်
ထူးတင့်မညှိုး။ ။
မောင်တူး
ကိုးကား –
၁။ ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ပြောကြားခဲ့သော ဟောပြောချက်များ – မြနန္ဒာစာအုပ်တိုက်
၂။ ဦးပေါ်ဦး၏ စကားအင်္လကာ စာအုပ်
၃။ ဆယ့်နှစ်လရာသီပန်းများနှင့် ပွဲတော်များ။ (ခင်မျိုးချစ်၊ ဂျူနီယာဝင်း) – ဒေါင်းစာပေ
၎။ မြန်မာ့စွယ်စုံကျမ်း မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း၊ ရန်ကုန်မြို့ – စာပေဗိမာန်
၅။ မြန်မာ့ဆယ်နှစ်လအကြောင်း (မောင်ထင်) – ပါရမီစာပေ