ကရင်ပြည်နယ်အတွင်း ကရင့်လက်နက်ကိုင်အဖွဲ့တွေအကြားအချင်းချင်း ပဋိပက္ခမဖြစ်ရေးနဲ့ အဖွဲ့တွေအကြား ညီညွတ်ရေးအတွက် ကရင်လက်နက်ကိုင်အဖွဲ့တွေက မနေ့က တွေ့ဆုံဆွေးနွေ ခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲမှာ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုး သားအစည်းရုံးကေအန်ယူ ထိပ်တန်းခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်ကျော်သက် ဦးဆောင်တဲ့ DKBA က တပ်မှူးကြီးတွေ၊ ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်တဲ့ DKBA က တပ်မှူးကြီးတွေ၊ KNU/KNLA (PC) အဖွဲ့က ခေါင်းဆောင်တွေအပြင် KNU/KNLA (PC) အဖွဲ့က ထုတ်ပယ်တာခံ ထားရတဲ့ အဖွဲ့တွေပါ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲမှာ အထူးသဖြင့် ကရင်လက်ကိုင်တွေကြား ပဋိပက္ခမဖြစ်ရေးနဲ့ ကေအန်ယူရဲ့ ဦးဆောင်မှုကို ခံယူကြဖို့ အဓိကတွေ့ဆုံဆွေးနွေးကြတာဖြစ်တယ်လို့ ကေအန်ယူအတွင်းရေးမှူး ၁ ပဒိုစောသောသီဘွဲ့က ပြောပါတယ်။
“အရင်တုန်းက KNU/KNLA (PC)အဖွဲ့ကနေ ပဲ့ထွက်သွားတဲ့အဖွဲ့ငယ်လေးတွေရှိသလို ဒီကေဘီအေ အစုလိုက်အဖွဲ့လိုက် ပဲ့ထွက်သွားတာမျိုးတွေရှိတယ်။ ပဲ့ထွက်လာတဲ့အဖွဲ့တွေက ပေါင်းစည်းပြီး အဖွဲ့အစည်းကလေးတွေပြန်ဖွဲ့လာတာတွေရှိတယ်။ ဒါကြောင့် ကေအန်ယူနယ်မြေ ထဲမှာ ကရင့် လက်နက် ကိုင်အဖွဲ့တွေကပဲ သုံးလေးငါးဖွဲ့ရှိတဲ့အခါကျတော့ ကျနော်တိုက သူတို့ကို ကမကထပြုပြီးတော့ ပြန်ခေါ်တယ်။ ခေါ်တယ်ဆိုတာက ကိုယ့်အချင်းချင်းတဦးနဲ့ တဦးပဋိပက္ခ မဖြစ်စေဖို့၊ သူနယ်မြေကိုယ့်နယ်မြေ ဖြတ်သွားဖြတ်လာတာကအစ အပြန်အလှန် အသိအမှတ်ပြု ပြီးလေးစားသမှုရှိဖို့။ သွားလာ၏ လှုပ်ရှားကြတဲ့အခါမှာ တဖက်နဲ့တဖက်အကြောင်းကြားပြီးမှ အလုပ်လုပ်ဖို့၊ အဓိကကတော့ ကေအန်ယူနယ်မြေထဲ ကိုယ့်ကရင်အချင်းချင်းပဋိပက္ခမဖြစ်ဖို့ ထိန်းချုပ်တဲ့အနေနဲ့ ပေါ့နော်။ နောက်တခုက KNU/KNLA (PC) နဲ့ ဒီကေဘီအေက ကျနော်တို့ အန်စီအေလက်မှတ်ထိုးတဲ့အခါမှာ သူတို့ ပါဝင်လာ တာရှိတာပေါ့နော်။ ကျန်တဲ့အဖွဲ့က မပါဘူး။ အဲတော့ အန်စီအေထိုးပြီးတဲ့ ကရင်လက်နက်ကိုင်အဖွဲ့နဲ့ မထိုးသေးတဲ့ကွဲထွက်အစုလေးတွေက ရှိနေတဲ့အခါကျတော့ ပြဿနာ မဖြစ်အောင်ကေအန်ယူရဲ့ နိုင်ငံရေးလမ်းစဉ်အောက်မှာ လိုက်နာ ဆောင်ရွက်နိုင်မလားဆိုတဲ့ဟာကိုသူကို အပြန်အလှန် မေးမြန်းဆွေးနွေးတာပေါ့နော်။”
တက်ရောက်လာတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ကေအန်ယူရဲ့ နိုင်ငံရေးဦးဆောင်မှု အောက်မှာ အပြည့်အ၀လက်ခံကျင့်သုံးသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒါ့အပြင် ကရင်လက်နက်ကိုင်အားလုံးတဖွဲ့ထဲပဲ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ဆန္ဒရှိကြပေမယ့် အဖွဲ့အသီးသီးက မိမိတို့ရဲ့ အဖွဲ့နာမည်တွေကို မဆုံးရှုံးချင်တာကြောင့်လည်း အခက်ခဲတွေရှိ နေသေးတယ်လို့လည်း ပြောပါတယ်။
ဒါပေမယ့် တဖွဲ့တဲ့ပြန်လည်စုစည်းနိုင်အောင် ကြိုးပမ်းသွားမယ်လို့လည်း ပဒိုသောသီဘွဲက ပြောပါတယ်။
“တပ်ခွဲတပ်ဗြဲဖြစ်တာကို မလိုချင်ဘူးလေ။ ဒါပေမယ့် တပ်ကွဲတပ်ဗြဲဖြစ်လာရတဲ့အကြာင်းရင်းက ပြောရင်အရှည်ကြီးပေါ့ဗျာ။ သို့သော အခု တစုတစည်းထဲပြန်ဖြစ်နိုင်ဖို့က အင်မတန်မှ လိုလားတာပေါ့။ ဒါပေမယ့် ဒီကကေဘီအေကလည်း သူ့နာမည်သူဖျက်ဖို့ကမ၀ံ့မရဲဘူး။ သူ့အဖွဲ့ကိုသူနာ မည်မဖျက် ချင်ဘူး။ ဆိုတော့ KNU/KNLA (PC)ဆိုတာလည်း သူတို့နာမည်မဖျက်ချင်ဘူး။ အဲဒီမ ဖျက်ချင်တဲ့ နာမည်လေးတွေက ရုတ်တရက်အားလုံးက တစုတည်းတပေါင်းတည်ဖြစ်ဖို့က အချိန်ယူရဦးမှာပေါ့။ ”
ဒီအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုဌာနချက်မှာ ကျင်းပခဲ့ပြီး ကရင်လက်နက်ကိုင်အဖွဲ့တွေကခေါင်းဆောင် ၄၀ ကျော် တက်ရောက်ဆွေးနွေး ခဲ့ပါတယ်။
ဓာတ်ပုံ – ယမုံနာ