ကလေးမြို့တွင် ဆောက်လက်စတိုက်ပြို ၂ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ







1.7K
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အောင်မြေမာန်ရပ်ကွက်ထဲမှာ ဒီကနေ့ နေ့ခင်းပိုင်းက ဧကရီဖိနပ်ဆိုင် အဆောက်အအုံ မျက်နှာစာ ဆိုင်တိုးချဲ့ ဆောက်လုပ်နေစဉ်ပြိုကျပြီး လူ ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရသွားပါတယ်။
သေဆုံးသူမှာ ဧကရီဖိနပ်ဆိုင်ပိုင်ရှင် ဦးဌေးအောင်နဲ့ ၄င်းရဲ့ တူဖြစ်သူ ကိုစည်သူတို့ ဖြစ်ကြကာ ကျန်တဲ့ ဆောက်လုပ်ရေးအလုပ်သမား ၂ ဦးဖြစ်တဲံ ကိုဘေဘီနဲ့ ကိုကုလားတို့ ၂ ဦးကတော့ ဒဏ်ရာရသွားတယ်လို့ အခင်းဖြစ်ပွားရာနေရာမှာ ၀င်ရောက်ကူညီပေးခဲ့သူ ကလေးမြို့နယ် မီးသတ်ဌာနမှ မီးသတ်တပ်ဖွဲ့ဝင် ငြိမ်းချမ်းဦးက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီတိုက်က အာရ်စီတိုက်ခန်းတွဲ သုံးထပ်ပါ။ ဆောက်နေတာ ပြီးခါနီးပြီ၊ ၇၅ ရာခိုင်နှုန်း ပြီးပြီ၊ ဒုတိယထပ်မှာ ၀ရမ်တာထိုးတဲ့နေရာမှာ ပြိုကျတာ၊ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတော့ သူတို့က သံဖရိန်ခံထားတာလေ၊ သံဖရိန်က ဂဟေဆော်တဲ့ ဟာတွေက မစွဲဘဲနဲ့ အဲဒီက ကြိုးပြုတ်ကျတာပေါ့၊ အိမ်ရှေ့ပရတ် (၀ရံတာ)ကို ကျောက်သွေးလောင်းနေရင်းနဲ့ အဲဒီက ပြိုကျတာ။”
တိုက်ပြိုကျချိန်မှာ နေ့ခင်း ၁၂ နာရီခွဲကဖြစ်ပြီး ၁ နာရီကျော်ကြာ ရှင်းလင်းဖယ်ရှားရေးတွေ လုပ်ပေးခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။
လောလောဆယ် ဒဏ်ရာရသူတွေကို ကလေးဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ဓာတ်ပုံ - မင်းရဲစစ်နိုင်