Home
မေးမြန်းခန်း
တွေ့ဆုံဆွေးနွေးပွဲတခု ဖြစ်နိုင်သေးတယ်လို့ပဲ မျှော်လင့်ထားဆဲပါ - ဒေါက်တာအေးမောင်
အေးနိုင်
·
March 4, 2016
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံးမှာ အဖွဲ့ချုပ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေကို ၀န်ကြီးချုပ်တွေအဖြစ် ခန့်အပ်တာဝန်ပေးအပ်ဖို့ လျာထားတယ်လို့ ပြောခွင့်ရသူ ဦးဝင်းထိန်က မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ ရခိုင်အမျိုးသားပါတီရဲ့ ဇန်န၀ါရီလ ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ် အစိုးရကို ဦးဆောင်ခွင့်မရရင် အခြား မည်သည့်အစိုးရ အဖွဲ့အစည်းမှာမဆို ပါဝင်ခြင်း မပြုဘဲနဲ့ အတိုက်အခံပါတီတခုအဖြစ် ရပ်တည်သွားမယ်လို့ သတိပေးခဲ့တယ်။ ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်အများဆုံး ရရှိထားပြီး ပြည်ထောင်စုလွှတ်တော်မှာ တတိယမြောက် ကိုယ်စားလှယ်အများဆုံး ရရှိထားပါတယ်။ ဇန်န၀ါရီလက ရခိုင်အမျိုးသားပါတီရဲ့ ကြေညာချက် ၁/၂၀၁၆ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွေ့ဆုံညှိနှိုင်းဖို့အတွက် ပါတီက ကိုယ်စားလှယ် ရွေးချယ်ထားပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူ့လွှတ်တော် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ၁၃၅ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၄၇၅ ဦး၊ တိုင်းရင်းသားလူမျိုး ၂၁ ဦး အနိုင်ရရှိခဲ့ပြီး စုစုပေါင်း ၈၈၆ ဦး ရွေးကောက်တင်မြှောက်ခံရပါတယ်။ ရခိုင်အမျိုးသားပါတီဟာ ပြည်သူ့လွှတ်တော် ၁၂ ဦး၊ အမျိုးသားလွှတ်တော် ၁၀ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၂၅ ဦး၊ စုစုပေါင်း ၄၀ ဦး ရွေးကောက်တင်မြှောက်ခံရပါတယ်။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလလယ်ပိုင်းက ရခိုင်နယ်က တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦး ရခိုင်အမျိုးသားပါတီကို ပူးပေါင်းဝင်ရောက်တာကြောင့် ၄၁ ဦး ဖြစ်ပါတယ်။ နောက်ဆုံးဖြစ်ထွန်းမှုနဲ့ပတ်သက်လို့ ဒီဗွီဘီက ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ဆက်သွယ်မေးမြန်းပါတယ်။ တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံးက ၀န်ကြီးချုပ်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေကိုပဲ တာဝန်ပေး ခန့်အပ်ဖို့ လျာထားတယ်လို့ အန်အယ်လ်ဒီက ထုတ်ပြောခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို ရခိုင်အမျိုးသားပါတီက မဖြစ်နိုင်တော့ဘူးပေါ့။ ဒီအပေါ် သဘောထား သိပါရစေ။ “ကျနော်တို့က ကြေညာချက်အတိုင်းပဲ သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြေညာချက် ထုတ်ထားတယ်ဆိုတာ အများနဲ့ ထုတ်ထားတာပါ။" ကြေညာချက်ထုတ်တဲ့ ကာလနောက်ပိုင်း ဒီကြားထဲမှာ အန်အယ်လ်ဒီနဲ့ ညှိနှိုင်းဖြစ်ကြသေးလား။ “ညှိခြင်းကလည်းပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ပဲ ပတ်သက်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တွေ့ဆုံဖို့အတွက် သူတို့မှာလည်း တာဝန်တွေ အင်မတန်ကြီးကြတာကိုး။ အဲဒီတော့ တွေ့ဆုံဆွေးနွေးပွဲတခု ဖြစ်နိုင်သေးတယ်လို့ပဲ ကျနော်တို့က ခုထိ မျှော်လင့်ထားဆဲပါပဲ။” အစိုးရသစ်က ပေါ်ပေါက်လာဖို့ လပိုင်းတောင် မကြာတော့ဘူးပေါ့နော်၊ ဒီကြားထဲမှာ တွေ့ဆုံပွဲဖြစ်နိုင်သေးတယ်လို့ မျှော်လင့်နေဆဲလား။ “မှန်တယ် ကျနော်တို့ သွားချင်ရင် ခရီးပေါက်ပါတယ်။ တွေ့ချင်ရင် အလွယ်လေးပါပဲ၊ ချိန်းလိုက်ရုံပဲ။ ကျနော်တို့ မြန်မာနိုင်ငံတွင်းမှာ ရှိကြတာကိုး။” အပြင်လူတွေ အကဲခတ်မိနေတဲ့ထဲက တခုဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ အေအန်ပီကြားထဲမှာ တယောက်က တယောက်ကို စပြောခြင်း မပြောခြင်း (ကမ်းလှမ်းခြင်း) ဆိုတဲ့ ဒီလိုမျိုး အသေးအမွှား ကိစ္စလေးနဲ့များ ဆိုင်တယ်လို့ ခန့်မှန်းရင် မှန်လား။ “မမှန်နိုင်ဘူး အဲဒီလိုခန့်မှန်းရင်။ ကျနော်တို့ နားလည်တာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က အချိန်က အတော်လုနေရတယ်ဗျ။ ကျနော်တို့နဲ့ ပွင့်ပွင့်လင်းလင်းပြောရင် တနာရီလောက်တွေ့ရင် ရပါတယ် ဟုတ်လား သဘောက၊ ဘယ်လိုဖြတ်သန်းကြမလဲ။ ဖြတ်သန်းတဲ့အခါမှာ ကျနော်တို့ကတော့ မျှော်လင့်တာပေါ့။ ခင်ဗျားတို့လည်း သဘောပေါက်ပါတယ်နော်၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းဟာ အင်မတန်လည်း တိမ်မယောင်နဲ့ နက်တယ်ဗျ၊ လွယ်မယောင်နဲ့လည်း ခက်တာပေါ့။ အဲဒီတော့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ကျနော်တို့ နှစ်ပိုင်းမြင်တာပေါ့။ ပထမတပိုင်းက စစ်တပ်-အရပ်ဘက် ဆက်ဆံရေးဗျ။ ဒုတိယတပိုင်းက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလို့ ပြောနေကြတဲ့ တိုင်းရင်းသားချင်း ချစ်ကြည်ပြီးမှ စစ်မှန်တဲ့ ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ ယုံကြည်မှုတည်ဆောက်တာ။ အဲဒီတော့ အပိုင်း ၁ က အရေးကြီးတဲ့ အခါကျတော့ တပ်မတော်နဲ့ ယုံကြည်မှုကို တည်ဆောက်နေဆဲဖြစ်တဲ့ အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်ကို ကျနော်တို့ အလေးအနက်လည်း ထားပါတယ်။ အချိန်ပေးတာကိုလည်း ကျနော်တို့က ကျေးဇူးတင်ပါတယ်။ စစ်တပ်-အရပ်ဘက် ဆက်ဆံရေးက အင်မတန် အရေးကြီးပါတယ်။ အဲဒီတော့ ဒုတိယပိုင်းက ကျနော်ခုနပြောတဲ့ တိုင်းရင်းသားချင်း ပြန်လည်သင့်မြတ်ရေးပါ။ "ဒီကဏ္ဍကို ပြန်ပြောရင် ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး) က စမှာပေါ့။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပြီးခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ အဆုံးပေါ့နော်။ အခု အန်အယ်လ်ဒီ ပြည်ထောင်စုပါတီကြီး တခုကလည်း ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ကိုင်စွဲပြီးမှ ကျနော်တို့နဲ့အတူ စစ်မှန်တဲ့ပြည်ထောင်စုကို သွားမယ်ဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်လာပြီပေါ့ဗျာ။ အဲဒီလမ်းကြောင်းလေးမှာ အတိမ်းအစောင်း မခံနိုင်တဲ့ အနေအထားတွေလည်း ရှိပါတယ်။ အထူးသဖြင့် ပြည်နယ်ပေါင်း ၇ ခု ရှိပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံအရ ပြည်နယ်က တမျိုးပေါ့။ ၇၄ ကတမျိုး၊ အခု ၂၀၀၈ ကတမျိုးပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြည်နယ်ရဲ့ရပိုင်ခွင့် အင်မတန်နည်းပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာ သေးသေးလေးတခုကိုတောင်မှ သမ္မတခွင့်ပြုမှ ပေးရမှာကိုး။ အဲဒီတော့ ဒီသေးသေးလေးတခုကို ကျနော်တို့သွားချင်တဲ့ စစ်မှန်တဲ့ ပြည်ထောင်စုဆိုတဲ့ ကဏ္ဍလေးကို ဖြတ်တဲ့အခါမှာ ကျနော်တို့က လှေကားထစ်တခုကို ခိုင်ခိုင်နင်းပြီးမှ သွားချင်တဲ့သဘောပါ။ "အဲဒီတော့ ကျနော်တို့ ရခိုင်အမျိုးသားပါတီ၊ ခင်ဗျားတို့လည်း သိပါတယ်။ ပြည်ထောင်စုပါလီမန်ထဲမှာ တတိယအင်အားအကြီးဆုံး အနိုင်ရခဲ့တယ်။ ဘာကြောင့်အနိုင်ရခဲ့သလဲ၊ ပြည်သူတွေ ထောက်ခံလို့။ ပြည်သူဆိုတာ ရခိုင်ပြည်သူကို ပြောတာပါ။ ဒီလိုပဲ ရခိုင်ပြည်နယ်ပါလီမန်ကြီးကို ကျနော်တို့က ထိန်းချုပ်ထားနိုင်ပြီ၊ ရခိုင်ပြည်နယ်ပါလီမန်မှာ အများဆုံး၊ ဘာကြောင့်လဲ ရခိုင်ပြည်သူလူထု ထောက်ခံလို့။ အဲဒီတော့ ဒီမိုကရေစီနည်းနဲ့ပြောရင် ရခိုင်ပြည်နယ်ထဲမှာပြောရင် ကျနော်တို့ပါတီကို လူထုထောက်ခံမှုအများဆုံး။ ဒါကြီးကို အသိအမှတ်ပြုတဲ့ ပြည်ထောင်စုပါတီကြီး ဖြစ်စေချင်တယ်။ အဲဒီလိုပဲ ဘာမှ မည်မည်ရရ ပေးမထားတဲ့ ဖွဲ့စည်းပုံပါ အခွင့်အရေးဟာ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်မှာ မပါဘူး။ သို့သော်လည်း ဒီသေးသေးလေးကို ကျနော်တို့ ပြင်ဖို့လိုအပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဘောင်ထဲက ပေးရဲတဲ့သတ္တိ ပြည်ထောင်စုပါတီ အမည်ခံထားတဲ့ အန်အယ်လ်ဒီမှာရှိတဲ့ ခြေလှမ်းလေးနဲ့ ကျနော်တို့ ဖြတ်ချင်တယ်။ အဲဒီခြေလှမ်းလေးတွေ အားလုံးဟာ ဘာကိုသွားပြီး ဦးတည်နေသလဲဆိုရင် ကျနော်တို့ပြောနေကြတဲ့ ၄၇ ပင်လုံစာချုပ်နောက်ဆက်တွဲ ပြည်ထောင်စုတည်ဆောက်မှု ပြဿနာ၊ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး ပြဿနာ အဆုံးအထိ ဟုတ်လား ကျနော်တို့ သွားနေတဲ့လမ်းကြောင်း သဘောပေါက်မယ်ဆိုရင် ဒီကာလလေး ဒီအရွေ့လေးမှာ ရခိုင်အမျိုးသားပါတီဆိုတာ တခုတည်း မမြင်စေချင်ဘူး။ ရခိုင်အမျိုးသားပါတီကဲ့သို့သော ကျန်တဲ့ပြည်နယ် ၆ ခုရဲ့ အမျိုးသားပါတီကြီးများရဲ့ ပြန်လည်ပေါင်းစည်းမှု လုပ်နေတဲ့ ကဏ္ဍလေးတွေကို သတိချပ်စေချင်တယ်။ အခု ကရင် ၅ ပါတီ ပေါင်းပြီးပြီ။ ၂၀၁၅ ခံစစ်ကြောင်း ကျိုးသွားတဲ့ တိုင်းရင်းသားပါတီ အားလုံးဟာ ၂၀၂၁ မှာ ဖြစ်လာမယ့် အခင်းအကျင်းမှာ ညီညွတ်မှုလမ်းကြောင်းနဲ့ ပြန်ကာဖို့ လုပ်နေကြပြီ။ "အဲဒီတော့ ရခိုင်အမျိုးသားပါတီရဲ့ လက်ရှိ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကြိုးစားခြင်းသည် တိုင်းရင်းသား ၆ ပြည်နယ် တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားလူမျိုးများ အားလုံးရဲ့ ရှေ့ကနေ  ကျနော်တို့ ပြည်ထောင်စုကို ဘယ်လိုသွားမလဲဆိုတဲ့ လမ်းကြောင်းလေးတခုကို ပုံဖော်ဖို့ ကြိုးစားတာဖြစ်တယ် ဆိုတာကို သဘောပေါက်ရင်၊ ရခိုင်အမျိုးသားပါတီ၊ ရခိုင်ပြည်နယ်ဆိုတဲ့ အ၀န်းအ၀ိုင်းပြင်ပကို ထွက်ပြီးမှ ကျန်တဲ့ တိုင်းရင်းသားပြည်နယ် ၆ ခုရဲ့ ဆန္ဒလည်း ဒီအတိုင်းပဲရှိမှာပဲဆိုတဲ့ အသိလေးနဲ့ ဒီကာလမှာ ဖြတ်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားအားလုံးနှင့်အတူ လက်တွဲပြီး ပြင်နိုင်မှာပေါ့ဗျာ။ အန်အယ်လ်ဒီကလည်း မကြိုက်တဲ့ ဖွဲ့စည်းပုံ၊ ကျနော်တို့ကလည်း မကြိုက်တဲ့ ဖွဲ့စည်းပုံ။ အဲဒီဖွဲ့စည်းပုံရဲ့အကျပ်အတည်း ပုဒ်မ ၂၆၁ ကို လိုသလိုဆွဲပြီးမှ ပြည်ထောင်စုပါတီကြီးက ခုနပြောသလို ခန့်ပိုင်ခွင့်ရှိတယ်ဆိုပြီး ကိုယ့်လူကိုယ်ခန့်တာ လုပ်ခဲ့မယ်ဆိုရင် ၁ အချက် ကျနော်တို့ ဘာကိုသုံးသပ်ရမလဲဆိုရင် ရခိုင်ပြည်နယ် အုပ်ချုပ်ရေး ယန္တရားသည် အင်မတန်ခက်ခဲတဲ့ အနေအထားမှာ ရှိမရှိ၊ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးယန္တရားသည် ပြည်ထောင်စုယန္တရားအတွက် တစိတ်တဒေသနဲ့ တော်တော်များများ ကဏ္ဍကို လာမယ့်ကာလလေးမှာ အထိအခိုက် မခံနိုင်တဲ့ အနေအထားမှာ ရှိမရှိ ပြန်သုံးသပ်ရမှာပေါ့။ အဲဒီတော့ သူ့ဇာတ်ကောင်ရှိမယ်၊ ကိုယ့်ဇာတ်ကောင်ရှိမယ်။ အဓိက အန္တိမရည်မှန်းချက်သည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးမှုနဲ့ ပြည်ထောင်စု တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုရေးပဲ။ အဲဒီတော့ ကိုယ့်ဇာတ်ကောင်က ရခိုင်ပြည် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်တယ်၊ အဓိကဖန်တီးနိုင်တဲ့ ရခိုင်လူထုနဲ့ နီးစပ်တယ်ဆိုရင် ကိုယ့်ဇာတ်ကောင်ကို ရွေးသင့်တာပေါ့။ သို့မဟုတ် သူ့ဇာတ်ကောင်သည် ခုနက ပြည်ထောင်စုတည်ငြိမ်ရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ရခိုင်လူထုနဲ့ နီးစပ်တာမို့လို့ လာမယ့် ၅ နှစ်တာကာလအတွင်းမှာ အင်မတန် တည်ငြိမ်တဲ့ အစိုးရတရပ်၊ ပြည်ထောင်စုကို ပံ့ပိုးနိုင်တဲ့ အနေအထားမှာရှိရင် ဒါ ကျနော်တို့ ပါတီစွဲထက်၊ ပုဂ္ဂိုလ်စွဲထက် ကိုယ့်ဇာတ်ကောင်အပြင် သူ့ဇာတ်ကောင်ကို ဒီဖွဲ့စည်းပုံအရ ရွေးခဲ့မယ်ဆိုရင် ရွေးလမ်းဟာ မှန်သွားမှာပေါ့။ အဲဒီသဘောနဲ့ ချဉ်းကပ်ရင်ပေါ့ဗျာ ကျနော်ထင်တယ် ကျနော်တို့ တွေ့ဆုံဆွေးနွေးပြီးမှ အဖြေတခုကို ရှာမယ်ဆိုရင် ရနိုင်ပါတယ်။ အလျှော့အတင်းဆိုတာ နှစ်ဘက်စလုံးမှာ ရှိသင့်ပါတယ်။” အနိုင်ရပါတီက တိုင်းနဲ့ပြည်နယ်လွှတ်တော် ၁၄ ခုမှာ ၁၂ ခုမှာ အများစုနိုင်တယ်။ ရခိုင်မှာ အေအန်ပီနိုင်တယ်။ ရှမ်းမှာ ပြည်ခိုင်ဖြိုးနိုင်တယ်။ ရခိုင်မှာ ၀န်ကြီးချုပ်ခန့်အပ်ရင် ပြည်ခိုင်ဖြိုးကိုလည်း ၀န်ကြီးချုပ်ခန့်သင့်တယ်၊ မပေးသင့်ဘူးလားဆိုတဲ့ တွက်ချက်မှုက အန်အယ်လ်ဒီအတွက် စဉ်းစားရာမှာ အကျပ်အတည်း မဖြစ်နိုင်ဘူးလား။ ရှမ်းပြည်နယ်နဲ့ နှိုင်းယှဉ်ရင်။ (တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေရဲ့ ဥက္ကဋ္ဌတွေ၊ ဒု-ဥက္ကဋ္ဌတွေ ရွေးချယ်ရာမှာ ရှမ်းပြည်နယ်လွှတ်တော်မှာ အက်စ်အန်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုး မဲခွဲရာမှာ ပြည်ခိုင်ဖြိုးက ရရှိ။ ကချင်ပြည်နယ်လွှတ်တော်မှာ အန်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုး မဲခွဲရာမှာ အန်အယ်လ်ဒီရရှိ။ ရခိုင်ပြည်နယ်မှာ မဲခွဲစရာမလိုဘဲ ရခိုင်အမျိုးသားပါတီကပဲ ရွေးခံရ။) “ရှမ်းပြည်နယ်နဲ့ယှဉ်ရင်လည်း တမျိုးပါပဲ။ သို့သော်လည်းပဲ ကျနော်တို့ ပြန်သုံးသပ်ဖို့ လိုတာပေါ့။ အမျိုးသားပြည်နယ်ဖြစ်တယ်၊ ရှမ်းပြည်နယ်ကို ပြည်နယ်တခုအသွင်သဏ္ဌာန်နဲ့ ရှမ်းတွေ များရာစုနေတဲ့ ပြည်နယ်လို့ သတ်မှတ်ခဲ့မယ်ဆိုရင် ဒီပြည်ထောင်စုပါတီများရဲ့ ပါဝင်မှုကို နောက်ကို ပို့ပေးရမှာပေါ့။ ဒါဟာ ပြည်ထောင်စု ပြန်လည်ခိုင်မြဲမှု၊ တနည်းအားဖြင့် စစ်မှန်တဲ့ပြည်ထောင်စုကို သွားလိုမှုရဲ့ ကနဦးခြေလှမ်းအဖြစ် ဒါဟာ နှစ်ဘက် ယုံကြည်နိုင်တာပေါ့ဗျာ။ အဲသလိုပဲ ရခိုင်မှာလည်း ဒီအတိုင်း သတ်မှတ်နိုင်တာပေါ့။ အဲဒီတော့ ရှမ်းပြည်နယ်ကို ထူးခြားစွာ ပြန်သုံးသပ်လို့ရှိရင် ကျနော်တို့ ရှမ်းပါလီမန်မှာ တပ်မတော်က တော်တော်များတယ်ဗျ ၃၄ ဦး ဖြစ်နေတယ်။ ပြည်ခိုင်ဖြိုးက ၃၃ ဦး၊ အက်စ်အန်အယ်လ်ဒီက ၂၄ ဦး၊ အန်အယ်လ်ဒီက ၂၁ ဦးပဲရတယ်။ ကျန်တဲ့ဟာက ပအို့ဝ်တို့၊ ဓနုတို့၊ ကိုးကန့်တို့ ၀ တို့ ပါမှာပေါ့။ တအာင်းတို့ ပါမှာပေါ့။ ကျန်တဲ့ပါတီတွေအားလုံးက ပြည်ခိုင်ဖြိုးကို ထောက်ခံလိုက်တဲ့သဘော ဖြစ်သွားတယ်။ ပါလီမန်ဥက္ကဋ္ဌ ရွေးပွဲမှာလေ။ ဘာကြောင့် ရှမ်းပြည်နယ်ရဲ့ တိုင်းရင်းသားပါတီလေးတွေက အန်အယ်လ်ဒီ၊ အက်စ်အန်အယ်လ်ဒီကို မထောက်ခံဘဲနဲ့ ရှမ်းပြည်နယ်ဥက္ကဋ္ဌ ရွေးတဲ့အခါမှာလေ။ ဘာကြောင့် ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံခဲ့သလဲ ဆိုတာလေးကို အဖြေတခု ကျနော်တို့ ထုတ်ဖို့လိုမယ်။ ဘာကြောင့်လဲဆို တိုင်းရင်းသားပါတီအားလုံးက လက်ရှိအခြေအနေမှာ ၅၀ ကျော်လောက်ရှိတယ်ဗျ။ ဘာကြောင့်ဖြစ်သလဲ ၅၀ ကျော်။ ကိုယ့်အမျိုးသားပြည်နယ်လေးတွေကို နှစ်ပေါင်း ၆၉ နှစ်ရှိပြီ ကိုယ်တို့ကိုယ်တိုင် ပုံဖော်ဖန်တီးပိုင်ခွင့် မရှိခဲ့တဲ့ အကျပ်အတည်းကြောင့် ပါတီလေးတွေ ရှင်သန်ဖို့ ကြိုးစားနေကြတာ။ အဲဒီအခါမှာ ပြည်မပါတီဖြစ်တဲ့ အနိုင်ရတဲ့ အန်အယ်လ်ဒီပါတီ ရှမ်းပြည်နယ်မှာဆိုရင် အင်အားအကြီးဆုံးဖြစ်တဲ့ အက်စ်အန်အယ်လ်ဒီကို ဘာကြောင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးတဲ့အခါမှာ ဘာကြောင့်မဲမပေးဘဲနဲ့ မကြိုက်ဘူးဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးခဲ့တဲ့ ပုဂ္ဂိုလ်တွေကို တနည်းအားဖြင့် ကြံ့ခိုင်ရေးပါတီကို မဲပေးပြီးမှ တင်မြှောက်လိုက်ကြသလဲ၊ အဲဒီတခု ထူးခြားချက်ကို တွေ့ပါလိမ့်မယ်။ နောက် ရခိုင်အမျိုးသားပါတီ၊ ရခိုင်ပါလီမန်မှာ အန်အယ်လ်ဒီပါတီဘက်က မယှဉ်နိုင်ခဲ့ဘူးဗျ။ ပြိုင်ပြီးတော့ ရွေးရင်လည်းပဲ ရှုံးမယ့်အနေအထား ရှိမှာပေါ့။ အဲဒီအခါမှာ မပြိုင်ဘဲနဲ့ ခုနလို ပြိုင်သူမဲ့ အေအန်ပီပါတီ နိုင်သွားတယ်ဆိုတာ ဒါ အခြေအနေတခုပါ။ အန်အယ်လ်ဒီဘက်က ပေးလို့ အေအန်ပီပါတီဘက်က ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရသွားတာမဟုတ်ဘူး။ အဲဒီတော့ ဒါကတော့ တပိုင်းပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့သုံးသပ်ရမှာက မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ဖြတ်တဲ့အခါမှာ တိုင်းရင်းသား ချစ်ကြည်မှု ခိုင်မြဲဖို့ လိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ အင်မတန် အရေးကြီးတာကိုး။ အဲဒီတော့ ပါလီမန်မှာ ၇၅ ရာခိုင်နှုန်းလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နောက် ပြည်ခိုင်ဖြိုး စသဖြင့် ပြည်မပါတီတွေက မရနိုင်ဘူးဆိုတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို အားလုံးလက်ခံဖို့ လိုပါတယ်။ အဲဒီအခါမှာ မဟာမိတ်ကောင်း လိုတာပေါ့ဗျာ။ တိုင်းရင်းသားပါတီလေးတွေ၊ ပအို့ဝ်ပဲဖြစ်ဖြစ်၊ ဓနုပဲဖြစ်ဖြစ်၊ တအာင်းပဲဖြစ်ဖြစ် ရခိုင်ပဲဖြစ်ဖြစ်ပေါ့ ဖွဲ့စည်းပုံပြင်ဖို့ လိုအပ်တယ်။ အဲသလိုပဲ တပ်မတော်ဘက်ကလည်း လိုတယ်။ အဲဒါကြောင့်ပေါ့ ကျနော်ပြောတဲ့ ၂ ချက်။ ၁ အချက် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကောင်းဖို့ လိုတယ်။ ဒါမှ ပြင်လို့ရမှာကိုး။ ၂ အချက်က တိုင်းရင်းသားချင်း ချစ်ကြည်မှုနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့လိုတယ်။ အဲဒီ ၂ ခုအတွက် အခုကတည်းက ကိုယ်တို့ လုပ်ပိုင်ခွင့်ရတဲ့ အပြောင်းအလဲ၊ ဒီ ဒုတိယငါးနှစ်သက်တမ်းမှာ စပြီး မျိုးစေ့ချခဲ့မယ်ဆိုရင် ကျနော်ထင်တယ် ၂၁ ရာစု ပင်လုံညီလာခံဟာ အောင်မြင်ပါလိမ့်မယ်။ ဒီလိုပဲ ဖွဲ့စည်းပုံပြင်ရေး လမ်းကြောင်းလည်း ပွင့်သွားပါလိမ့်မယ်။ အခုကာလမှာသာ ၂၀၀၈ ဖွဲ့စည်းပုံကို ငါတို့လက်မခံသော်လည်းပဲ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်အရ ငါတို့ ၀န်ကြီးချုပ်အားလုံးကို ယူမယ်ဆိုတဲ့ ကဏ္ဍမျိုး ရှေ့ကို ရောက်သွားလို့ရှိရင် အင်မတန်အရေးကြီးတဲ့ ကျနော်ပြောတဲ့ကဏ္ဍ ၂ ခု မြန်မြန်လေးနဲ့ ဆောင်ရွက်နိုင်တဲ့ အခြေအနေကနေ ခရီးတော်တော်ပေးရမယ့်သဘော ဖြစ်သွားနိုင်ခြေ ရှိပါတယ်။” အစိုးရသစ် ပေါ်ပေါက်လာဖို့ တလနီးပါးသာ ကျန်ရှိချိန်မှာ နိုင်ငံရေးပါတီခေါင်းဆောင်တယောက် အနေနဲ့ အစိုးရသစ် အကူးအပြောင်းဟာ ဘယ်လောက်ထိအောင် သိမ်မွေ့မယ်လို့ သုံးသပ်မိလဲ။ ဆရာတို့ ဘာတွေကြားသိ ပြောပြလို့ရမလဲ။ “ကျနော်တို့ကတော့ သတင်းတိတိကျကျ မကြားရပါဘူး။ သို့သော်လည်းပဲ ဒီအပြောင်းအလဲကာလဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ညင်ညင်သာသာလေးနဲ့ သိမ်သိမ်မွေ့မွေ့ ဖြတ်သန်းဖို့ လိုတဲ့ကာလ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ကာကွယ်ရေးဦးစီးချုပ်နဲ့ ၃ ကြိမ် (ဒေါ်အောင်ဆန်းစုကြည်) တွေ့တယ်။ ကျနော်တို့ ကြိုဆိုပါတယ်။ ဒီကြားထဲမှာ ခင်ဗျားတို့သိတဲ့အတိုင်းပဲလေ ဇန်န၀ါရီလ ၂၂ ရက်နေ့မှာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ သွေးတိုးစမ်းမှု ဖြစ်တာပေါ့။ သမ္မတကြီးက သ၀ဏ်လွှာပါးတယ်၊ လ၀က ၀န်ကြီးဌာနကို ပြည်ထဲရေးအောက်မှာ ထားချင်တယ်ဆိုတဲ့ တပ်မတော်ရဲ့ သဘောထားကို ထင်ဟပ်ပြီးမှ အမျိုးသားလုံခြုံရေး၊ တနည်းအားဖြင့် ပြည်တွင်းလုံခြုံမှုနဲ့ လူဝင်လူထွက် ပြဿနာကို ဆက်စပ်ဖို့ ကျနော်တို့ ကြိုးစားကြတာပေါ့။ အဲဒီကာလမှာ ပြည်ထောင်စုပါလီမန်ဘက်က မဆောင်ရွက်နိုင်လိုက်တဲ့အခါမှာ ၂၅ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ရဲ့ တွေ့ဆုံပွဲ၊ အခုတခါ ၁၇ ရက်နေ့ထင်တယ် ပြီးခဲ့တဲ့လ တွေ့ဆုံပွဲနောက်မှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်အရ ပြင်ဆင်တဲ့ဟာ ၆၅ နှစ် ဖြစ်သွားတာပေါ့။ ဒါတွေဟာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို သိမ်သိမ်မွေ့မွေ့ ဖြတ်သန်းတဲ့အခါမှာ ဆင်ခြင်ဖို့လိုတဲ့၊ သတိထားဖို့လိုတဲ့ အချက်အလက်တွေပေါ့ဗျာ။ အဲဒီတော့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ပိုကောင်းဖို့ လိုပါတယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံမှာပါတဲ့ ၀န်ကြီးဌာန ၃ ခု မည်သည့်နည်းနဲ့မဆို ပေးရမယ့်ဟာရှိတယ်။ သို့သော်လည်းပဲ သူတို့ တပ်မတော်ဘက်က စိတ်မချဘူးဆိုတဲ့ ၀န်ကြီးဌာနတချို့ ရှိခဲ့ရင်လည်းပဲ အပေးအယူလေးနဲ့ သူ့ဘက်ကပေး၊ ကိုယ့်ဘက်ကပေးပေါ့ဗျာ ဒါလေးတွေနဲ့ ညှိနှိုင်းပြီးမှ၊ စစ်တပ်-အရပ်ဘက် ဆက်ဆံရေး ပိုကောင်းပြီးမှ ဖွဲ့စည်းပုံကို ပြင်နိုင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်အောင် အလျှော့အတင်းလုပ်ဖို့ လိုပါတယ်။ ဒီလိုပဲ တိုင်းရင်းသားဆိုတာရှိတယ်။ တိုင်းရင်းသားဆိုတာမျိုးကို ကြည့်တဲ့အခါမှာ ကိုယ့်တိုင်းရင်းသား၊ သူ့တိုင်းရင်းသား ရှိတာပေါ့။ တနည်းအားဖြင့် ကိုယ့်ပါတီမှာပါတဲ့ တိုင်းရင်းသားဆိုတာ ရှိတယ်။ သူ့ပါတီမှာရှိတယ်။ တိုင်းရင်းသားဆိုတာရှိတယ်။ တိုင်းရင်းသားလည်း အမြင်ချင်း တူချင်မှတူမှာပေါ့။ အဲဒီတော့ ကိုယ့်ပါတီမှာပါတဲ့ တိုင်းရင်းသားကို တိုင်းရင်းသားအဖြစ် သတ်မှတ်ပြီးမှ သီးသန့်ပါတီထောင်ပြီးမှ သူ့အမျိုးသားတည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးမှုအတွက် ကြိုးစားကြတဲ့ မတူတဲ့ပါတီတွေက တိုင်းရင်းသားများကို တိုင်းရင်းသားအဖြစ် မသတ်မှတ်ခဲ့ဘူးဆိုရင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက်လည်း ခက်ခဲနိုင်ပါတယ်။ အဲဒီအခါမှာ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ သတိမူမိဖို့ ကျနော်တို့ ပြီးခဲ့တဲ့ ပါလီမန်ပြီးကာနီးလေးမှာ ကျနော်တို့ အင်တာဗျူးလေးတွေမှာ ပြောတာရှိပါတယ်။ ပါလီမန်တွေကိုတော့ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အကုန်လုံးကို ထိန်းချုပ်နိုင်ခဲ့ပြီးပြီ။ သို့သော်လည်းပဲ အစိုးရဖွဲ့တဲ့အခါမှာ တနည်းအားဖြင့် မိမိရဲ့ပါတီ ပေါ်လစီကို အကောင်အထည်ဖော်ရမယ့် အုပ်ချုပ်ရေး ယန္တရားကို ကိုင်တဲ့အခါမှာ ညင်ညင်သာသာလေးနဲ့ အားလုံးပါဝင်အောင် ဖိတ်ခေါ်ပြီးမှ ကြားကာလ နောက် ၅ နှစ်ကို တည်ငြိမ်အေးချမ်းပြီးမှ ဖွံ့ဖြိုးတိုးတက်မှုအတွက်ရော ဖွဲ့စည်းပုံပိုင်းဆိုင်ရာကို သဘောထားကြီးစွာဖြင့် နှစ်ဘက်ညှိနှိုင်း ပြုပြင်ပြောင်းလဲနိုင်တဲ့အထိ ဖြစ်သွားနိုင်အောင် အားလုံးပါဝင်တဲ့ အစိုးရအဖွဲ့ကို ဖွဲ့ပေးဖို့ ကျနော်တို့က ဆန္ဒရှိပါတယ် ဆိုတာကို ပြောဖူးတယ်။ အဲဒီမှာ တပ်ကလည်း ၃ နေရာရှိရင် ၃ အပေါင်း ၃ ဖြစ်ရင် ဖြစ်မှာပေါ့ဗျာ။ ပြည်ခိုင်ဖြိုးပါတီဘက်က အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေကိုလည်းပဲ ဒီအပြောင်းအလဲ ဒုတိယ ၅ နှစ်မှာ ထပ်ပြီး အသုံးပြုပေးစေချင်တယ်။ အဲလိုပဲ တိုင်းရင်းသားပါတီတွေ ဘက်ကလည်း တိုင်းရင်းသားအမြင်လေးတွေကို Unity and Diversity (ညီညွတ်မှုနဲ့ မတူကွဲပြားမှု) ပေါ့ဗျာ၊ အဲဒါမျိုးလေးတွေနဲ့ အမြင်မတူသော်လည်းပဲ ကျနော်တို့ အားတခုအဖြစ် ပြည်ထောင်စုတည်ဆောက်ရေးမှာ သုံးစေချင်တယ်။ အဲဒီအခင်းအကျင်းလေးနဲ့ ပြည်ထောင်စုကိုလည်း တည်ဆောက်စေချင်သလို တိုင်းဒေသကြီး ပြည်နယ်တွေမှာလည်း ခုနပြောသလိုပေါ့ အနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေကို သဘောထာကြီးစွာဖြင့် ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ မဟာမိတ်စိတ်ဓာတ်လေးနဲ့ တည်တည်ငြိမ်ငြိမ်လေး အစိုးရဖွဲ့ခွင့်ပေးခဲ့မယ်ဆိုရင် ကျနော်တို့ပြည်ထောင်စုက အင်မတန်လှသွားမှာပေါ့ဗျာ။ အဲလိုနဲ့ ကျနော်တို့ရဲ့ ဒုတိယပင်လုံတခုကို ဖြတ်ချင်တယ်။ တပ်မတော်ရဲ့ပါဝင်မှုကို အဲဒီကာလမှာလည်း Zero Level (သုညအဆင့်) အထိ ပြန်ထားရမှာပေါ့။ တိုင်းရင်းသားတွေတောင်းတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဋ္ဌာန်းခွင့်ကိုလည်း ကျနော်တို့ အစွမ်းကုန်ပေးရမှာပေါ့။ လက်နက်ကိုင်ပဋိပက္ခကို အကုန်ပြေငြိမ်းအောင် ဆွေးနွေးနိုင်ပြီးမှ၊ ကျနော်တို့ ပြည်ထောင်စု တပ်မတော်အဖြစ် ဖန်တီးနိုင်ပြီးမှ Disarm, Demobilize and Reintegrate – DDR (လက်နက်ဖြုတ်သိမ်းရေး၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုရေးနှင့် အရပ်သားအဖြစ် ပြန်လည်ပေါင်းစည်းရေး) တို့၊ Security Sector Reform – SSR (လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲခြင်း) တို့ ဆက်ပြီးလုပ်ရမှာပေါ့။ အဲဒီကာလလေးကတော့ ကျနော်တို့ မဝေးတော့ဘူးလို့ မျှော်မှန်းပါတယ်။ အန်အယ်လ်ဒီမှာ တာဝန်အများကြီးရှိသလို သတိတရားကြီးစွာဖြင့် ဖြတ်သန်းရမယ့်၊ အင်မတန်အရေးကြီးတဲ့ ၅ နှစ်တာကာလလို့လည်း ကျနော်တို့ သတ်မှတ်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024