DVB Logo
Home
မြန်မာသတင်း
မဟာမဲခေါင်ဒေသ ဗီဇာတခုတည်းစနစ် စတင်ကျင့်သုံးနိုင်တော့မည်ဟုဆို
DVB
·
August 5, 2011
မဟာမဲခေါင်ဒေသ ဗီဇာတခုတည်းစနစ် စတင်ကျင့်သုံးနိုင်တော့မည်ဟုဆို
Donate to DVB

မဟာမဲခေါင်မြစ်ဝှမ်းဒေသ ၆ နိုင်ငံဖြစ်တဲ့ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနဲ့ မြန်မာပါဝင်တဲ့ မဟာမဲခေါင်ဒေသ (GMS) (Greater Mekong Subregion) ၀င် နိုင်ငံတွေအနေနဲ့ ဗီဇာတခုတည်း Single Visa စနစ်ကို ဒီနှစ်ကုန်ပိုင်းက စတင် အသုံးပြုနိုင်ဖို့ ရှိနေပါတယ်။

လာမယ့် နိုဝင်ဘာလ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြို့တော်မှာ ကျင်းပပြုလုပ်မယ့် မဟာမဲခေါင် ၆ နိုင်ငံခရီးသွား လုပ်ငန်းဆွေးနွေးပွဲမှာ အဖွဲ့ဝင် နိုင်ငံတွေ ဆွေးနွေးဆုံးဖြတ်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဇေကမ္ဘာ ဦးခင်ရွှေက အခုလို ပြောပြပါတယ်။

“အဲဒီလို ရအောင် ဆွေးနွေးနေတာပေါ့။ အရင့်အရင် မဟာမဲခေါင် အစည်းအဝေးတွေမှာလည်း အဲဒါပဲ ဆွေးနွေးနေကြတယ်။ ၂၀၁၅ မှာ သေချာပေါက်ကတော့ အာဆီယံဗီဇာ သွားလိမ့်မယ်။ အားလုံးက agree လုပ်ပြီးသားတွေလေ။ နောက် အာဆီယံ တနိုင်ငံလာရင် ကျန်တဲ့နိုင်ငံတွေ အကုန် သွားလို့ရတဲ့ဟာ အဲ့ဒါ ၂၀၁၅ မှာ ဖြစ်လိမ့်မယ်။ မဖြစ်ခင်မှာ ပထမအရစ် မဲခေါင်ဗီဇာပေါ့ အဲဒါမျိုး ဖြစ်ကောင်း ဖြစ်သွားလိမ့်မယ်။ အဲဒါကတော့ ဆွေးနွေးချက် အပေါ်မှာ မူတည်ပါတယ်။ အားလုံးကတော့ ဗီဇာကို တနိုင်ငံပေးရင်  ကျန်တဲ့နိုင်ငံ ပေးဖို့ အတွက်ကိုတော့ ကြိုးစားနေကြတယ်။ အခုကိုက ကမ္ဘောဒီယား အန်ကောဝပ် (angkor wat) နဲ့ ဒီ ပုဂံနဲ့ မောင်နှမ တိုးရစ်ဧရိယာ ဆိုပြီးတော့ အန်ကယ်တို့ဆီက လေယာဉ်တွေ ဆွဲတာ Arrival Visa အဲဒီကစပြီး ပေးနေပြီ။ အဲဒီက လာတဲ့လူတွေ ဗီဇာ လျှောက်စရာ မလိုဘူးပေါ့။”

ဒီလို Single Visa စနစ်ကို ကျင့်သုံးနိုင်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲနိုင်ဖို့အတွက်ပါ ဒီဆွေးနွေးပွဲမှာ ဆုံးဖြတ်ကြဖို့ ရှိနေတယ်လို့လည်း ဇေကမ္ဘာဦးခင်ရွှေက ဆိုပါတယ်။

ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ဝင် ဦးသက်လွင်တိုးက …

“လောလောဆယ်တော့ ဗီဇာကို လုံးဝကြီး ဖွင့်ပေးတာကတော့ ဖြစ်နိုင်ဦးမယ် မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆို ကျနော်တို့ လက်ရှိဝန်ကြီးရဲ့ သဘောထားကလည်း ခရီးသွားလုပ်ငန်းဆိုင်ရာ အဆောက်အုံတွေ အဆင်သင့် မဖြစ်သေးဘဲနဲ့ ဖွင့်လိုက်ရင်လည်း ကျနော်တို့ တခုခု ဧည့်သည်တွေအတွက် တခါဆက်ဆံ ဆယ်ခါလန် ဖြစ်သွားမှာလည်း စိုးတယ်။ အာဆီယံ Single Visa ကတော့ မြန်မာနိုင်ငံ အနေအထား အရကတော့ ကျနော် သိပ်မထင်သေးဘူးပေါ့။ လုပ်ရင် ကမ္ဘောဒီးယားနဲ့ မြန်မာနဲ့ ဖြစ်ရင် ဖြစ်မယ်။ လေးကြောင်းလိုင်း Link ရှိတဲ့ နိုင်ငံ ၂ ခုကို ဗီဇာတခုတည်းပဲ လုပ်ချင်ရင် လုပ်မယ်ပေါ့နော် ကျနော့် အမြင်ပေါ့။”

ဒီလို Single Visa စနစ် အသုံးပြုရေးနဲ့ ပတ်သက်ပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံ အဆောက်အအုံတွေ လိုအပ်မှုတွေနဲ့အတူ ငွေကြေးလဲလှယ်မှု စနစ်တွေကို ပထမဆုံး ပြင်ဆင်သင့်တယ်လို့လည်း ၀ါရင့်ခရီးသွားလုပ်ငန်းရှင် အချို့က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်မှာတော့ မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့တဲ့ နိုင်ငံခြားခရီးသွား ၃ သိန်းကျော်ရှိခဲ့ပြီး နယ်စပ်ဝင်ပေါက်တွေက ၀င်ရောက်ခဲ့တဲ့ ခရီးသွားကတော့ ၅ သိန်းနီးပါး ရှိခဲ့ပါတယ်။

လက်ရှိ  ၂၀၁၁ ခုနှစ်ရဲ့ ပထမဆုံး ၄ လအတွင်းမှာ နိုင်ငံခြားခရီးသွား ၁ သိန်း ၄ သောင်းလောက် ၀င်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013