Home
မြန်မာသတင်း
ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီတရပ် ဖွဲ့စည်းရေး တိုင်းရင်းသားပါတီများ တောင်းဆို
DVB
·
August 4, 2011
ပြည်တွင်း ငြိမ်းချမ်းရေးကော်မတီ တရပ် ဖွဲ့စည်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပဖို့ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ၅ ပါတီက ဒီနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ တိုင်းရင်းသားပါတီရဲ့ ကြေညာချက်ပါ အဓိကအချက်တွေနဲ့ ပတ်သက်လို့ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ခုလို ပြောပြပါတယ်။ “ညီနောင်တိုင်းရင်းသားပါတီများ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ဂုဏ်သိက္ခာရှိ ပုဂ္ဂိုလ်များနဲ့ ကျွမ်းကျင်ပညာရှင်များ ပါဝင်သော ငြိမ်းချမ်းရေး ကော်မတီတရပ် ဖွဲ့စည်းကာ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပပေးသင့်ကြောင့် တိုက်တွန်း အပ်ပါတယ် ဆိုပြီးတော့ပါတယ်။ နောက်တခုကတော့ လက်နက်ကိုင် ပဋိပက္ခများကြားမှ အပြစ်မဲ့ ပြည်သူများဟာ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသများက ပြည်သူများကဲ့သို့ပင် ဘေးဒုက္ခက အကြီးအကျယ် ရောက်နေပါတယ်။ အဲဒါကြောင့် ဒုက္ခရောက်နေတဲ့ ဒေသခံ ပြည်သူတွေ အတွက်ပေါ့ဗျာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို ပံ့ပိုးကူညီပေးကြပါရန် နိုင်ငံတော် အစိုးရသစ်ရယ်၊ ပြည်တွင်းပြည်ပ ပရဟိတအဖွဲ့တွေနဲ့ အလှူရှင်တွေကို ကျနော်တို့က အထူး မေတ္တာရပ်ခံတာ ဖြစ်ပါတယ်။” ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ကလည်း အလားတူကြေညာချက်ထုတ်ပြန်ခဲ့ဖူးပြီး အခုက ပြည်တွင်ငြိမ်းချမ်းရေးအတွက် ဒုတိယအကြိမ် ထုတ်ပြန်လိုက်တဲ့ ကြေညာချက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ချင်းအမျိုးသားပါတီ၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ဖလုံစဝေါ်ပါတီ စတဲ့ပါတီတွေ စုပေါင်းပြီး ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024