Sunday, May 28, 2023
HomeLead Storyတိုင်းရင်းသားတပ်ဖွဲ့ချင်း တိုက်ခိုက်သည့်နယ်မြေတွင်း တပ်မတော်က ၀င်ရှင်း

တိုင်းရင်းသားတပ်ဖွဲ့ချင်း တိုက်ခိုက်သည့်နယ်မြေတွင်း တပ်မတော်က ၀င်ရှင်း

တအာင်း ပလောင်လွတ်မြောက်ရေးတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းတို့ တိုက်ခိုက်နေကြတဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနဲ့ နမ့်ဆန်မြို့နယ်ထဲမှာ မြန်မာ့ တပ်မတော်က အဲဒီအဖွဲ့တွေကို ၀င်ရှင်းနေတယ်လို့ နိုင်ငံပိုင်သတင်းမှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲကြောင့်ဒေသခံတွေ ဒုက္ခရောက်နေရတဲ့အတွက် အာရ်စီအက်စ်အက်စ် ရှမ်းတပ်ကို ထွက်ခွာသွားဖို့ ဖေဖော်ဝါရီလ ၁၂ ရက်က အကြောင်းကြားခဲ့ကြောင်း၊ ဒါပေမယ့် ရှမ်းတပ်ဘက်က ပြန်လည်ထွက်ခွာမှာမဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့တာကြောင့် နယ်မြေခံ တပ်တွေနဲ့ ၀င်ရောက်ရှင်းလင်းနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့အပြောကို ကိုးကား ပြီး သတင်းမှာ ဖော်ပြပါတယ်။ ထိတွေ့တိုက်ပွဲဖြစ်တဲ့သတင်းတွေတော့ မကြားသိရသေး ပါဘူး။

အစိုးရတပ်ဟာ တီအန်အယ်လ်အေကိုလည်း ရှင်းလင်းတိုက်ခိုက်နေတယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန ဒုဝန်ကြီးက ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လွှတ်တော်ထဲမှာ ပြောကြားခဲ့ ပါတယ်။

တီအန်အယ်လ်အေဘက်ကလည်း အစိုးရတပ်က နယ်မြေထဲဝင်လာတာကြောင့် နမ့်ဆန်မြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၁၄ မှ ၂၅ ရက်အတွင်း တိုက်ပွဲပေါင်း ၇ ကြိမ်ထက်မနည်းဖြစ် ပွါးပြီး ဖေဖော်ဝါရီလ ၁၇ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ ဝေဟင်ကနေ ရဟတ်ယာဉ် ၂ စီးစီနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိတီအန်အယ်လ်အေ ထိန်းချုပ်ဒေသထဲမှာ မြန်မာ့တပ်မတော်က အင်အား ၁၀၀၀ ကျော် ရောက်ရှိနေပြီး သူတို့အနေနဲ့ ဘိုးဘွားလက်ထက်ကတည်းက နေလာတာကြောင့် ဆုတ်စရာမြေမရှိကြောင်း၊ ဘယ်တပ်ကဘဲဝင်လာလာ ခုခံရမှာဘဲလို့ တီအန်အယ်လ်အေ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ တာ့ပန်လက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့တော့ ဆုတ်ခွာစရာမရှိဘူး။ ဒါကျနော်တို့နယ်မြေဖြစ်တယ်။ ကျနော်တို့ အဘိုးအဘွား ကျနော်တို့ပြည်သူတွေရော ဒီမှာဘဲနေတယ်။ ဘယ်တပ်ဘဲလာလာ ကိုယ့် ကိုယ်ကိုတော့ ခုခံကာကွယ်သွားရမှာဘဲ။ တိုက်ပွဲကြောင့် ပြည်သူတွေဒုက္ခရောက်နေရ တယ်။ ကျနော်တို့လည်း ဒီလိုဖြစ်တာကို မမြင်လိုပါဘူး။ အခုက အာရ်စီအက်စ်အက်စ်က အန်စီအေလက်မှတ်ထိုးပြီးတဲ့နောက် ဒီဘက်ကို အင်အားတွေအများကြီးချဲ့လာတယ်။ လက်မှတ်မထိုးခင်က နမ့်ခမ်းဘက်မှာ အင်အား ၃၀၊ ကျောက်မဲဘက်မှာ အင်အား ၅၀ လောက်ဘဲရှိတယ်။ အခုသူတို့ ၂ ထောင်ကျော် ၃ ထောင်နီးပါး ရောက်လာတယ်။ ရှမ်းပြည် တောင်ပိုင်းကနေ မြောက်ပိုင်းဘက်ကို သေနတ်သံတချက်မှ မထွက်ဘဲ ရောက်လာနိုင်တာ ဟာ အစိုးရတပ်ရဲ့ ပူးပေါင်းပါဝင်မှုပါတယ်လို့ ကျနော်တို့သုံးသပ်တယ်။ ကျနော်တို့တိုက်ပွဲ ဖြစ်ပြီးတဲ့နောက် အစိုးရတပ်က နှစ်ဖွဲ့လုံးဖယ်ခိုင်းပြီး နယ်မြေထဲဝင်တယ် ရှင်းလင်းတယ် ထိန်းသိမ်းတယ်ဆိုတာဟာ သက်သက်နိုင်ငံရေးအရ အမြတ်ထုတ်တယ်လို့ ကျနော်တို့ အဲလိုဘဲမြင်တယ်။”

အာရ်စီအက်စ်အက်စ်၊ ရှမ်းပြည်တပ်မတော် ဘက်ကတော့ TNLA ကို အန်စီအေ (တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စာချုပ်)မှာ ပါဝင်လက်မှတ်ရေးထိုးစေလိုကြောင်း၊ အဲဒီနောက် နိုင်ငံရေးအတွက် အတူတကွဆွေးနွေးကာ ရှမ်းပြည်အကျိုးစီးပွားအတွက် လုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မှာ ၀န်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာအဖွဲ့နဲ့ တွေ့ဆုံစဉ် ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။

အစိုးရတပ်ဘက်က ညွှန်ကြားထားတဲ့ တပ်ဆုတ်ခွါရေးနဲ့ပတ်သက်လို့တော့ ရှမ်းပြည် တပ်မတော်ကို ထပ်မံဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကတော့ စစ်ဘေးရှောင်ပြည်သူများအပေါ် ငဲ့ညာပြီး တိုက်ပွဲဖြစ်စေမယ့်ကိစ္စ ရှောင်ရှားသင့်ကြောင်း ဒီဗွီဘီ ကို ပြောပါတယ်။

“မနေ့ညက နမ့်ဆန်ဘက်က စစ်ဘေးရှောင်ပြည်သူ ၇၀ ကျော် ကျောက်မဲဘက်ကို ထပ်ပြီး တိမ်းရှောင်လာတယ်လို့ ကျနော်တို့သိရတယ်။ ဒါက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထဲမှာ အစိုးရတပ်နဲ့ တီအန်အယ်လ်အေကြား တင်းမာမှုကြောင့်ပေါ့။ နောက်ပြီး ရှမ်းပြည် မြောက်ပိုင်းဘက်မှာရှိတဲ့ အာရ်စီအက်စ်အက်စ်ရှမ်းတပ်ကိုလည်း ဆုတ်ခိုင်းထားတာ၊ ဆုတ်မသွားဘူးဆိုရင် တပ်အင်အားသုံးဖြေရှင်းမယ့်သဘော ရှိတယ်။ အဲဒီခါမှာ စစ်ပြေး ရှောင်ပြည်သူတွေ ပိုတိုးလာမယ်။ ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးဘက်မှာ ပြီးခဲ့တဲ့နှစ်က တိုက်ပွဲ ကြောင့် ခုထိအိမ်မပြန်ရသေးတဲ့ ပြည်သူတွေအများကြီး ရှိသေးတယ်။ အခုမြောက်ပိုင်းမှာလဲ စစ်ဘေးရှောင်ပြည်သူတွေ၊ နောက်ထပ်လည်း ပြေးရဦးမယ်ဆိုရင် သူတို့ရှေ့ရေးနဲ့ ဘ၀ ရပ်တည်ဖို့က တော်တော်ခက်ခဲသွားမယ်။ ကျနော်တို့ရှမ်းပြည်က စစ်ဘေးရှောင်ပြည်သူတွေ နဲ့ ပြည့်နေမယ်။ ဒါကြောင့် ကျနော်တို့နိုင်ငံရေးပါတီ အနေနဲ့ကတော့ မိဘပြည်သူတွေကို ထောက်ထားပြီး တိုက်ပွဲဖြစ်စေမယ့် ကိစ္စတွေကို ရှောင်ရှားဖို့၊ သူတို့ဘ၀လုံခြုံရေးအတွက် ၀ိုင်းဝန်းဆောင် ရွက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား အခုလိုပဋိပက္ခဖြစ်ရတဲ့အကြောင်းအရင်းဟာ ၂၀၀၈ အခြေခံဥပဒေကြောင့် ဖြစ်ကြောင်း၊ အဲဒီ ဥပဒေအရ ပြည်နယ်ထဲက လူမျိုးစုတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနယ်မြေတွေ ခွဲပေးလိုက်ခြင်းအားဖြင့် အတူနေလူမျိုးစုတွေကြား နယ်မြေ ပိုင်ဆိုင်မှု ပြဿနာပေါ်ပေါက်လာကြောင်း၊ ယခင်စစ်အစိုးရက နယ်မြေခွဲဝေသတ်မှတ်ပေး ခဲ့ရာမှာ ရှမ်းပြည်သူပြည်သားများအားလုံးရဲ့ သဘောဆန္ဒကို မေးမြန်းခြင်း မပြုခဲ့သလို၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရဘဲ စစ်အစိုးရ အုပ်ချုပ်မှုအောက်မှာဘဲ ရှိနေတာကြောင့် ပေးသူအတွက်လည်း မသက်သာသလို ရယူ အတွက်လည်း အမှန်တကယ်မရရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

ဒါကြောင့် အခုလက်ရှိအချိန်မှာ ဘယ်သူမှဆုံးဖြတ်ပိုင်ခွင့်မရှိသေးတဲ့ နယ်မြေကိစ္စ အငြင်းပွား တာထက် ရေရှည်နောင်ရေး တိုင်းရင်းသားအခွင့်အရေးနဲ့ တန်းတူညီမျှရေးတွေအတွက် တိုင်းရင်းသားအချင်းချင်း ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ဦးစိုင်းလိတ်က ပြောသွားပါ တယ်။

တီအန်အယ်လ်အေနဲ့ အာရ်စီအက်စ်အက်စ်ကြား ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်ကနေ ဖေဖော်ဝါရီလလယ်ထိ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာဘက်မှာ စစ်ဘေးရှောင်ပြည်သူပေါင်း ၁၀၀၀ ကျော်၊ ကျောက်မဲမြို့ပေါ် မှာ ၄ ထောင်ကျော်ရောက်လာပြီး စစ်ရှောင်စခန်းကို ရောက်မလာဘဲ အခြားဒေသဘက် ထွက်ခွာ သွား သူတွေလည်း ရာဂဏန်းထိ ရှိနေပါတယ်။

ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ကျောက်မဲ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက လက်ရှိကျောက်မဲမြို့ပေါ်မှာ ဒုက္ခသည်စခန်း ၂၁ ခုထိ တိုးချဲ့ထား ရတယ်လို့ ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့လုံး ဆိုင်နေကြတဲ့အတွက် တိုက်ပွဲဖြစ်လို့ စစ်ဘေးရှောင်တွေ ထပ်ရောက်လာရင် ကျောက်မဲမြို့ပေါ်မှာ ထားစရာနေရာမရှိတော့သလို ရေရှည် စားဝတ်နေရေး၊ ကျန်းမာရေးထောက်ပံ့ ကူညီမှုတွေလည်း အခက်အခဲရှိလာနိုင်တယ်လို့ သူက ပြောသွားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular