Home
မြန်မာသတင်း
ဘီယာတံဆိပ်ပေါ် တူးပို့စာသား သုံးစွဲမှုဖြင့် မြို့မငြိမ်းမိသားစု တရားစွဲမည်
DVB
·
March 3, 2016
တူးပို့စာသားကို ဘီယာတံဆိပ်ပေါ်မှာ ခွင့်ပြုချက်မရှိပဲ သုံးစွဲတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး Myanmar Carlsberg ကို တရားစွဲမယ်လို့ မြို့မငြိမ်းမိသားစုက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားခဲ့ပါတယ်။ အခု သတင်းစာရှင်းလင်းပွဲကို မန္တလေးမြို့က မြို့မအသင်းတိုက်ရှိရာ ၂၁ လမ်းနဲ့ ၈၆ လမ်းထောင့်မှာ ဒီနေ့ ပြုလုပ်ခဲ့တာပါ။ ဇန်နဝါရီလ ၁၅ ရက်နေ့နဲ့ ၂၅ ရက်မှာ ကုမ္ပဏီ တာဝန်ရှိသူတွေ့ နဲ့ တွေ့ဆုံခဲ့ပေမယ့် ဆရာမြို့မငြိမ်း မိသားစုဘက်က တောင်းဆိုတဲ့ အချက် ၅ ချက်ကို ခုထိ လိုက်လျောမှုမရှိသေးတာကြောင့် တရားစွဲတော့မယ်ဆိုတဲ့ အကြောင်းပြောဆိုခဲ့တာပါ။ “ဇန်နဝါရီ ၁၅ ရက်မှာ သူတို့ ကိုယ်စားလှယ်လွှတ်တယ်။ ဇန်နဝါရီ ၂၅ရက်နေ့မှာ တရားဝင် လာပြီးတော့ သူတို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေကိုယ်တိုင် ပါလာပြီးတော့ ဒီမှာပြောတယ်။ ပြောတဲ့အခါ ဒီဘက်က လိုလားတာက သူတို့ လုပ်ဆောင်မှုဟာ မှားယွင်းတယ်။ ဒါဝန်ခံရမယ်၊ နံပါတ် ၂အချက် ဈေးကွက်အတွင်းမှာ ရှိတဲ့ မြန်မာစာလုံး တူးပို့ပါ ပါသောဘီယာ သံဗူးများ၊ ဘီယာပုလင်းများ၊ ဗီနိုင်းများ၊ ဆေးလိပ်ခွက်များ စသည်စသည်ပေါ့နော်။ ဒီပစ္စည်းတွေအားလုံးကို ဈေးကွက်အတွင်းကနေ ရက်အတိကျသတ်မှတ်ပြီး တရားဝင်ရုတ်သိမ်းပေးရမယ်၊ နံပါတ် ၃က ဒီအတွက် နေ့စဉ်ထုတ်သတင်းစာများကနေပြီးတော့ မြို့မငြိမ်းမိသားစုရယ်၊ မြို့မတူရိယာ အသင်းနဲ့ မန္တလေးမြို့ မြို့သူမြို့သားတွေရယ်၊ နောက်တခါ မြန်မာတနိင်ငံလုံးက သင်္ကြန်ချစ်သူတွေရယ်၊ မြို့မငြိမ်း ချစ်သူတွေရယ်ကို ကုမ္ပဏီအနေနဲ့ တရားဝင်တောင်းပန်ရမယ်။ နံပါတ်လေးအချက်က သူတို့မှားယွင်းတယ်ဆိုတာကို သူတို့ တရားဝင်ပြောရမယ်။ ပြီးတော့မှ နစ်နာဆုံးရှုံးမှုတွေအတွက် တစုံတရာလျော်ကြေးရှိရမယ်။ ဒီ ၅ ချက်ကို တောင်းဆိုတာ။ တောင်းဆိုတဲ့ အခါမှာ တစုံတရာ အဖြေမပေးပဲ ဈေးကွက်အတွင်းကိုပဲ တံဆိပ်တွေ ပြောင်းပါမယ်ဆိုတဲ့ မရေရာတဲ့အဖြေပဲ ပေးပြီးတော့ ပြီးသွားတာ။” အင်္ဂလိပ်လို TUBORG ဘီယာအမှတ်တံဆိပ်ပါ စာသားများကိုသာ ဆက်လက်အသုံးပြုမှာ ဖြစ်သလို၊ မြန်မာလို တူးပို့ ဆိုတဲ့စကားလုံးကိုလည်း ထည့်သွင်းမှုတွေပြုလုပ်မှာ မဟုတ်ဘူးလို့ Tuborg ဘီယာရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း ဖေဖော်ဝါရီ ၂ ရက်နေ့က စတင်ပြီး ကြေညာထားပါတယ်။ ဈေးကွက်အတွင်းမှာတော့ တူးပို့မြန်မာစာတန်းတံဆိပ်ပါ ပစ္စည်းတွေ ကတော့ ကျန်ရှိနေပါသေးတယ်။ သတင်း - ကျော်ဇေ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024