ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်ရဲ့ အလှကြောင့် စစ်သားတွေ ဓာတ်ပုံရိုက်တာလို့ပြောတဲ့ ထိုင်းစစ်တပ်လက်ထောက်ခေါင်းဆောင် ပရာဝစ် ဝေါင်ဆုဝမ်ကို ဝေဖန်တဲ့ နိုင်ငံရေးသမား တရားစွဲခံရပါတယ်။
ဖေဖော်ဝါရီ ၂၉ ရက်က ယင်လတ်နောက်ကို စစ်သားတွေက လိုက်ပြီး ဘာကြောင့် ဓာတ်ပုံရိုက်နေသလဲဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကို ပရာဝစ်က လှလို့ ဖြစ်နိုင်ကြောင်း ဖြေကြားခဲ့တဲ့ မှတ်ချက်ကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
လိင်ပိုင်းဆိုင်ရာ ကွဲပြားမှုကို ချိုးနှိမ်ပြီး ယင်လတ်အပေါ် မှတ်ချက်ပေးတယ်လို့ ပရာဝစ်ကို လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်ကနေ တဆင့် ဝေဖန်တဲ့ ပြူထိုင်းပါတီဝင် ဘဏ္ဍာရေး ၀န်ကြီးဟောင်း ၀မ်တနာမောင်ဆွတ်ကို တရားစွဲထားတယ်လို့ ရဲတပ်ဖွဲ့က မတ် ၃ ရက်က ပြောပါတယ်။ ရဲတပ်ဖွဲ့က ကွန်ပျူတာ ရာဇ၀တ်မှု ဥပဒေနဲ့ စွဲဆိုလိုက်တာ ဖြစ်ပါတယ်။
ပရာဝစ်ဟာ ယင်လတ်နဲ့ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာ ကွဲပြားမှုကို ချိုးနှိမ့်ပြောဆိုတဲ့ မှတ်ချက်တွေ ပေးလေ့ရှိတယ်လို့ ၀မ်တာနာက စွပ်စွဲပါတယ်။ ဒါ့အပြင် စစ်တပ်ကိုလည်း ယင်လတ်နောက်လိုက်နေတာ ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

ရဲတပ်ဖွဲ့က ၀မ်တာနာကို ဒီမှတ်ချက်ကြောင့် တရားစွဲဆိုထားသလို အာမခံနဲ့ လွှတ်ထားတယ်လို့ ရဲထောက်လှမ်းရေးက ပြောပါတယ်။
ထိုင်းရဲ့ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ် ယင်လတ်ခေါင်းဆောင်တဲ့ ပြူထိုင်းပါတီဟာ ၂၀၁၁ ခုနှစ် ဇူလိုင် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ ဒီနောက်မှာတော့ စစ်တပ်က အာဏာသိမ်းယူခဲ့ပါတယ်။
ယင်လတ်ဟာ လိင်ပိုင်းဆိုင်ရာကို အခြေတည်တဲ့ စွပ်စွဲပြောဆိုချက်တွေရဲ့ ပစ်မှတ်လည်း ဖြစ်လာပါတယ်။