ဗြိတိန်တွင် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားစက်ရုံဟောင်း ပြိုကျ၊ ပျောက်ဆုံးသူ ၃ ဦးကို ရှာဖွေ

ဓာတ်ပုံ - ရိုက်တာ
ဗြိတိန်နိုင်ငံ အောက်စဖို့စ်ရှိုင်းယား (Oxfordshire) ခရိုင်မှာရှိတဲ့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားထုတ် စက်ရုံဟောင်းကို ဖြုတ်သိမ်းနေချိန် ပြိုကျခဲ့လို့ ပျောက်ဆုံးသူ ၃ ဦးကို အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဆက်လက် ရှာဖွေနေကြပါတယ်။ အမြင့်ပေ ၁၀၀၀ နီးပါးရှိတဲ့ ဒစ်ဒ်ကော့ (Didcot) လျှပ်စစ်ဓာတ်အားပေးစက်ရုံဟောင်း တခြမ်းလုံး ပြိုကျသွားပြီး အမြင့်ပေ ၃၀ ကျော်ရှိတဲ့ သံတိုသံစ အပျက်အစီးပုံကြီး ဖြစ်သွားခဲ့တာပါ။ လူ ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပေမယ့် ဒဏ်ရာရသူ ဘယ်သူမှ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူးလို့ ဆေးရုံအာဏာပိုင်တွေက ပြောဆိုပါတယ်။ အနံ့ခံခွေးတွေရော၊ အဆင့်မြင့် ဒရုန်းလေယာဉ်ငယ်တွေနဲ့ပါ ပျောက်ဆုံးနေသူ ၃ ဦးကို ရှာဖွေနေပြီး အရိပ်အယောင်တောင် မတွေ့သေးဘူးလို့ ပြောဆိုပါတယ်။ ဒေသခံ မီးသတ်တပ်ဖွဲ့က အတော့်ကို အခြေအနေဆိုးတဲ့ မတော်တဆမှုကြီးလို့ ပြောပါတယ်။ ဒီစက်ရုံဟောင်းကို တစစီဖြုတ်သိမ်းနေတဲ့ ဒေသခံကုမ္ပဏီကလည်း သက်ဆိုင်ရာ ဌာနတွေအားလုံး ထိခိုက်ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေနဲ့ပါ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ဒီကျောက်မီးသွေး လျှပ်စစ်ဓာတ်အားထုတ်စက်ရုံကို ၄၃ နှစ်ကြာ လည်ပတ်ခဲ့ပြီး ၂၀၁၃ ခုနှစ်က လုံးဝ ရပ်ဆိုင်းခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up