ချန်ပီယံလိဂ်ပွဲစဉ် အာဆင်နယ် ၀ – ၂ ဘာစီလိုနာ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ဒုတိယအဆင့် ရှုံးထွက်ပြိုင်ပွဲရဲ့ ပထမအကျော့ ပွဲစဉ်မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်က စပိန် လာလီဂါထိပ်သီး ဘာစီလိုနာကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်ညက အဲမရိတ်မှာကစားတဲ့ ပွဲရဲ့ ပထမပိုင်းမှာ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေကျခဲ့ပါတယ်။ အာဆင်နယ်က ချိန်ဘာလိန်နဲ့ ဂျီရူးတို့ ဂိုးသွင်းဖို့ အခွင့်အရေး ရရှိခဲ့ပေမယ့်လည်း ဂိုးအဖြစ် ဖန်တီးနိုင်ခဲ့ခြင်း မရှိပါဘူး။ ပထမပိုင်း တပိုင်းလုံးမှာ အာဆင်နယ် ကစားတာ ကောင်းနေတဲ့အတွက် ဘာစီလိုနာတို့ ဂိုးသွင်းဖို့ အခွင့်အရေး မရခဲ့ပါဘူး။ ဘာစီလိုနာအတွက် အဖွင့်ဂိုးကို မက်ဆီက ဒုတိယပိုင်း ပွဲချိန် ၇၁ မိနစ်မှာ သွင်းယူပါတယ်။ ဒီနောက် ဒုတိယဂိုးကို ပွဲချိန် ၈၃ မိနစ်မှာ ပင်နယ်တီကတဆင့် မက်ဆီကပဲ သွင်းယူသွားပါတယ်။ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ်လည်း မက်ဆီ ရွေးချယ်ခံခဲ့ရပါတယ်။ ဒီပွဲမှာ ဘာစီလိုနာတို့ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရရှိခဲ့ပါတယ်။ ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ မတ်လ ၁၆ ရက်ကျရင် ဘာစီလိုနာကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။

More News
Up