လိပ်ပြာသန့်ပြီး သိက္ခာခန့်တဲ့ နိုင်ငံသစ်တည်ရအောင်

လူ့လောကကြီးမှာ၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတွေမှာ သီလမစင်ကြယ်တဲ့သူ၊ သိက္ခာမရှိတဲ့ အဖွဲ့အစည်းဆိုရင် ဘယ်သူကမှ တန်ဖိုးမထားသလို လေးစားမှုလည်း မပြုကြဘူး။ ဒီနေရာမှာ လူသူအများက လေးစားကြည်ညို အားကျရတဲ့ သီလကို အခြေခံတဲ့ သိက္ခာဆိုတာရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင် အဲ့ဒီ လူအများ လေးစားကြည်ညို အားကျရတဲ့ သီလကို အခြေခံတဲ့ သိက္ခာဆိုတာနဲ့ ပတ်သက်လို့ ထင်ရှားသိစေလိုတာမို့ အခါတပါးမှာ အမျိုးမာန်ကြီးတဲ့ သမဏဗြဟ္မဏမျိုး သူဌေးသူကြွယ် မင်းပရိသတ်အပေါင်းကို ဥပါယ်တံမျဉ်နဲ့ မေးခွန်းထုတ် မေးခဲ့ဖူးပါတယ်။ “သူကြွယ်တို့ လောကမှာ လူအများရဲ့ လေးစားကြည်ညိုမှုကို ဘယ်လိုရနိုင်ပါသလဲ” လို့ ဘုရားရှင်က မေးတော်မူတဲ့အခါ သူဌေးကြီးတွေက စည်းစိမ်ဥစ္စာ အာဏာရှိပြီး အခြွေအရံ အသင်းအပင်း ပေါများလို့ ချမ်းသာကြွယ်ဝသူ၊ ဝေဒအတတ် စတဲ့ ပညာရှိတဲ့သူ၊ အမျိုးဇာတ်အားဖြင့် မြင့်မြတ်သူ၊ အကျင့်သီလကောင်းသူတွေဟာ လူအများရဲ့ လေးစားကြည်ညိုမှုကို ရနိုင်ပါတယ်လို့ ပြန်ဖြေကြပါတယ်။ မြတ်စွာဘုရားရှင် ဆက်မေးတော်မူတာက … သူကြွယ်တွေ သတ်မှတ်တဲ့ အရည်အသွေးတွေထဲက လျှော့နိုင်တာရှိရင် လျှော့ပါဆိုတော့ သူဌေးကြီးတွေက စည်းစိမ်ဥစ္စာ အာဏာမရှိပေမယ့်၊ အခြွေအရံ အသင်းအပင်း နည်းပေမယ့်၊ မချမ်းသာပေမယ့် ဝေဒပညာတတ်တဲ့သူ၊ အမျိုးဇာတ်အားဖြင့် မြင့်မြတ်သူ၊ အကျင့်သီလ ကောင်းသူတွေဟာလည်း လူအများရဲ့ လေးစားကြည်ညိုမှုကို ရနိုင်ပါတယ်လို့ ပြန်ဖြေကြပါတယ်။ ထပ်လျှော့နိုင်သေးသလားလို့ မေးတော်မူတော့ မချမ်းသာပေမယ့်၊ ဝေဒပညာမတတ်ပေမယ့်၊ အမျိုးဇာတ်အားဖြင့် မြင့်မြတ်သူ၊ အကျင့်သီလ ကောင်းသူတွေဟာ လူအများရဲ့ လေးစားကြည်ညိုမှုကို ရနိုင်ပါတယ်လို့ ပြန်ဖြေကြပြန်ပါတယ်။ နောက်ထပ် လျှော့နိုင်ပါသေးလားလို့ မေးတော်မူပြန်တဲ့အခါ … သူကြွယ်ကြီးတွေက နောက်ဆုံးမှာ မချမ်းသာပေမယ့်၊ ဝေဒပညာမတတ်ပေမယ့်၊ အမျိုးဇာတ်အားဖြင့် မမြင့်မြတ်ပေမယ့် အကျင့်သီလ ကောင်းသူတွေဟာ လူအများရဲ့ လေးစားကြည်ညိုမှုကို ရနိုင်ပါတယ်လို့ ပြန်ဖြေခဲ့ကြပါတယ်။ ဒါကြောင့်လည်း မြတ်စွာဘုရားရှင် ထားရစ်တော်မူတဲ့ သာသနာတော်ရဲ့ အနှစ်အသားတွေထဲမှာ သီလ၊ သမာဓိ၊ ပညာ ဆိုတာတွေကို အထင်အရှား တွေ့နိုင်ပါတယ်။ ဒီနေရာမှာ ကြားဖြတ်လို့ သိက္ခာအတုအကြောင်း နည်းနည်းပြောချင်ပါတယ်။ သီလမရှိဘဲ ချမ်းသာကြွယ်ဝမှု၊ ရာထူးအာဏာရှိမှု၊ အခြွေအရံ အသင်းအပင်းများမှု၊ ပညာတတ်မြောက်မှု၊  အမျိုးဇာတ်မြင့်မြတ်မှုတွေက ရလာတဲ့ အရိုအသေပြုခံရမှု၊ လေးစားခံရမှု ဆိုတာတွေဟာ ရလိုမှုအတွက် အကျိုးမျှော်ပြီး ပေးလာတဲ့ လေစားမှုမို့လို့ သိက္ခာအတုလို့ ပြောနိုင်ပါတယ်။ ထင်ရှားတဲ့ ဥပမာဆောင်ရရင် လက်ရှိအစိုးရ အသိုင်းအ၀ိုင်းထဲက အဂတိလိုက်စားတဲ့ နိုင်ငံ့ဝန်ထမ်း အကြီးအကဲ အာဏာပိုင်တွေနဲ့ အကျင့်သီလပျက်ပြီး နိုင်ငံပိုင် သယံဇာတတွေ၊ ပြည်သူ့ဘဏ္ဍာ ခိုးဝှက်ကြီးပွားလာတဲ့ ခရိုနီ သူဌေးကြီးကို လူတွေက ပေးနေတဲ့ အရိုအသေပြုမှု၊ လေးစားမှုတွေဟာ အစစ်အမှန် မဟုတ်ပါဘူး။ လူတွေရဲ့ အသိစိတ်နဲ့ နှလုံးသားကလာတဲ့ လေးစားကြည်ညိုမှုဆိုတာ သီလဆိုတဲ့ အကျင့်ကောင်းမပါဘဲ ဖြစ်တည်မလာပါဘူး။ သီလဆိုတာကို အတိုဆုံး အဓိပ္ပာယ်ဖွင့်ရရင် စောင့်ထိန်းခြင်းပါ။ ကိုယ်ကျင့်တရားလို့ ပြောရင်လည်း မမှားပါဘူး။ ဘာကိုစောင့်ထိန်းရမှာလဲဆိုတော့ မိမိရဲ့ ကိုယ်အမူအယာ အပြုအမူ (ကာယကံ)၊ နှုတ်အပြောအဆို (၀စီကံ) တွေကြောင့် လူသူတိရစ္ဆာန် ၀န်းကျင်လောကကို ထိခိုက်နစ်နာမှုမရှိအောင် စောင့်ထိန်းဖို့ပါပဲ။ တနည်းအားဖြင့်ပြောရရင် သီလစင်ကြယ်တယ်ဆိုတာ အပြစ်ကင်းစွာ ဆောက်တည်နေထိုင် ကျင့်ကြံခြင်းလို့လည်း ပြောနိုင်ပါတယ်။ ဝါရိတ္တသီလဆိုတာက သူတစ်ပါး၏ပစ္စည်း၊ အများပိုင်ပစ္စည်းဥစ္စာတွေကို မတရားသဖြင့် ရယူခြင်း ဟူသမျှတို့ကို ရှောင်ကြည်ခြင်း၊ တနည်းအားဖြင့် မပြုကျင့်ကောင်းသည့် ဒုစရိုက်များမှ ရှောင်ကြဉ်ခြင်းကို ဝါရိတ္တသီလလို့ ခေါ်ပါတယ်။ စာရိတ္တသီလ ဆိုတာကတော့ ကောင်းမွန်တဲ့ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးနဲ့ သူတပါးပစ္စည်းဥစ္စာ တိုးပွားအောင် တရားသဖြင့် အကြံပေးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်း၊ တနည်းအားဖြင့် အပြစ်မရှိသော လုပ်ငန်းတာဝန်များ၊ ဝတ္တရားများကို ပြုလုပ်ခြင်းဟာ စာရိတ္တသီလလို့ ခေါ်နိုင်ပါတယ်။ ဘုရားအလောင်းတော်တွေ မဆုတ်မနစ် ဖြည့်ကျင့်ရတဲ့ ပါရမီဆယ်ပါးထဲမှာပါတဲ့ သီလပါရမီဆိုတာက ကိုယ်ကျင့်တရားကို စောင့်ရှောက်တဲ့ လေ့ကျင့်ဖြည့်ဆည်းမှုပါ။ လောကအလယ်မှာ ကိုယ်ကျင့်သီလ စင်ကြယ်သူတွေ၊ ကိုယ်အမူအယာ အပြုအမူ၊ နှုတ်အပြောအဆို စောင့်ထိန်းသူတွေ၊ စာရိတ္တသီလ၊ ၀ါရိတ္တသီလ ပြည့်စုံသူတွေဟာ လူအများရဲ့ ယုံကြည်လေးစား အားထားမှုတွေ အလိုအလျောက် ပိုင်ဆိုင်ကြပါတယ်။ သီလမစင်ကြယ်သူတွေ၊ အကျင့်ပျက်သူတွေကတော့ လူသူအများရဲ့ ကဲ့ရဲ့ပြစ်တင်မှု၊ အထင်သေးရှုတ်ချမှု၊ မလေးစားမှု၊ မကြည်ညိုမှုတွေသာ ရရှိလို့ အရှက်တကွဲ အကျိုးနည်းရတဲ့အပြင် နိဂုံးမကောင်းသလို၊ လားရာကောင်းလည်း မရောက်နိုင်ပါဘူး။ ကိုယ်ကျင့်သီလ မစင်ကြယ်သူတွေဟာ….. - ရဟန်းရှင်လူတို့၏ ကြည်ညိုချစ်ခင်မှုကို မခံယူရခြင်း၊ - စည်းစိမ်ဥစ္စာ အရနည်းပြီး လာဘ်လာဘရှားပါးခြင်း၊ - အရုပ်ဆိုး အကျည်းတန်ခြင်း၊ - စည်းစိမ်ဥစ္စာ ပျက်စီးဆုံးရှုံးခြင်း၊ - သတင်းဆိုးထွက် နာမည်ပျက်ခြင်း၊ - လူသူပရိသတ်အလယ် မျက်နှာညှိုးငယ်စွာ ဝင်ရခြင်း၊ - သတိလွတ်ကင်းလျက် အော်ဟစ်ညည်းညူကာ သေရခြင်း၊ - အပါယ်စသော ဘဝဆိုး၌ လားရောက်ရခြင်း၊ ဒီတော့ စာဖတ်သူတချို့က မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကိုကြည့်ပြီး သံသယ၀င်ချင်ကြမယ်၊ ပြောချင်မယ်။ တို့ မြန်မာနိုင်ငံမှာကွယ် ကိုယ်ကျင့်သီလပျက်နေတဲ့ အုပ်ချုပ်သူ အာဏာပိုင်တွေ၊ ၀ိသမစီးပွားရေးသမားတွေများ ကောင်းစားနေလိုက်ကြတာ နှစ် ၅၀ ကျော်နေပြီ။ သူတို့ဟာ မကောင်းကံမှန်သမျှ အကုန်လုပ်ပြီး ကြီးပွားနေကြတယ်။ အထက်ကပြောတဲ့ ဆိုးကျိုးတွေက မထင်ရှားဘူး၊ ဟုတ်ပါ့မလားပေါ့၊ သံသယ၀င်စရာပါပဲ။ ကံနဲ့ ကံအကျိုးပေးခွင့်တွေဟာ “သမ္ပတ္တိလေးပါးနဲ့ ၀ိပတ္တိလေးပါး” အကြောင်းတွေနဲ့ ဆက်စပ်နေတာပါ။ ကံဆိုတာကို ကုသိုလ်ကံနဲ့ အကုသိုလ်ကံလို့ နှစ်မျိုးခွဲနိုင်ပါတယ်။ ကောင်းကံနဲ့ မကောင်းကံလို့ ပြောရမှာပေါ့။ အဲဒီကံနှစ်ခုလုံးဟာ ပြုလိုက်တိုင်းတော့ ပုံသေကားချပ် အစဉ်လိုက် အတိအကျ၊ ချက်ချင်း အကျိုးမပေးပါဘူး။ သမ္ပတ္တိလေးပါးနဲ့ ကြုံနေရင် ပြုထားတဲ့ အကုသိုလ်ကံဟာ အကျိုးမပေးနိုင်သလို ၀ိပတ္တိလေးပါးနဲ့ ကြုံနေရင်လည်း မိမိပြုထားတဲ့ ကုသိုလ်ကံက အကျိုးမပေးနိုင်သေးဘူးလို့ ဆိုပါတယ်။ “သမ္ပတ္တိ” ရဲ့ အဓိပ္ပာယ်က “ပြည့်စုံခြင်း”၊ “၀ိပတ္တိ” ရဲ့ အနက်က “ချွတ်ယွင်းခြင်း” လို့ ပြန်နိုင်ပါတယ်။ “သမ္ပတ္တိလေးပါး” သမ္ပတ္တိလေးပါး ဆိုတာက ဂတိသမ္ပတ္တိ၊ ဥပဓိသမ္ပတ္တိ၊ ကာလသမ္ပတ္တိ၊ ပယောဂသမ္ပတ္တိ စတာတွေပါပဲ။ “ဂတိသမ္ပတ္တိ” ဆိုတာ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် စတဲ့ ဘ၀ကောင်းတွေကို ရောက်ရှိခြင်းကို ဆိုလိုပါတယ်။ ဂတိသမ္ပတ္တိမှာဖြစ်နေရင် အကုသိုလ်ကံဟာ အကျိုးပေးခွင့် မသာတော့ပါဘူး။ ကုသိုလ်ကံရဲ့ အလှည့်ရောက်နေချိန်လို့ ပြောနိုင်ပါတယ်။ “ဥပဓိသမ္ပတ္တိ” ကတော့ “ရုပ်အဆင်းလှပခြင်း” ပါပဲ။ ဥပဓိသမ္ပတ္တိ အားကောင်းနေရင်လည်း အကုသိုလ်ကံ အကျိုးပေးခွင့် မသာပြန်တာ ရှိပါတယ်။ “ကာလသမ္ပတ္တိ” ဆိုတာက ကောင်းမွန်တဲ့ အချိန်အခါနဲ့ ကြုံကြိုက်မှုပါ။ မြတ်စွာဘုရားပွင့်ရာအခါ၊ မင်းကောင်းမင်းမြတ်တွေ ပေါ်ထွန်းတဲ့ အချိန်အခါကို ပြောတာပါ။ အဲဒီလို ကာလသမ္ပတ္တိနဲ့ ပြည့်စုံနေရင်လည်း အကုသိုလ်ကံက အကျိုးပေးခွင့် မသာပြန်ပါဘူး။ “ပယောဂသမ္ပတ္တိ” ဆိုတာကတော့ “သတိ၊ ၀ီရိယ၊ ဉာဏ်” တွေနဲ့ ပြည့်စုံနေတဲ့အခါကို ဆိုလိုပါတယ်။ အဲ့ဒီလို သတိဝီရိယ ဉာဏ်တွေယှဉ်ပြီး အားကြီးတဲ့ကံတွေ ပြုနေမယ်ဆိုရင်လည်း အကုသိုလ်ကံက အကျိုးပေးခွင့် မသာပြန်ဘူးလို့ ဆိုပါတယ်။ လက်ရှိ ပစ္စုပ္ပန်ဘ၀မှာ ပယောဂသမ္ပတ္တိနဲ့ ကုသိုလ်ကံအကျိုးတွေကို ခံစားနိုင်ခွင့်ရှိသလို အကုသိုလ်ကံတွေကိုလည်း တားဆီးထားနိုင်တယ်ဆိုတဲ့ သဘောပါပဲ။ ဒါကြောင့် “သမ္ပတ္တိလေးပါးနဲ့ ပြည့်စုံနေမယ်” ဆိုရင် အကုသိုလ်ပြုခဲ့ရင်တောင် အကုသိုလ် အကျိုးပေးခွင့်မသာဘဲ ကုသိုလ်ကံကချည်း အကျိုးပေးနေပါလိမ့်မယ်။ အထက်မှာပြောခဲ့သလို ကိုယ်ကျင့်သီလပျက်နေတဲ့ အုပ်ချုပ်သူ အာဏာပိုင်တွေ၊ ၀ိသမ စီးပွားရေးသမားတွေများ ကောင်းစားနေလိုက်ကြတာဟာ သူတို့အတွက် သမ္ပတ္တိလေးပါး ပြည့်စုံနေလို့ အကုသိုလ် အကျိုးပေးခွင့် မသာသေးချိန်မို့လို့ပါပဲ။ “၀ိပတ္တိလေးပါး” ထို့အတူပဲ “၀ိပတ္တိလေးပါး” ဆိုတာ ဂတိဝိပတ္တိ၊ ဥပဓိဝိပတ္တိ၊ ကာလ၀ိပတ္တိနဲ့ ပရောဂ၀ိပတ္တိ စတာတို့ပါပဲ။ ဂတိဝိပတ္တိဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးဘုံ စတဲ့ မကောင်းတဲ့ဘုံတွေဆီ ရောက်ရှိခြင်း၊ “ဥပဓိဝိပတ္တိ” ဆိုတာက ရုပ်အဆင်းမလှတာ၊ “ကာလ၀ိပတ္တိ” ဆိုတာက မြတ်စွာဘုရားရှင်နဲ့ ဝေးနေတဲ့ကာလ၊ ဆုတ်ကပ်ကာလ၊ မင်းဆိုးမင်းညစ်တွေ အုပ်စိုးတဲ့ကာလ ဖြစ်နေတာ၊ “ပယောဂ၀ိပတ္တိ” ဆိုတာက သတိမရှိ၊ ၀ီရိယမရှိ၊ ဉာဏ်မရှိတာအဖြစ် ရောက်နေတာတွေပါပဲ။ ဒီလို “၀ိပတ္တိလေးပါးနဲ့ ကြုံနေမယ်ဆိုရင် ကုသိုလ်ကံတွေ အကျိုးပေးခွင့်မသာဘဲ အကုသိုလ်ကံကချည်း အကျိုးပေးနေပါလိမ့်မယ်။ မြန်မာပြည်သူတွေ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေ မဆုံးနိုင်တဲ့ ဆင်းရဲဒုက္ခတွေနဲ့ တခုပြီးတခု ရင်ဆိုင်နေရတာဟာ “၀ိပတ္တိလေးပါး” ပြည့်စုံနေလို့ ကုသိုလ်ကံတွေ အကျိုးပေးခွင့် မသာခဲ့တာပါပဲ။ အခုလက်ရှိအချိန်ခါကတော့ မြန်မာနိုင်ငံဟာ “ကာလသမ္ပတ္တိ” လို့ခေါ်တဲ့ မင်းကောင်းမင်းမြတ်၊ အစိုးရကောင်းတရပ် ပေါ်ထွန်းခါနီးအချိန်မှာ ဆိုက်ရောက်နေပါပြီ။ ပြည်သူလူထု အများစုက တခဲနက်မဲပေးလို့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မကြာမီ ရက်ပိုင်းလပိုင်းအတွင်းမှာ အစိုးရတရပ်ကို ဖွဲ့စည်းလို့ တိုင်းပြည်ကို ဦးဆောင်တော့မှာ မဟုတ်လား။ ဒါပေမယ့်လည်း ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အကြီးအကဲဖြစ်သူ လက်ရှိအစိုးရရဲ့ သမ္မတလည်းဖြစ်သူ ဦးသိန်းစိန်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူတစုအတွက် မဟုတ်ပါဘူး၊ လူအများ ထောက်ခံထားတဲ့၊ ထောက်ခံအတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်တယ်လို့ ဗွီအိုအေရဲ့ အစီအစဉ်တခုမှာ ပြောသွားဖူးပါတယ်။ ထို့အတူ လက်ရှိ မြန်မာ့တပ်မတော်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ခံစရာမလိုတဲ့ တပ်မတော်သားအမတ်တွေ လွှတ်တော်ထဲမှာ ရောက်ရှိတာကို ပြည်သူတွေက လက်ခံသဘောတူကြတယ်လို့ ပြောခဲ့တာပါပဲ။ သူတို့ပြောကြတဲ့ ထောက်ခံတဲ့ပြည်သူ၊ လက်ခံသဘောတူတဲ့ ပြည်သူဆိုတာဟာ လူနည်းစုပြည်သူသာ ဖြစ်တယ်ဆိုတာ ရွေးကောက်ပွဲတိုင်းမှာ သူတို့ရတဲ့ မဲဆန္ဒအရေအတွက်က အဖြေပေးပြီးသားပါ။ သူတို့ကို လက်မခံတာ လူများစုဖြစ်တယ်ဆိုတာ အထူးငြင်းခုံစရာမလိုအောင် မိဘပြည်သူတွေက တနိုင်ငံလုံး အတိုင်းအတာနဲ့ ကမ္ဘာသိ အဖြေပေးသွားတာက ၃ ကြိမ်ရှိပါပြီ။ ၁၉၈၈ ခုနှစ်မှာ ၈၈၈၈ အရေးတော်ပုံကြီးနဲ့ ပထမအကြိမ်၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲနဲ့ ဒုတိယအကြိမ်၊ အခုနောက်ဆုံး ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ တတိယအကြိမ် ပြင်းပြင်းပြပြ ဆန္ဒပြုခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအကြီးအကဲ (သမ္မတ) ဖြစ်ဖို့အတွက် ဖွဲ့စည်းပုံပြင်ဆင်ဖို့ မလိုဘဲ သားသမီးနဲ့ ချွေးမတွေ နိုင်ငံခြားသားဘ၀ကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံသားအဖြစ် ခံယူလိုက်ရင် ပြေလည်လိမ့်မယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေ အသံလွှင့်ဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုလိုက်တာကို ဒီဗွီဘီသတင်းမှာ ဖတ်လိုက်ရပြန်ပါတယ်။ ဒီစကားဟာ ဖိနပ်ကတိုပြီး ခြေဖ၀ါးရှည်နေတာကို ခြေဖနှောင့်ဖြတ်လိုက်ရင် တော်သွားမှာပါလို့ ပြောသလိုမျိုး အဓိပ္ပာယ်နဲ့ ဆင်တူပါတယ်။ ဦးရဲထွဋ်ပြောသလို ဖိနပ်နဲ့တော်အောင် ဖိနှောင့်ကိုဖြတ်လိုက်ရင် တော်သွားမှာ အမှန်ပဲ ဆိုပေမယ့် မလုပ်အပ် မလုပ်ထိုက်တဲ့အရာ၊ လူဖျင်းလူနှံတွေတောင် လက်မခံနိုင်လောက်တဲ့ အလွန်မလျော်ကန်တဲ့ အပြောအဆိုမျိုးဆိုတာ အထူးပြောစရာ မလိုပါဘူး။ ပြီးတော့ အဲ့ဒီလို ဖိနပ်တိုသလိုမျိုးဖြစ်အောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အာဏာရှင်တသိုက်ကပဲ တမင်ညစ်ပတ်ပြီး ရေးဆွဲထားတာ မြန်မာသိ ကမ္ဘာသိ မဟုတ်လား။ ဖြစ်ရမှာက ဖိနပ်ကိုရှည်အောင် ပြုပြင်ဖန်တီးသလိုမျိုး ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဒီမိုကရေစီခြေထောက်နဲ့ မကိုက်ညီတဲ့၊ တိုနေတဲ့ ပုဒ်မတွေအားလုံးကို ရှည်လာအောင် ဒီမိုကရေစီ စံရည်စံနှုန်းတွေနဲ့ ကိုက်ညီလာအောင် ပြုပြင်ပြောင်းလဲကြရမှာပါ။ ကိုယ့်ဖိနှောင့်မဟုတ်တိုင်း သူများဖိနှောင့်ကို ဖြတ်ပစ်စေချင်တာက စစ်အာဏာရှင်ညာဉ် မပျောက်သူတွေဆိုတာ ထင်ရှားနေသလို ဖိနပ်ကို ရှည်အောင် ပြုပြင်ချင်တာက မဲဆန္ဒရှင် ပြည်သူလူထု အများစုဖြစ်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတယ်။ မြန်မာနိုင်ငံဟာ ကိုယ်ကျင့်သီလ မစင်ကြယ်သူတွေ အုပ်စိုးဗိုလ်ကျမှုအောက်မှာ နှစ် ၅၀ ကျော် နေခဲ့ရပြီး ဘက်စုံကဏ္ဍစုံ ချွတ်ခြုံကျလို့၊ တရားဥပဒေက မစိုးမိုး၊ အကျင့်ပျက် ခြစားမှုတွေက ဗလပွ၊ တိုင်းပြည်လည်း သိက္ခာကျ၊ ပြည်သူတွေလည်း ရောက်လေရာရာ မျက်နှာငယ်နေရဆဲ မဟုတ်လား။ ဒါကြောင့် မြန်မာနိုင်ငံကို အဲ့ဒီလို ရှက်စရာ၊ ၀မ်းနည်းစရာ အခြေနေဆိုးကြီးကနေ လွတ်မြောက်ဖို့ “ကာလ၀ိပတ္တိ” ကနေ “ကာလသမ္ပတ္တိ” ဆိုက်ရောက်နိုင်ဖို့ဆိုတာ မကြာခင် စီမံအုပ်ချုပ်ခွင့်ရတော့မယ့် အန်အယ်လ်ဒီအစိုးရတရပ်တင် အကျင့်သီလ စင်ကြယ်နေရုံ၊ စောင့်ထိန်းနေရုံနဲ့ မလုံလောက်ပါဘူး။ အတိုက်အခံဖြစ်တော့မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီသာမက တခြား နိုင်ငံရေးပါတီအားလုံး အပါအ၀င် အစိုးရ၀န်ထမ်းအားလုံးနဲ့တကွ တိုင်းရင်းသား၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူလူထု တရပ်လုံးက ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားလို့ လောကပါလတရား၊ ဟီရိသြတပ္ပတရား၊ စာရိတ္တသီလ၊ ၀ါရိတတ္တသီလတွေကို လူတိုင်းလူတိုင်း ဆောက်တည်ကျင့်သုံးရင်း အပြန်အလှန် ထိန်းကျောင်းဝိုင်းရံကြမှသာ လိပ်ပြာသန့်ပြီး သိက္ခာခန့်တဲ့ နိုင်ငံသစ်ကို တည်နိုင်မှာ မုချဖြစ်ပါကြောင်း ထပ်လောင်းလို့ နှိုးဆော်အကြံပြုလိုက်ပါတယ်။      ။ မင်းကောင်းချစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့  ၂၀၁၅ ခုနှစ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up