နိုင်ငံခြားသား အယောက် ၅၀ ကို မူးယစ်ဆေးသုံးစွဲမှုဖြင့် တရုတ်ရဲ ဖမ်းဆီး

တရုတ်ရဲတွေက နိုင်ငံပေါင်း ၂၃ နိုင်ငံက နိုင်ငံခြားသား အယောက် ၅၀ ကို မူးယစ်ဆေး သုံးစွဲမှု သံသယနဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ အစောပိုင်းက ဖမ်းခဲ့တယ်လို့ အစိုးရရုပ်သံ စီစီတီဗွီက အစီရင်ခံပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း ရှန်းကျန်းမြို့ နန်ရှန်းခရိုင်က တံတားတစင်းအောက်မှာ လူအယောက် ၄၀၀ ကျော် ပါတီပွဲ တက်လာတာကို စီစီတီဗွီရုပ်သံက ပြသပါတယ်။ အဲဒီလူတွေဟာ ဒေသစံတော်ချိန် မနက် ၂ နာရီခွဲလောက်က စပြီး ဆေးခြောက်နဲ့ အဲ့စ်တက်စီ စိတ်ကြွဆေးတွေ အပါအဝင် စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးတွေကို စတင်သုံးစွဲခဲ့တယ်လို့ စီစီတီဗွီက အစီရင်ခံပါတယ်။ ရဲအယောက် ၆၀၀ ကျော်က အရပ်လေးမျက်နှာကနေ ဝိုင်းပြီး အခင်းဖြစ်ရာ နေရာကို စီးနင်းခဲ့တယ်လို့ နန်ရှန်းခရိုင် ပြည်သူ့လုံခြုံရေး ဗျူရို ဒု-ညွှန်မှူးက ပြောပါတယ်။ လူ ၄၉၁ ဦးးကို စုံစမ်းစစ်ဆေးဖို့ ခေါ်သွားခဲ့ပြီး ၁၁၈ ဦးမှာ မူးယစ်ဆေး သုံးထားကြောင်း တွေ့ခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ဆိုပါတယ်။ နိုင်ငံခြားသား အယောက် ၅၀ အပါအဝင် လူ ၉၃ ဦးကိုတော့ အုပ်ချုပ်ရေးထောင်မှာ အများဆုံး ၁၅ ရက် အချုပ်ကျခံနေရတယ်လို့ ဆင်ဟွာက အစီရင်ခံခဲ့ပါတယ်။

More News
Up