DVB Logo
Home
မြန်မာသတင်း
သံလွင်၊ စစ်တောင်းနှင့် င၀န်မြစ်ရေ တက်မှုကြောင့် မြို့အချို့ ရေလွှမ်း
DVB
·
August 4, 2011
သံလွင်၊ စစ်တောင်းနှင့် င၀န်မြစ်ရေ တက်မှုကြောင့် မြို့အချို့ ရေလွှမ်း
Donate to DVB

သံလွင်၊ စစ်တောင်းနဲ့ င၀န် မြစ်ရေတက်မှုကြောင့် ကရင်ပြည်နယ် ဘားအံမြို့နဲ့ ဒေတချို့ ရေလွှမ်းမယ့် အခြေအနေ ကြုံတွေ့နေရပါတယ်။

[caption id="attachment_13722" align="alignright" width="310" caption="ဘားအံမြို့တွင်း ရေကြီးနေသည့် မြင်ကွင်း"][/caption]

မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်အရ  သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ထဲ  ၂ ပေလောက် မြင့်တက်နေပြီး ၇၂ နာရီအတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေမယ်လို့ ခန့်မှန်းထားပါတယ်။

မိုးဇလရဲ့ ခန့်မှန်းထားချက်နဲ့အညီ မနေ့ညနေကစပြီး သံလွင်မြစ်ရေ တက်လာတဲ့ အတွက် ကရင်ပြည်နယ် ဘားအံတမြို့လုံးနီးပါး ရေလွှမ်းကုန်သလို ကုန်းပေါ်မှာရှိတဲ့ အထက်တန်းကျောင်း နှစ်ကျောင်းကလွဲလို့ ကျန်ကျောင်းတွေ အားလုံး ပိတ်ထားရတယ်လို့ ဘားအံမြို့ခံတဦးက ပြောပါတယ်။

“မနေ့တုန်းက ရေက နည်းနည်းပဲ ရှိတယ်။ တညပဲ မိုးလင်းလာတော့ ရေတွေက အများကြီးပဲ။ တမြို့လုံး ဆိုတော့ ကုန်းလေးရှိတဲ့ နေရာပဲ လွတ်တာပေါ့။ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း ရေက ဟိုဘက် ဒီဘက် ဝင်ကြတာ။ မြစ်ရေးတိုးတာနဲ့ ရေက ကြီးလာတယ်။ အိမ်တွေထဲလည်း ဝင်ကုန်ပြီပေါ့။ မြို့ထဲဈေးတွေထဲလည်း ရေတွေ ဝင်ကုန်ပြီလေ။ အထက်တန်းကျောင်းတွေကတော့ မပိတ်ဘူး။ ၈ တန်းအထိတော့ ပိတ်တယ်။ ဒါပေမယ့် ကျောင်းသွားတဲ့လမ်းတွေကလည်း အထက ၁ တကျောင်းပဲ လွတ်တယ်။ ကျန်တဲ့ကျောင်းတွေက အကုန်လုံး ပတ်ပတ်လည် ရေတွေချည်းပဲ။ ကျောင်းသွားတဲ့ လမ်းလည်း အန္တရာယ်များတာပဲ။ ကုန်းပေါ်ကျတဲ့ ၂ ကျောင်း ၃ ကျောင်းကတော့ ဖွင့်ထားတယ်။ အထက ၁ တို့၊ အထက ၄ တို့ က ကုန်းပေါ်မှာ ရှိတာကိုး။ ကျန်တဲ့ ၂ တို့ ၃ တို့ကျတော့ ကျောင်းက မမြုပ်ဘူး ဆိုပေမယ့် လာရတဲ့လူတွေက အကုန်လုံး ရေထဲက လာရတယ်။ နောက်ပြီး မူလတန်းကျောင်းတွေလည်း အကုန်လုံး ပိတ်ထားတယ်။”

အနိမ့်ပိုင်းဒေသ  နေအိမ်တွေ မြုပ်တဲ့သူတွေကတော့ ရေမမြုပ်တဲ့ ဘုန်းကြီး ကျောင်းတွေဆီကို ပြောင်းရွှေ့နေထိုင်ကြရပါတယ်လို့ ဆိုပါတယ်။

ရေဘေးဒုက္ခသည်တွေကို ဒေသခံအာဏာပိုင်နဲ့ စေတနာရှင်တွေက အစားသောက်အတွက် ပြင်ဆင်ပေးတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ဘားအံမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် တတိယအပတ်ကလည်း သံလွင်မြစ်ရေတက်မှုကြောင့် ရေကြီးမှု ဖြစ်ပွားခဲ့ပါတယ်။ အခုတကြိမ်ရေကြီးမှုဟာ အရင်ကထက် ပိုဆိုးတယ်လို့ မြို့ခံက ပြောပါတယ်။

ဒါ့အပြင် စစ်တောင်းမြစ်ရေကလည်း စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေတဲ့အတွက် တောင်ငူမြို့ အနိမ့်ပိုင်း ဒေသတချို့မှာ ရေစ၀င်နေပေမယ့် အခြေအနေ မဆိုးသေးဘူးလို့ တောင်ငူမြို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်တောင်းမြစ်ရေက မြစ်နှုတ်ခမ်းနဲ့ အညီဖြစ်နေပြီး စိုးရိမ်ရေမှတ်တင် မကတော့ဘူး။ စိုးရိမ်ရေမှတ် ကျော်ရုံဆိုလို့ရှိရင် မြစ်အထက်မှာ မြစ်ကမ်းပါးရောက်အောင် မြေမျက်နှာပြင်နဲ့ ညီအောင်ဆိုလို့ရှိရင် ၆ ပေလောက် ကျန်တယ်။ အခုဟာက မြစ်နှုတ်ခမ်းနဲ့ အညီပဲ။ အညီအပြင် ဘေးကို လျှံစပြုတော့ အခု ခြေမျက်စိလောက်အထိ အဲဒီမြစ်ဘေးတွေမှာ ရေလျှံစပြုနေတာပေါ့။ မနေ့ည ကတည်းက အဲဒီအခြေအနေ ရောက်နေတာ။”

မိုးဆက်ရွာပြီး မြစ်ရေပိုတက်မယ်ဆိုရင် တောင်ငူမြို့ ရေလွှမ်းနိုင်တယ်လို့လည်း ဆိုပါတယ်။

ပဲခူးတိုင်း ဖြူးမြို့နယ်မှာလည်း လွန်ခဲ့တဲ့ လေးငါးရက်လောက်ကတည်းက မိုးသည်းထန်ပြီး ရေကြီးတဲ့အတွက် မြို့တွင်းရေ၀င်ပြီး ခုချိန်ထိ ရေမကျသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ရေကြီးလို့ ဘေးလွတ်ရာ တိမ်းရှောင်နေတဲ့ ရေဘေးဒုက္ခသည်တွေကို ဒေသခံ စေတနာရှင်တွေက ထမင်းထုပ်နဲ့ ဆန် လိုက်ဝေနေတယ်လို့ ဆိုပါတယ်။

အလားတူ င၀န်မြစ်ရေဟာလည်း စိုးရိမ်ရေမှတ်ထက် ၁.၂ ပေခန့် ကျော်လွန်နေတဲ့အတွက် ပုသိမ်မြို့ ကမ်းနားဘက် ရပ်ကွက်တွေမှာ ရေတက်နေပြီလို့ မြို့ခံတဦးက အခုလို ပြောပါတယ်။

“ပုသိမ်မှာတော့ လောလောဆယ် ကမ်းနားဘက်တော့ တက်နေတာပဲ ရေ။ ပျက်စီးမှုတော့ မရှိဘူးထင်တယ်။ မိုးနည်းနည်းများလို့လည်း ပြောရမယ်။ နောက်ပြီးတော့ ကမ်းနားဘေးဆိုတော့ နည်းနည်းတော့ တက်တတ်တယ်။ လမ်းပေါ်ကိုတော့ နည်းနည်းပဲ ရောက်တယ်။ ပြောင်းရွှေ့ရလောက်တဲ့အထိတော့ မရှိပါဘူး။”

ဒီနေ့ မိုးဇလဦးစီးဌာနက ထပ်မံထုတ်ပြန်ချက်အရ  ရွှေကျင်မြစ်ရေဟာ နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်အထိ ရောက်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်း တွံတေးမြို့နယ်မှာလည်း အခုလ ၁ ရက်နေ့ကစပြီး ရွာသွန်းတဲ့မိုး ကြောင့် တွံတေးတူးမြောင်းတလျှောက် လယ်ဧကအားလုံး ရေမြုပ်ကုန်တယ်လို့ တွံတေး မြို့ခံတဦးက ဆိုပါတယ်။

“ဒီ ၁ရက်၊ ၈လ၊ ၂၀၁၁ ရက်နေ့ကတည်းက ရွာသွန်းနေတဲ့မိုးက ဒီနေ့အချိန်အထိ မစဲသေးတော့ တွံ့တေးတူးမြောင်း တောက်လျှောက်မှာရှိတဲ့ ကျေးရွာတွေ အားလုံးမှာရှိတဲ့ လယ်မြေတွေ၊ ပျိုးခင်းတွေက ရေ  ၅ ပေလောက် တက်တော့ အကုန်လုံး ပျက်စီးကုန်တာပေါ့။ ရွာပေါင်း လေးငါးဆယ်ဆိုတော့ တန်ဖိုးက တွက်လို့ကို မရတော့ဘူး တော်တော်များနေပြီ။”

တွံတေးမြို့ပေါ် မြသီတာ ရပ်ကွက်မှာလည်း ရေကြီးတဲ့အတွက် ဒေသခံပြည်သူ စားဝတ်နေရေး အခက်ဖြစ်ရတယ်လို့ ပြောပါတယ်။

“ရေ ၄-၅-၆ ပေလောက် တက်တော့ အိမ်ကြမ်းပြင်အပေါ်ထိတောင် ရေက ၁ ပေလောက် ရောက်နေပြီ။ လူတွေ နေလို့ မရတော့ဘူး။ အိမ်ခြေ ၄၀၀ လောက်မှာ။ နေလို့ မရတဲ့အခါကျတော့ ဘုန်းကြီးကျောင်းတွေနဲ့ ဆွေးမျိုးသားချင်း နီးစပ်ရာအိမ်မှာသွားနေရတော့ စားဖို့ သောက်ဖို့ကလည်း အခက်အခဲဖြစ်တာပေါ့။ မြို့ပေါ် ၈ ရပ်ကွက်က ပြည်သူလူထုတွေက တအိမ်လျှင် ထမင်းတထုတ် ပို့ဆောင်နေရတယ်။ တယောက်ကို ထမင်းထုပ် တထုပ်ဆီ မရဘူး။ စားရတဲ့အချိန်ကလည်း ၁ နာရီခွဲ ၂ နာရီလောက်မှ စားရတော့ အခက်တွေ့နေတာပေါ့။ အခုဆိုရင် သူတို့က သန့်ရှင်းတဲ့ အစားအစာတွေနဲ့ သောက်သုံးရေ လိုအပ်နေတယ်။ တချို့ဆိုရင် ဝမ်းဖော ဝမ်းရောင် ဖြစ်တော့ ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်နေတယ်။ ဆေးဝါးတွေလည်း လိုအပ်နေတယ်ပေါ့။”

မြန်မာနိုင်ငံတ၀ှမ်း ဇူလိုင်လက စပြီး မိုသည်းထန်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သလို ဧရာဝတီ၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်တွင်းက လယ်ဧက သောင်းချီပျက်စီးခဲ့ရပြီး လယ်သမားတွေ စပါးပြန်လည် စိုက်ပျိုးရေး အခက်အခဲ ကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013