တယ်လီနောဖုန်းနံပတ်တလုံး ကျပ်သိန်း ၁၁၂၀ ဖြင့် လေလံရောင်းချရ
DVB
·
February 26, 2016

တယ်လီနောမြန်မာဖုန်းကုမ္ပဏီရဲ့ လေလံပွဲမှာ ခုနစ်ဂဏန်းကိုးလုံးပါတဲ့ ဖုန်းနံပါတ် ၀၉၇၇၇၇၇၇၇၇၇ ကို ဈေးအမြင့်ဆုံး ကျပ်သိန်းပေါင်း ၁၁၂၀ နဲ့လေလံတင် ရောင်းချနိုင်ခဲ့ တယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။
တယ်လီနောမြန်မာကုမ္ပဏီက ပထမဆုံး အထူးနံပါတ်တွေ လေလံတင်ရောင်းချပွဲကို မနေ့က ရန်ကုန်မှာ ကျင်းပခဲ့ရာမှာ စုစုပေါင်း ဖုန်းနံပါတ် ၅၅ ခုအတွက် ကျပ်သိန်းပေါင်း ၄၈၃၅ သိန်းအထိရောင်းချခဲ့တယ်လို့ ဆိုပါတယ်။
ကုမ္ပဏီအနေနဲ့ လေလံပွဲက ရရှိတဲ့ဝင်ငွေထဲက ငွေကျပ်သိန်းပေါင်း ၃၁၈၃ သိန်းကို မြန်မာရွေ့လျားပညာသင်ကြားရေးစီမံကိန်း (myME)က ဆောင်ရွက်နေတဲ့ ဒစ်ဂျယ်တယ် ပညာရေး အစီအစဉ်အတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။
တယ်လီနော မြန်မာရဲ့ အမှုဆောင်အရာရှိချုပ် ပတ်တာဖားဘဂ်က “အထူးနံပါတ်တွေကို ပိုင်ဆိုင်ဖို့ သုံးစွဲသူတွေအတွက် အရေးကြီးသလို ငွေကြေးချို့တဲ့ပြီး အကျိုး ခံစားခွင့်မရှိတဲ့ ကလေးတွေအတွက် ပညာရေး ထောက်ပံ့ပေးဖို့အစီအစဉ်မှာ အကူအညီပေးဖို့အားလုံးက စိတ်အားထက်သန်နေကြတယ်ဆိုတာ ထင်ထင်ရှားရှား သိမြင်နိုင်ပါတယ်။ လေလံပွဲက ရရှိလာတဲ့အကျိုးအမြတ်အားလုံးကို ၂၀၁၆ ခုနှစ်မှာ ကလေးငယ် ၅၀၀၀ ကနေ ၂၀၀၀၀ ကြားကို ပညာရေးထောက်ပံ့ပေးဖို့အတွက် myME ရဲ့ အစီအစဉ်ကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်”လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
တယ်လီနောမြန်မာအနေနဲ့ အနေနဲ့ လေလံတင်ရောင်းချပွဲတွေကို ရန်ကုန်အပြင် အခြား တိုင်းနှင့် ပြည်နယ်တွေမှာလည်း ဆက်လက်ကျင်းပသွားဖို့ ရှိနေပါတယ်။