DVB Logo
Home
မြန်မာသတင်း
စစ်ဘေးဒုက္ခသည်များကိုကူညီပေးရန် ရှမ်းပြည်နယ်လွှတ်တော်ဆုံးဖြတ်
DVB
·
February 26, 2016
စစ်ဘေးဒုက္ခသည်များကိုကူညီပေးရန် ရှမ်းပြည်နယ်လွှတ်တော်ဆုံးဖြတ်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်းက စစ်ဘေးရှောင်ပြည်သူတွေ ကြုံတွေ့နေရတဲ့ ပြဿ နာတွေနဲ့ ပတ်သက်ပြီး အကူအညီပေးသွားဖို့ ဒီကနေ့ တောင်ကြီးမြို့ ရှမ်းပြည်နယ်လွှတ်တော်မှာ အရေးအကြီး အဆိုတင်သွင်း ဆွေးနွေးဆုံးဖြတ်လိုက်ပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ တအာင်းပလောင်တပ်ဖွဲ့တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ရွာသားတွေ အသတ်ခံရပြီး အိမ်မီးရှို့ခံရတာတွေကို လွှတ်တော်အနေနဲ့ တရားဝင်စာထုတ်ပြီးဆန့်ကျင်ရှုတ်ချဖို့နဲ့ ရှမ်းပြည်နယ်အစိုးရအနေနဲ့ ပြန်လည်ထူေ ထာင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ စတဲ့အရေးကြီးအဆိုတွေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ကော်မတီဖွဲ့ပြီး ဒုက္ခသည်ဦးရေနဲ့ အချက်အလက်တွေ ကောက်ယူစုဆောင်းရေး၊ မီးလောင်ခံရတဲ့နေအိမ်များ ပြန်လည်တည်ဆောက်ပေးရေး၊ ဆုံးရှုံးခဲ့ရတဲ့ ကျွဲနွားတရိစ္ဆာန် အစားထိုးပြန်ပေးရေးတွေ ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ဒီအရေးကြီးအဆိုတင်သွင်းခဲ့တဲ့ ကျောက်မဲမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ကပြောပါတယ်။

ဒီအရေးကြီးအဆိုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကတည်းက ရှမ်းပြည်နယ် လွှတ်တော်မှာ တင်သွင်းထားတာဖြစ်ပြီး မနေ့က ဒီအဆိုကို ဆွေးနွေးသင့်မသင့် မဲခွဲဆုံးဖြတ်ရာမှာ တညီတညွတ်တည်း ကန့်ကွက်သူ မရှိ အားလုံး ထောက်ခံခဲ့တဲ့အတွက် ဒီကနေ့ စတင်ဆွေးနွေးခဲ့ကြတာပါ။

ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းထွန်းဉာဏ်က “ကျနော်တင်တုန်းက တိုက်ပွဲတွေ မဖြစ်အောင် တားဆီးပေးရေးလည်း ပါတာပေါ့နော်။ ဒါပေမယ့် အဲဒီအဆိုကို ပြည်ထောင်စုလွှတ်တော်မှာလည်း ဆွေးနွေးပြီးသွားပြီဆိုတော့ ကျန်တဲ့ စစ်ပြေးရှောင်ပြည်သူတွေ ခံစားနေရတဲ့ဒုက္ခ၊ ပြန်လည်ထူထောင်ရေး ကိစ္စတွေဘဲ ဆွေးနွေးကြတယ်။”လို့ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းက စစ်ရှောင်ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်နယ် လွှတ်တော်မှာ ရှမ်းပြည်နယ်နယ်စပ်ဒေသ တိုင်းရင်းသားရေးရာနဲ့ လုံခြုံရေး ၀န်ကြီး၊ ပြည်နယ်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့နေရာ ချထားရေးဝန်ကြီးနဲ့ ပြည်နယ်ဘဏ္ဍာရေး ၀န်ကြီးတို့ကလည်း လာပြီးဆွေးနွေးကြပါတယ်။

ရှမ်းနဲ့ ပလောင်တိုက်ပွဲတွေကြောင့် ကျောက်မဲခရိုင် မိုင်းလုံမြို့နယ်ခွဲ မင်းကုန်း ကျေးရွာ အုပ်စုထဲကလူ ၇ ဦးအသတ်ခံရပြီး ကျေးရွာတွေက နေအိမ်တွေ မီးလောင်ကျွမ်းခဲ့တဲ့ အပြင် စစ်ဘေးရှောင်ပြည်သူဦးရေ ၄ ထောင်ကျော် နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခိုလှုံနေကြရတာပါ။

ဒီကနေ့ ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး လုပ်ငန်းပြီးမြောက်မှု အခြေအနေတွေကို လာမယ့် မတ်လ ၂၃ ရက် ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြန်လည်သုံးသပ်ကြမယ်လို့ ဆိုပါတယ်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကျောက်မဲမြို့နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့နဲ့ ပြည်သူတွေရဲ့ဒုက္ခတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ အစိုးရဆီ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြည်သူ့လွှတ်တော်မှာလည်း တင်သွင်းဆွေးနွေး အတည်ပြုထားပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013