အကောက်ခွန်နှင့် စီးပွားကူးသန်းဌာနညွှန်မှူးများကို အနားပေး
DVB
·
March 3, 2016
အကောက်ခွန်ဦးစီးဌာနနဲ့ စီးပွားကူးသန်းဌာနက ညွှန်ကြားရေးမှူးချုပ်တွေကို ဖေဖော်ဝါရီ ၂၉ ရက်မှာ တာဝန်က အနားပေးလိုက်တယ်လို့ သက်ဆိုင်ရာဌာနတွေက စုံစမ်းသိရပါတယ်။
ဘဏ္ဍာရေး ဝန်ကြီးဌာနလက်အောက်ခံ အကောက်ခွန်ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်းကို ရာထူးတာဝန်က အငြိမ်းစားပေးလိုက်ပြီး သူ့ရဲ့နေရာမှာ အာမခံဌာနက ညွှန်ကြားရေးမှူးချုပ်က လက်တလောညွန်ချုပ် တာဝန်ပူးတွဲ တာဝန်ယူထားတယ်လို့ အကောက်ခွန်ညွှန်ချုပ်ရုံးက အမည်မဖော်လိုတဲ့ တာဝန်ရှိ သူတဦးက ပြောပါတယ်။
အကောက်ခွန်ဌာနက ၀န်ထမ်း အယောက် ၂၀ ကို တာဝန်ကနေ ရပ်နားလိုက်ပြီး နေပြည်တော်မှာ စုံစမ်းစစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေကိုတော့ မဟုတ်မှန်ကြောင်း သူကပြောပါတယ်။
အလားတူ စီးပွားကူးသန်းဌာနက ညွှန်ကြားရေးမှုးချုပ် ဦးညွန့်အောင်ကိုလည်း တာဝန်က အငြိမ်းစားပေးလိုက်ပြီး လက်ရှိ သူ့နေရာမှာ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ အတွင်းဝန်က တာဝန်ယူထားတယ်လို့ ကုန်သွယ်ရေးဦးစီးဌာန အရာရှိတဦးကပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စွန့်ပစ်မြေစာပုံတွေပြိုကျ လူတွေသေဆုံးခဲ့ရမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် မြေတူးစက်ယန္တရားတွေကို လိုင်စင်မဲ့ တင်သွင်းခွင့်ပေးလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရက စုံစမ်းစစ်ဆေးအရေးယူမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။