DVB Logo
Home
မေးမြန်းခန်း
ငြိမ်းချမ်းရေးကော်မတီကို ဦးဆောင်ဖို့ အစိုးရကို တိုင်းရင်သားပါတီများ တောင်းဆို
DVB
·
August 4, 2011
ငြိမ်းချမ်းရေးကော်မတီကို ဦးဆောင်ဖို့ အစိုးရကို တိုင်းရင်သားပါတီများ တောင်းဆို
Donate to DVB

သမ္မတဦးသိန်စိန် အစိုးရက ဦးဆောင်ပြီး တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး​ ကော်မတီတရပ်ဖွဲ့စည်းဆောင်ရွက်ဖို့ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား​ နိုင်ငံရေးပါတီ ငါးခုက တိုက်တွန်းလိုက်ပါတယ်။

ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတွေ မနေ့က ကြေညာချက်​ ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

တိုင်းရင်းသား​ ဒေသတွေမှာ တိုးတက်ဖွံ့ဖြိုးရေး နှေးကွေးတာကို မြှင့်တင်နိုင်ဖို့ ငြိမ်းချမ်းရေး လိုအပ်ပုံနဲ့ ငြိမ်းချမ်းရေး​ အခြေခံ​ တည်ဆောက်နိုင်ဖို့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး အပစ်ရပ်စဲကြောင်း ကြေညာပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

စစ်ပွဲကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို လူသားချင်း စာနာတဲ့ အကူအညီပေးဖို့ အစိုးရနဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေကို မေတ္တာရပ်ခံထားပါတယ်။

ဒီသဘောထား​ ထုတ်ပြန်ရာမှာ ပါတဲ့ ချင်းအမျိုးသား​ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ပူဇိုဇမ်ကို ကိုအေးနိုင်က မေးထားပါတယ်။



[caption id="attachment_13712" align="alignright" width="310" caption="ပူဇိုဇမ် (ဓာတ်ပုံ-ဒီဗွီဘီ)"][/caption]

မြန်မာပြည်မှာ အစိုးရနဲ့ တိုင်းရင်းသား​ လက်နက်ကိုင် အဖွဲ့အစည်းတွေ​ ကြားမှာ ပစ်ခတ်မှုတွေ ဖြစ်နေတော့ ဘာတွေ​ ဆိုးကျိုးသက်ရောက်တာ မြင်လို့ အန်ကယ်တို့က အခုလို တိုက်တွန်း တောင်းဆိုရတာပါလဲ။

“နှစ်ဦးနှစ်ဖက်မှာ စစ်မက် ဖြစ်ပွားခြင်းအားဖြင့် ကျနော်တို့ ထိခိုက်နစ်နာတာကတော့ အားလုံးပါပဲ။ အဓိကကတော့ ပြည်သူလူထုကတော့ ဘာမှန်းညာမှန်း မသိဘဲနဲ့ သူက သေကျေဒဏ်ရာရပြီးမှ ထွက်ပြေးတိမ်းရှောင် နေရတဲ့ဟာတွေက တော်တော်လေးကို အရုပ်ဆိုးပါတယ်။ လွတ်လပ်ရေး မတိုင်ခင် ကတည်းက ကျနော်တို့ မြန်မာပြည်မှာက ဒီအကျင့်က ရှိနေခဲ့တယ်။ အစိုးရ အဆက်ဆက်မှာလည်း ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီဟာကို ကျနော်တို့ ဒီအချိန် ဒီအခါမှာတော့ အစိုးရသစ်အနေနဲ့ ကြိုးစားသင့်ပါတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောပေးရတဲ့ အခြေအနေမှာ ရှိပါတယ်။”

မြန်မာနိုင်ငံမှာ အပစ်ရပ်ရေး ငြိမ်းချမ်းရေးတည်ဆောက်ရေးက ဘယ်လောက် ထိအောင် ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း အရေးကြီးတယ်လို့ အန်ကယ်တို့ နိုင်ငံရေး ပါတီတွေကနေ ယူဆပါသလဲ။

“တော်တော်လေး လေးနက်ပါတယ် အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အခု လောလောလတ်လတ် ပြန်လည်ပြီးတော့ တိုက်ပွဲဖြစ်နေကြတဲ့ ဒေသမှာကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတော့ အများအမြင်မှာတော့ ငြိမ်းချမ်းရေး​ ရတယ်လို့ ထင်ကြပါတယ်။ တကယ်တမ်းတော့ ဒီငြိမ်းချမ်းရေးဟာ အပြင်မှာ သေနတ်သံမကြားတဲ့ ငြိမ်းချမ်းရေးအဆင့်လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နှလုံးသားထဲမှာတော့ တိုက်ပွဲတော့ ရှိနေတုန်းပဲဆိုတာ ကျနော်တို့က လေ့လာသုံးသပ်မိပါတယ်။ အပြင်မှာ သေနတ်သံမကြားတာနဲ့ ငြိမ်းချမ်းရေး ရတယ်လို့ ကျနော်တို့ ပြောလို့ မရပါဘူး။ အရေးကြီးတာကတော့ အထဲမှာ သူတို့နှလုံးသားထဲမှာ တိုက်ပွဲမဝင်တဲ့ ကာလတခု ရနိုင်ဖို့ပဲ အရေးကြီးပါတယ်။”

ကျနော်တို့ ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဆက်သွယ် မေးမြန်းတဲ့အခါမှာ သူတို့ ပြောတာက အဖွဲ့တိုင်းလိုလိုရဲ့ ဘုံရပ်တည်ချက် သဘောထားကတော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ရရှိဖို့အတွက် အာမခံချက် ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုတရပ် ပေါ်ထွန်းရေးအတွက် သူတို့ တော်လှန်တိုက်ခိုက်နေရတာပါလို့ ပြောတယ်။ အဲဒီတော့  အန်ကယ်တို့ မြေပေါ် တိုင်းရင်းသား နိုင်ငံရေးပါတီတွေကရော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ လိုလားချက်နဲ့ တထပ်တည်းကျလား၊ ဒါမှမဟုတ်ရင် ဘယ်နေရာတွေမှာ ကွာခြားချက်တွေ ရှိပါသလဲ။

“ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် ကျနော်တို့ မြေပေါ်မှာ အခု နိုင်ငံရေးထဲကို ဝင်သွားတဲ့ ရွေးကောက်ပွဲနဲ့ ဝင်တဲ့ဝင်တဲ့ တိုင်းရင်းသားဆိုတာ အခု လက်နက်ကိုင်ပြီးမှ ငြိမ်းချမ်းရေးအတွက် တိုက်နေကြတဲ့ တိုင်းရင်းသားတွေနဲ့ ကျနော်တို့က ညီအစ်ကိုတွေပါ။ ဘာဖြစ်လို့လဲဆိုတော့ ရှင်းရှင်းလေးပဲလေ။ ကျနော်တို့ရဲ့ ညီအစ်ကိုမောင်နှမအားလုံးက အခု လက်နက်နဲ့ တိုက်ပွဲဝင်နေကြတယ် ဆိုတဲ့ ကိစ္စက အလေးအနက်ထား စဉ်းစားရမယ့် ကိစ္စပါ။ သူတို့မှာ သူတို့နယ်မြေကို ကာကွယ်ချင်တဲ့ ဆန္ဒရှိတယ်။ သူတို့ရဲ့ ရပိုင်ခွင့်တွေ ကာကွယ်ချင်တယ်။ သူတို့ နစ်နာချက်တွေကို ကာကွယ်ချင်တယ်။ သူတိုဆီမှာ ဒုက္ခရောက်နေတဲ့ ဟာကို သူတို့က တိုးတက် ဖွံ့ဖြိုးစေချင်တယ်ပေါ့ သဘောကတော့။ အဲဒါကို ကာကွယ်ရင်းနဲ့ သူတို့က လက်နက်ကိုင်ရတဲ့အဆင့် ရောက်သွားပါတယ်။ အဲဒါ ကျနော်တို့ အာလုံး နားလည်ပေးဖို့ လိုပါတယ်။ လူတိုင်းလူတိုင်း နားလည်သင့်တဲ့ အရာပါ။ ဘာဖြစ်လို့ လက်နက်ကိုင်ပြီးတော့ တိုက်ပွဲဝင်နေကြသလဲဆိုတော့ ကျနော်တို့ ကတော့ ငြိမ်းချမ်းရေးလိုချင်လို့ တိုက်ပွဲဝင်တယ်။ တန်းတူညီတူမှု လိုချင်လို့ တိုက်ပွဲဝင်တယ် ဆိုတဲ့ဟာကတော့ ကျနော် နည်းနည်းမှ လျှော့လို့ မရတဲ့ ကိစ္စပါ။”

အန်ကယ်တို့ မြေပေါ်တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဒီ ဘုံရပ်တည်ချက် သဘောထားအပေါ်မှာ တယောက်နဲ့ တယောက် တိုင်တိုင်ပင်ပင် ဆွေးနွေးညှိနှိုင်းတာမျိုး လုပ်ကြလား။ ဒါမှမဟုတ်လို့ရှိရင် လုပ်ခွင့်ရော ရကြရဲလားဗျာ။ ဘာ အကန့်အသတ်တွေ ရှိပါသလဲ။

“ဒီမှာတော့ ကျနော်တို့ အတတ်နိုင်ဆုံး အခု နောက်ပိုင်းပေါ့ဗျာ အရင်တုန်းကတော့ လုံးဝမရှိဘူးပေါ့ဗျာ။ အခုအစိုးရသစ်နောက်ပိုင်းမှာ ကျနော်တို့က ရသင့်သလောက် ရပါတယ်ခင်ဗျာ။ တခုပဲ ရှိတာပေါ့ဗျာ ကျနော်တို့ရဲ့ စွမ်းဆောင်ရည် နည်းပါးလို့ မရနိုင်တာရှိရင် ရှိပါလိမ့်မယ်။ တကယ်တမ်းတော့ ကျနော်တို့ တိုင်းရင်းသား အားလုံး စုစုပေါင်းပေါင်းနဲ့ သွေးစည်းညီညွတ်မှု ဖော်ပြနိုင်တဲ့ ဆွေးနွေးညှိနှိုင်းမှုမျိုး၊ အရာရာကို သုံးသပ်ဝေဖန်မှုမျိုး၊ ကြေညာချက်တွေ ထုတ်နိုင်တဲ့ အခြေအနေတော့ ကျနော်တို့မှာ ရှိပါတယ်။”

အန်ကယ်တို့တောင်းဆိုခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်ခတ်ရပ်စဲ ကြဖို့၊ ဆွေးနွေးကြဖို့ တိုက်တွန်းချက်က သမ္မတကြီး ဦးသိန်းစိန် နိုင်ငံတော် ရှေ့ဆက်သွားမယ့် မူဝါဒတွေနဲ့ ကိုက်ညီမှု ရှိရဲ့လား။ လွဲချော်နေတာများ ရှိလား။

“မရှိပါဘူးလို့ ကျနော်တို့ သုံးသပ်ထားပါတယ်။ အဲဒါကြောင့်လည်းပဲ ကျနော်တို့ ကြေညာကို ထုတ်ရတာပါ။ သမ္မတကြီးကိုယ်တိုင် ငြိမ်းချမ်းရေးအတွက် သူက ဦးဆောင်ပြီးတော့ ပါဝင်ပါလိမ့်မယ်။ သူ့ရဲ့ မဟာရည်မှန်းချက်ထဲမှာ ဒါလည်း ပါလိမ့်မယ်လို့ ကျနော်တို့က သုံးသပ်မိပါတယ်။”

ကမ္ဘာသိ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ အပစ်အခတ် ရပ်စဲရေး ကိစ္စမှာ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား သူလည်း ပါဝင်ဆောင်ရွက်ချင်တယ်ဆိုပြီး ပန်ကြားထားတယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ရဲ့ အခန်းကဏ္ဍကို အန်ကယ်တို့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ဒီငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်မှာ ဘယ်လို ထည့်သွင်း စဉ်းစား ထားပါသလဲ။

“ထည့်သွင်း စဉ်းစားထားပါတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ရယ်တော့ မဟုတ်ပါဘူးဗျာ။ ကျနော်တို့ ကြေညာထဲမှာ ဖော်ပြထားပါတယ်။ ဒါက အစိုးရသစ်ရဲ့ ဦးဆောင်မှုအောက်မှာပေါ့ဗျာ။ ညီနောင်တိုင်းရင်းသားပါတီများ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဂုဏ်သိက္ခာရှိပုဂ္ဂိုလ်၊ နောက်ပြီးတော့ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးကော်မတီလို့ ကျနော်တို့က ဖော်ပြထားပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဒီဟာတွေက မရှိမနေ လိုအပ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။”

ကျနော်တို့ လတ်တလောမှာ ဆောင်းပါးတွေမှာပဲ ဖြစ်ဖြစ် တွေ့တာက အပစ်အခတ် ရပ်စဲရေးကို မလုပ်ဆောင်နိုင်ရင် ပြည်တွင်းစစ်မီး တောက်လောင်ပြီးတော့ ဒေသတွင်း နိုင်ငံတွေကိုပါ ဒုက္ခသည် ပြဿနာမျိုးပေါ့နော် ရိုက်ခက်မယ်ဆိုပြီး တွက်ချက်တာတွေ ရှိတယ်ဗျာ။ ဒီကိစ္စကို အမြန်ဆုံး ရပ်တန့်အောင် အစိုးရကိုရော တိုင်းရင်းသား လက်နက်ကိုင်တွေကိုရော အန်ကယ်က ဘယ်လိုများ ပြောကြားချင်ပါသလဲ။

“အဲဒါကတော့ ပထမဦးဆုံးပေါ့ဗျာ ကျနော်တို့ တိုက်ကြ၊ ခိုက်ကြ၊ ပစ်ကြ လုပ်နေတဲ့ဟာတွေက ချက်ချင်းရပ်ဖို့ လိုပါတယ်။ သေနတ်သံစဲဖို့ လိုပါတယ်။ ပထမဦးဆုံးအဆင့်အနေနဲ့။ ပြီးလို့ရှိရင် ဒီအပြင်မှာ ပစ်သံခတ်သံတွေ စဲရုံနဲ့ မပြီးသေးပါဘူး။ သူတို့ရဲ့ ခံစားချက်တွေ၊ သူတို့ရဲ့ နှလုံးသားဒဏ်ရာတွေကို ကုစားပေးဖို့ ဝိုင်းဝန်းပြီးမှ စဉ်းစားဆွေးနွေးပေးဖို့ လိုပါလိမ့်မယ် ခင်ဗျ။”

ဟုတ်ကဲ့ ဒီလိုမျိုး တိုက်ပွဲတွေ မရပ်ရင်၊ နိုင်ငံရေးဆွေးနွေးမှုတွေ မလုပ်ရင် အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်မယ်လို့ အန်ကယ်တို့ တွက်ချက်ထားပါသလဲ။

“ဘာတွေဖြစ်နိုင်မလဲဆိုတာကတော့ ကျနော်တို့ ခန့်မှန်းတောင် မခန့်မှန်းရဲတော့ပါဘူးဗျာ။ ဒီ ငြိမ်းချမ်းရေးမရလို့ကတော့ တောင်ပေါ်မှာရှိတဲ့ တောတောင်ကြားမှာရှိတဲ့ ကျေးရွာ ဇနပုဒ်လေးတွေက ပိုပြီးတော့ အခြေအနေ ဆိုးပါလိမ့်မယ်။ ကျနော်တို့က အသက်ရှင်တယ် ဆိုတဲ့ နေရာမှာ အသက်ငင်နေတဲ့ အဆင့်ပါခင်ဗျ။ အသက်ငင်နေတဲ့ အဆင့်နဲ့ ကျနော်တို့က လုပ်ကိုင်စားသောက် နေထိုင်ရပါတယ်။ ကိုယ်တွေ့ခံစားမှပဲ ဒီလိုဘဝမျိုး ရှိပါလားလို့ ခင်ဗျားတို့ ကျနော်တို့ကို ကိုယ်ချင်းစာကြလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013