လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ
DVB
·
March 3, 2016
ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်သက်တမ်း ၅ နှစ်တာကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို အဓိကအကြောင်း ကိစ္စ တခုကြောင့် လွှတ်တော်တွင်းများရာဆန္ဒမဲဖြင့် ဆိုင်းငံ့ထားခဲ့ကြသဖြင့် ပြဌာန်းခြင်း မပြုနိုင်ခဲ့ပါချေ။
ထိုအဓိကအကြောင်းကိစ္စမှာ အခြားမဟုတ်ပါ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စု လွှတ်တော်နာယက လည်းဖြစ်သူ သူရဦးရွှေမန်းကို တာဝန်မှပြန်လည်ရုပ်သိမ်းရန် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ ၁ ရာခိုင်နှုန်း ထက်ပိုသော မဲဆန္ဒရှင်များက ရွေးကောက်ပွဲကော်မရှင် သို့ တိုင်တန်းထားနှင့်သည့် အမှုရှိနေသောကြောင့် အကယ်၍ ထိုဥပဒေပြဌာန်းပြီးပါက သူရဦးရွှေမန်းမှာ အခြားသောလွှတ်တော်ကိုယ်စားလှယ် လေးငါးခြောက်ဦးတို့ကဲ့သို့ပင် စုံစမ်းစစ်ဆေးခြင်း ကိုခံရမည် ဖြစ်သောကြောင့်ဖြစ်ပေသည်။
ထူးခြားသည့်အချက်များမှာ သူရဦးရွှေမန်းကို တာဝန်မှပြန်လည်ရုပ်သိမ်းရန် လက်မှတ်ရေးထိုး တိုင်တန်းကြသူများမှာ ဦးရွှေမန်း၏မဲဆန္ဒနယ်မှ တပ်မတော်သားမိသားစုဝင်များ ဖြစ်သည်ဆိုသော အချက်နှင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဌာန်းရန် မူလက ထောက်ခံခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီဝင်လွှတ်တော် ကိုယ်စားလှယ်များသည် နောက်ဆုံး အချိန်မဲခွဲဆုံးဖြတ်သောအခါ ဦးရွှေမန်းကိုထောက်ခံသော ပြည်ခိုင်ဖြိုးအမတ်များနှင့် အတူ ရပ်ဆိုင်းထားရန် မဲပေးခဲ့ကြခြင်းဖြစ်ပေသည်။
ဤသည်မှာ ပထမအကြိမ်လွှတ်တော်သက်တမ်း အစပိုင်းကာလများအတွင်း ဖြစ်ပွားခဲ့သော သမ္မတဦးသိန်းစိန်နှင့် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အကြား ပုဂ္ဂိုလ်ရေးအားပြိုင်မှု၏ အကျိုးဆက်များဖြစ်ပါသည်။ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် အချင်းချင်းလည်းဖြစ်ခဲ့၊ တပ်မတော်မှလာသူ အချင်းချင်းလည်းဖြစ်ကြသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ကို စွပ်စွဲပစ်တင် ဖြုတ်ချရန် သူရဦးရွှေမန်းခေါင်းဆောင်သည့်လွှတ်တော်ကဆောင်ရွက်ခဲ့ခြင်း ကြောင့်၎င်း၊ ခုံရုံးအဖွဲ့နှုတ်ထွက်သွားပြီးနောက် ခုံရုံးအဖွဲ့ဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်စွာ ပြန်လည်ပြင်ဆင် ပြဌာန်းခဲ့သည်ဟုယူဆကြ၍ ၎င်းတင်းမာမှုမှာ ပိုမိုကြီးမားလာ ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၁ ပါပြဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ တစ်ဦးဦးကို စွပ်စွဲပြစ်တင်၍ တာဝန်မှရပ်စဲကြောင်း ကြေညာနိုင်ပေသည်။ စွပ်စွဲပြစ်တင်ခြင်းကိစ္စနှင့်ပတ်သက်ပြီး သတ် မှတ်ထားသည့် ပြစ်ချက်(၅) ချက်၊ စွပ်စွဲပြစ်တင်ရန် လုပ်ကိုင်ဆောင်ရွက်ရမည့်နည်းလမ်း အပြည့်အစုံကိုပါ ထိုပုဒ်မ ၇၁ ၏ အပိုဒ်ခွဲများတွင် ပြဌာန်းထားပေသည်။
ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၃ ပါပြဌာန်းချက်များအရ ပြည်ထောင်စုဝန်ကြီး တစ်ဦးဦးအား၎င်း၊ ပုဒ်မ ၂၃၈ ပါပြဌာန်း ချက်အရ ပြည်ထောင်စုရှေ့နေချုပ်အား၎င်း၊ ပုဒ်မ ၂၄၃ ပါပြဌာန်းချက်အရ ပြည်ထောင်စုစာရင်းစစ် ချုပ်အား၎င်း၊ ပုဒ်မ ၃၀၂ ပါပြဌာန်းချက်များ အရ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအား၎င်း၊ ပုဒ်မ ၃၃၄ အရ နိုင်ငံတော်အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား၎င်း စွပ်စွဲ ပြစ်တင်ကာ တာဝန်မှဖြုတ်ချနိုင်သော်လည်း လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများကိုမူ ထိုသို့လွှတ်တော်တွင်းစွပ်စွဲ ပစ်တင်သည့် နည်းဖြင့် ဖြုတ်ချရန် အခြေခံဥပဒေတွင် ပြည့်စုံစွာပြဌာန်းမထားပါပေ။
သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆ အရ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများကိုလည်း ရိုးရိုးသာမာန် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကဲ့သို့ပင် မဲဆန္ဒရှင် ပြည်သူလူထု အနည်းဆုံး ၁ ရာခိုင်နှုန်း၏ တိုင်တန်းချက်ဖြင့်တာဝန်မှပြန်လည် ရုပ်သိမ်းရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြတိုင်တန်းနိုင်သည်။ ထိုအခါ ဥပဒေနှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးရန်နှင့် ထိုစွပ်စွဲချက်သည်မှန်ကန်ပြီး စွပ်စွဲခံရသူသည် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ထမ်းရွက်စေရန် မသင့်ကြောင်းသဘောရရှိလျှင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်၊ ဟုဆိုထားပေရာ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေတစ်ရပ် မပြဌာန်းနိုင်ခြင်း မည်သည့်လွှတ်တော် ကိုယ်စားလှယ်ကိုမျှ တာဝန်မှပြန်လည်ရုပ်သိမ်းနိုင်မည် မဟုတ်ချေ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်ထောင်စုအဆင့်တွင် သမ္မတအုပ်ချုပ်ရေးစနစ်ပုံစံ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ် ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ - မဏ္ဍိုင်ကြီး ၃ ရပ်ကို ခွဲခြားထားသော်လည်း သမ္မတကို ပြည်သူလူထုက တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်း မဟုတ်ဘဲ လွှတ်တော်နှစ်ရပ်က ရွေးကောက်တင်မြှောက်ခြင်း ဖြစ်သဖြင့် အစိုးရ အဖွဲ့ခေါင်းဆောင် နှင့် နိုင်ငံအကြီးအကဲဖြစ်သူ သမ္မတမှာ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရပေသည်။
သို့ဖြစ်ရာ နိုင်ငံတော်သမ္မတကို ထင်ရာမစိုင်းနိုင်စေရန် ပြည်သူလူထုကိုယ်စား လွှတ်တော်က ထိန်းချုပ်ခွင့်ပေးထားသကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ရွေးချယ်တင်မြှောက်ထား သည့် ၅ နှစ်တာကာလအတွင်း ထင်ရာမစိုင်းနိုင်စေရန် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ကို ပြည်သူလူထုအား ပုဒ်မ ၃၉၆ ဖြင့် ပေးအပ်ထားခြင်း ဖြစ်လေသည်။
၎င်းတို့အပေါ်သတ်မှတ်ထားသည့် စောင့်ထိန်းလိုက်နာရန် အချက် (၅) ချက်မှာလည်း နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုအဖွဲ့ဝင်များအပေါ် သတ်မှတ်ထားသည့်အတိုင်းဖြစ်ပြီး အောက်ပါ အတိုင်းဖြစ်ပေသည်။
(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း။
(၂) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း။
(၃) အကျင့်သိက္ခာပျက်ပြားခြင်း။
(၄) ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်းပျက်ယွင်းခြင်း။
(၅) ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပြွန်စွာမဆောင်ရွက်ခြင်းတို့ ဖြစ်ကြပါသည်။
ထိုအချက်များကို ဖောက်ဖျက်ကျူးလွန်သည်ဟု စွပ်စွဲလိုသော သက်ဆိုင်ရာမဲဆန္ဒရှင် အနည်းဆုံး ၁ ရာခိုင်နှုန်းက တိုင်တန်းသည့်အခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်မှ ပြဌာန်းထားသည့် ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးခြင်း၊ အထက်ဖော်ပြပါ အကြောင်းအချက် (၅) ချက်အနက် တချက်ချက်ကို ကျူးလွန်ဖောက်ဖျက်ကြောင်း မတွေ့ရှိရလျှင် စုံစမ်းစစ်ဆေးမှု မပြုဘဲ ပလပ်ခြင်း၊ စွပ်စွဲချက်မမှန်ကန်လျှင် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ကို အပြစ်မရှိကြောင်း ကြေညာခြင်း စသည်တို့ကို ဥပဒေနှင့်အညီပြုလုပ်ရမည်ဖြစ်ရာ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း က တိုင်တန်းခွင့် ရှိသည်ဆိုသည့်ကိစ္စမှာ သိပ်အလွန်ကြီး- အဆိုးကြီးမဟုတ်လှပါ။ သို့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေး၊ ဆုံးဖြတ်မှုများကို ဆောင်ရွက်ရမည် ဖြစ်ရာ ဦးရွှေမန်းအနေဖြင့် အမှုကိုစုံစမ်းစစ်ဆေးသော တရားသူကြီးများကို ယုံကြည်၍ ရနိုင်-မရနိုင်ဆိုသည်က ပြဿနာဖြစ်နေခဲ့ပါသည်။
ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်သက်တမ်းကာလက ၎င်းတို့အချင်းချင်း စိတ်ဝမ်းကွဲပြား ၍ အုပ်စုစိတ်ဓာတ်ဖြင့် တိုက်ခိုက်နေကြခြင်းဖြစ်ရာ တယောက်ကိုတယောက်မယုံနိုင် - မကြည်နိုင် ဖြစ်နေခဲ့ကြသည် မဟုတ်ပါလော။
ထိုသို့သောအဓိက အကြောင်းအချက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို ဆိုင်းငံ့ထားသင့်သည်ဟု ဦးရွှေမန်း၏လူအများစု ပါဝင်သော လွှတ်တော်ကိုယ်စားလှယ်အများက ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါသည်။
သို့သော် ထိုစဉ်ကအငြင်းပွားခဲ့သော ၁ ရာခိုင်နှုန်း ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ (ခ) တွင် ပြဌာန်းပါ ရှိသော စကားပိုဒ်ဖြစ်သဖြင့် ပြင်ဆင်ရန် လွယ်ကူလိမ့်မည်မဟုတ်ပါချေ။
ယခုအခါ အန်အယ်လ်ဒီ လွှမ်းမိုးသော လွှတ်တော်မှ အန်အယ်လ်ဒီသမ္မတနှင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းပါတော့မည်။ ထို့အတူ အန်အယ်လ်ဒီ သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၅ ဦးကို ပြည်ထောင်စုဝန်ကြီးများအားခန့်ထား သည့်နည်းတူအသစ်ခန့်အပ် တာဝန်ပေးရတော့မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်ကို လွှတ်တော်တွင်းအနိုင်ရ အန်အယ်လ်ဒီပါတီ အနေဖြင့် မယုံမကြည်ဖြစ်ရန်အကြောင်း မမြင်ပါချေ။
သို့ဖြစ်ရာ ပထမအကြိမ်လွှတ်တော်ကာလက ပြဌာန်းရန် မသင့်သေးဟုဆိုင်းငံ့ထားခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေသည် ဒုတိယအကြိမ် လွှတ်တော်ကာလတွင် ပြဌာန်းလာလိမ့်မည်ဟု မျှော်လင့်ရပေသည်။
ရဲထွန်း (သီပေါ)