တောင်ကြီးတွင် ဆောက်လက်စအုတ်တံတိုင်းပြိုကျ၊ ၂ ဦးသေဆုံး

ဓာတ်ပုံ - Hla Yin Wine
ရှမ်းပြည်နယ် တောင်ကြီးမြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ မတ်လ ၂ ရက် မွန်းလွဲပိုင်းက အုတ်တံတိုင်းပြိုကျပြီး အလုပ်သမား ၂ ဦး သေဆုံးကာ  ၈ ဦး ဒဏ်ရာရသွားပါတယ်။ ကျောင်းကြီးစုရပ်ကွက်  ဖရဲရွာ  နယ်မြေ ၁၂  (မီးပုံးပျံကွင်းအနောက်ဘက်) က ခြံတခြံ မှာ ဆောက်လုပ်ရေးအလုပ်သမားတစု ခေတ္တအလုပ်နားနေစဉ် ဆောက်နေတဲ့ အုတ်တံတိုင်းပြိုကျတာကြောင့် သေဆုံးဒဏ်ရာရကြတာလို့ အခင်းဖြစ်ရာနေရာကို ရောက်ရှိခဲ့သူ တောင်ကြီး အမှတ် ၁ ရဲ စခန်း  နယ်ထိန်းရဲ ဦးမျိုးကြီးက  ပြောပါတယ်။ “ခြံပိုင်ရှင်က အိမ်ဆောက်ဖို့လုပ်တာပေါ့၊ အရင်ဆုံးအုတ်တံတိုင်းကာတယ်၊ ခြံရဲ့ အနိမ့်ပိုင်းမှာ  အလုပ်သမားတွေနေဖို့ ယာယီတဲဆောက်ထားတယ်၊ အမြင့်ပိုင်းမှာ သဲတွေ ဘိလပ်မြေတွေ ပုံထားတယ်၊ အလုပ်သမားတွေ နေ့လယ်စာစားမလို့ နားနေတုန်း အပေါ်က အုတ်နံရံက ပြိုကျလာတာ။ မိုးတွေဘာတွေလည်း မရွာပါဘူး၊ အုတ်နံရံက မခိုင်လို့ပြိုကျတာပါ။ အလုပ်သမား ၂ ယောက်က အဲဒီမှာပဲသေဆုံးတယ်၊ ကျန်တဲ့ ၈ ယောက်က ဒဏ်ရာရတယ်။” သေဆုံးသူဟာ အသက် ၂၈ နှစ်ရှိ ကိုကျော်စိုးနဲ့ အသက် ၂၁ နှစ်အရွယ်ရှိ ကိုကျော်သူ တို့ဖြစ်ကြပြီး အေးသာယာမြို့ကနေ တောင်ကြီးမှာ လာအလုပ်လုပ်ကြသူတွေဖြစ်ပါတယ်။ ဒဏ်ရာရတဲ့ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးတို့ကို တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနနဲ့ လူမှုကူညီရေးအသင်းတို့က စ၀်စံထွန်းဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ထားကာ တံတိုင်းပြိုရတဲ့ အကြောင်းရင်းကို ထပ်မံစစ်ဆေးပြီးမှ အရေးယူဆောင်ရွက်သွားမယ်လို့  နယ်ထိန်းရဲက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up