DVB Logo
Home
မြန်မာသတင်း
မူးယစ်တိုက်ဖျက်ရေးတွင် အစိုးရက ကူညီပံ့ပိုးပေးဖို့အဆို လွှတ်တော်အတည်ပြု
DVB
·
February 25, 2016
မူးယစ်တိုက်ဖျက်ရေးတွင် အစိုးရက ကူညီပံ့ပိုးပေးဖို့အဆို လွှတ်တော်အတည်ပြု
Donate to DVB

မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းများမှာ အစိုးရက ကူညီပံ့ပိုးပေးရန် အရေးကြီး အဆိုကို ပြည်သူ့လွှတ်တော်က ထောက်ခံမဲအများစုနဲ့ အတည်ပြုလိုက်ပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးရဲ့ “မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးတွင် ပြည်သူလူထု ပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံ ရန်နှင့် ဟန့်တားနှောင့်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ်ပေးရန်အပြင် ထိရောက်သော ကူညီပံ့ပိုးမှုများကို အမြန်ဆုံးဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ လွှတ်တော် က တိုက်တွန်းကြောင်း” အရေးကြီးအဆိုကို ကိုယ်စားလှယ် ၂၃ ဦးက ထောက်ခံဆွေးနွေးပြီး ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သက်ဆိုင်ရာဝန်ကြီးဌာနက လာရောက်ရှင်း လင်းဖြေကြားခြင်း မရှိပေမယ့် လွှတ်တော်လုပ်ထုံးလုပ်နည်းတွေအရ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုတယ်လို့ ကြေညာခဲ့ပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား ဦးလဂန်ဇယ်ဂျုံး တင်သွင်းသွားတဲ့အဆိုကို ကိုယ်စားလှယ် ၂၃ ဦးက ဆွေးနွေးပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနများကတော့ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း မရှိပါဘူး၊ဒီအဆိုနဲ့ စပ်လျဉ်းပြီး လွှတ်တော်ရဲ့သဘောထား ရယူရန် စက်ခလုတ်အသုံးပြု ဆန္ဒမဲပေးတဲ့နည်းလမ်းဖြင့် ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။”

မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၃၉၈၊ ကန့်ကွက် ၂၊ ကြားနေ ၁၀ မဲနဲ့ အရေးကြီးအဆိုကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

လတ်တလော ကချင်ပြည်နယ်အတွင်း လူမှုအဖွဲ့အစည်းများက ဦးဆောင်ပြီး ဘိန်းခင်းများ ဖျက်စီးနေတဲ့နေရာမှာ အစိုးရက ကူညီပံ့ပိုးပေးဖို့ အဆိုကို လွှတ်တော်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ပထမအကြိမ်ပြည်သူ့လွှတ်တော်တက်ခဲ့တဲ့ သီပေါအမတ်ဟောင်း ဦးရဲထွန်းက သူတို့တက်ခဲ့ တဲ့ လွှတ်တော်မှာ အခုလိုမျိုး သက်ဆိုင်ရာဌာနက လာပြီး မရှင်းလင်း မဆွေးနွေးတာမျိုး တကြိမ်တခါမှ မရှိခဲ့ဘူးလို့ ပြောပါတယ်။

“တခါမှ မရှိခဲ့ဘူး။ သူတို့ ဒီ အဆိုနဲ့ ပတ်သက်လို့ သဘောတူသည်ဖြစ်စေ သဘောမတူသည် ဖြစ်စေ သူတို့ လက်ခံဆောင်ရွက်နေသည်ဖြစ်စေ တခုခုတော့ သူတို့ လာပြောတာပဲ၊ လွှတ်တော်မှာတင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ သူတို့ တခုခုတော့ လာပြောဖို့ သင့်တာပေါ့။ ကျနော်တို့ ပထမအကြိမ်တုန်းက သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့က ပေးပို့တဲ့ ထင်မြင်ချက် သဘောထား ရှင်းပြချက်ကို သမတရုံးက ဒုဝန်ကြီး တယောက်ယောက်က လာပြီးတော့ ရှင်းပြလေ့ ရှိတယ်”

ဒီကိစအပေါ်မှာ အစိုးရအနေနဲ့ ပြတ်သားတဲ့ သဘောထား မရှိလို့ လာ မရှင်းပြတာလဲ ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ သမ္မတရုံး ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက လွှတ်တော်မှာ အစိုးရက လာရောက်ရှင်းလင်းခြင်းကိစ္စကို မကြာခင်လူသိရှင်ကြား ထုတ်ပြန်မယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013