မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မုန်တိုင်းဓမ္မာရုံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ပြည်သူတွေက ရပ်ကွက်တွေအတွင်း နှစ်လုံး၊ သုံးလုံး၊ ဘောလုံးလောင်းကစား၊ မူးယစ်ဆေးတွေနဲ့ အရက်ဘီယာဆိုင်တွေ ဥပဒေမဲ့ လွတ်လပ်စွာရောင်းချနေမှုကို အန်အယ်လ်ဒီ အစိုးရသစ်လက်ထက်မှာ စိစစ်တားမြစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အခုလို လောင်းကစားမှုတွေ၊ မူးယစ်ဆေးနဲ့ အရက်ဘီယာဆိုင်တွေ ပေါများလာမှုကြောင့် ကျောင်းသားကျောင်းသူတွေ စာရိတ္တပျက်ပြားလာမှာကို ကျောင်းသားမိဘတွေက စိုးရိမ်နေကြပါတယ်။
ဒ့ါအပြင် လယ်ယာမြေပြဿနာနဲ့ ကျူးကျော်တွေကို ဖယ်ရှားခိုင်းမှုတွေကိုလည်း ဥပဒေနဲ့အညီ ဖြေရှင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ပြည်သူတွေရဲ့ တင်ပြဆွေးနွေးချက်ကို လွှတ်တော်ကိုယ်စားလှယ်တွေက ကဏ္ဍအလိုက် လွှတ်တော်ကို တင်ပြပေးမယ့်အကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါတယ်။
သတင်းဓာတ်ပုံ – အောင်အောင်နိုင်