ရုရှားကျောက်မီးသွေးတွင်းထဲ ပိတ်မိနေသည့် တွင်းသားများ မြေအောက်ပေါက်ကွဲမှုကြောင့် သေဆုံး

ရုရှားနိုင်ငံ အာတိတ်စက်ဝိုင်းအထက်က ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေတဲ့  တွင်းသား ၂၆ ဦး သေဆုံးခဲ့ပြီလို့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကြေညာလိုက်ပါတယ်။ တတိယအကြိမ် မြေအောက်ပေါက်ကွဲမှုအပြီး ကယ်ဆယ်ရေးလုပ်သား အတော်များများလည်း သေဆုံးခဲ့လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်တန့်သွားခဲ့ပါတယ်။ ဗော်ကူတာဒေသ စေဗာနာယာ ကျောက်မီးသွေးတွင်းမှာ မီသိန်းဓာတ်ငွေ့ ရုတ်တရက် ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ခဲ့အပြီးမှာ တွင်းသားတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က တွင်းထဲမှာ ပိတ်မိနေခဲ့တာပါ။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က မတော်တဆမှုကို စစ်ဆေးရေး အစိုးရကော်မရှင်တရပ် ဖွဲ့စည်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ရုရှား အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ဝန်ကြီးက ကျောက်မီးသွေးတွင်းဆီ သွားရောက် စစ်ဆေးပါတယ်။ အဲဒီနောက် ဒီကျောက်မီးသွေးတွင်းရဲ့ ပြိုကျပေါက်ကွဲတဲ့ အခြေအနေဟာ လူတဦးကိုမှ ရှင်သန်ခွင့် မပေးဘူးလို့ ရုပ်သံမိန့်ခွန်းကနေ ပြောပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက်အစောပိုင်းက တတိယအကြိမ် ပေါက်ကွဲမှုအပြီး လူ ၆ ဦး သေဆုံးလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်ထားရတယ်လို့ ဝန်ကြီးဌာနက တရားဝင် အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြ ပြောဆိုပါတယ်။ မတော်တဆမှုကြောင့် သေဆုံးသူ စုစုပေါင်း ၃၆ ဦး ရှိသွားပါပြီ။ သေဆုံးသူတွေအတွက် ဖေဖော်ဝါရီ ၂၈ ရက်နေ့က စပြီး ၃ ရက်ကြာ ဝမ်းနည်းခြင်းကာလအဖြစ် ကြေညာထားပါတယ်။ ဒါဟာ ရုရှား ကျောက်မီးသွေးထုတ်လုပ်မှု လုပ်ငန်းအတွင်း မတော်တဆမှု သမိုင်းမှာ နောက်ဆုံးဖြစ်ရပ်ပါ။ ဘေးကင်းရေး စည်းမျဉ်းတွေကို ဘယ်လောက် တင်းတင်းကျပ်ကျပ် လိုက်နာသလဲဆိုတဲ့ မေးခွန်းသစ်တွေ မြင့်လာမယ့် အလားအလာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up