မိသားစုတိုင်းက မူးယစ်ဆေးဝါးပြဿ နာနဲ့ ဒုက္ခကို ခံနိုင်ရည်မရှိတော့ဘူးဗျာ- ဦးတူးရော် (Patjasan)

ဓာတ်ပုံ - Kachin News
ကချင်ပြည်နယ်အတွင်းမှာ ဘိန်းအပါအ၀င် မူးယစ်ဆေးဝါးအန္တရာယ်ကို ထိထိရောက်ရောက် နှိမ်နင်းဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆိုတရပ်တင်သွင်းနိုင်အောင် လူထုအခြေပြုကချင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Patjasan) ပတ်ဂျာဆန်အဖွဲ့က ကြိုးပမ်းနေပါတယ်။ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး အရပ်သားအင်အား ရာပေါင်းများစွာ ပါဝင်စုဖွဲ့မှုနဲ့ အန္တရာယ်တွေကို အံတုပြီး ကချင်ပြည်နယ်တွင်းက ဘိန်းခင်းတွေကို လိုက်လံဖျက်ဆီးနေကြပါတယ်။ ၀ိုင်းမော်မြို့နယ်ကိုယ်စားပြု ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကနေ တဆင့် တင်ပြထားပြီး အရေးကြီးအဆိုတရပ်တင်နိုင်အောင် ပြင်ဆင်နေတယ်လို့ နေပြည်တော် ကို ရောက်ရှိနေတဲ့ ပတ်ဂျာဆန်အဖွဲ့ခေါင်းဆောင် ဦးတူးရော်က ပြောပါတယ်။ လတ်တလောမှာ ကချင်ပြည်နယ် ကန်ပိုက်တီးလမ်းတလျောက် ဧကပေါင်း သောင်းချီရှိတဲ့ ဘိန်းခင်းတွေကို ဖျက်ဆီးဖို့တာဆူနေတဲ့ ပတ်ဂျာဆန်အဖွဲ့ကို တပ်မတော်က တားမြစ်ထားလို့ ၀ိုင်းမော်မြို့နယ်မှာ စခန်းချပြီး စောင့်ဆိုင်းနေကြပါတယ်။ ပတ်ဂျာဆန်အဖွဲ့ဥက္ကဌ ဦးတူးရော်က အခုချိန်ဟာ ဘိန်းစေးခြစ်တဲ့ရာသီဖြစ်တာကြောင့် ဘိန်းစေးမခြစ်ခင်မှာ ဘိန်းခင်းတွေကို ဖျက်ဆီးပစ်ဖို့လိုတယ်လို့ ပြောပါတယ်။ ဒီတားမြစ်မှုဟာ အုပ်ချုပ်ရေးပိုင်းအပေါ် လူထုက သံသယပွားစေတယ်လို့ သူက ထောက်ပြပါတယ်။ ဦးတူးရော်ကို ဒီဗွီဘီက ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းထား ပါတယ်။ Patjasan ပတ်ဂျာဆန်ဆိုတဲ့စကားလုံးက ကချင်စကားလုံးလား၊ အင်္ဂလိပ်စကားလုံးလား၊ သူ့အဓိပ္ပာယ်က ဘာလဲ။ “ကချင်စကားလုံးပါ။ ပတ်ဂ်ျဆိုတာက ပိတ်ပင်တားဆီးတာပေါ့။ ဂျာဆန် ဆိုတာက သန့်ရှင်းတာ၊ စင်ကြယ်တာ၊ ဆေးကြောတာပေါ့၊” ဒီအဖွဲ့ကို ဘယ်တုန်းကဖွဲ့တာလဲ။ ရည်ရွယ်ချက်ကဘာလဲ။ “သူ့ကိုဖွဲ့တာကတော့ ၂၀၁၄ ဧပြီ ၂၅ လို့ ပြောလို့ရပါတယ်။ ရည်ရွယ်ချက်ရှင်းပြရရင် ကျနော်တို့ ကချင်ပြည်နယ်မှာက လူတကာသိတဲ့အတိုင်းပဲ အခြားဒေသထက် အဆ ၁၀၀ လောက် မူးယစ်ဆေးဝါးပြဿ နာက နက်နက်ရှိုင်းရှိုင်းထူပြောနေတာပေါ့။ အဲဒီတော့ မိသားစုတိုင်းလိုလို မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ပြဿ နာပေါ့နော်၊ ဒုက္ခကိုရင်ဆိုင်ရတဲ့အခါကျတော့ လူတိုင်းလူတိုင်း မိသားစုတိုင်းက ဒီကိစ္စကို မခံနိုင်ကြတော့ဘူး။ ခံနိုင်ရည်မရှိတော့ဘူးဗျာ ရှင်းရှင်းပြောရမယ် ဆိုလို့ရှိရင်။ နှစ်ပေါင်း ၃၀၊ ၄၀ လောက်ရှိပြီအဲဒီဥစ္စာကို ခံစားနေရတာ။ ဆိုတော့ လူမှုဒုက္ခက မိသားစုတိုင်းမှာ ခံစားရတဲ့ ရပ်ရွာအေးချမ်းသာယာရေးမရှိတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူခိုးတွေက သိပ်ပေါလာတယ်။ လုယက်မှု သိပ်များလာတယ်။ အနုကြမ်းစီးတာတွေလည်း သိပ်များလာတဲ့အပြင်မှာ လူသေမှုတွေ၊ ဘိန်းစားတွေရဲ့သေဆုံးမှုနှုန်းကလည်း သိပ်မြင့်လာ တယ်။ အဲဒီတော့ လူတိုင်းလူတိုင်းက ကိုယ့်သားသမီးကို ဘယ်သူမှ ဘိန်းစားမဖြစ်စေချင်ပေမယ့် လည်း အရွယ်ရောက်လာတာနဲ့ ဘိန်းစားဖြစ်သွားကြတာကိုး။ ဘိန်းစားဖြစ်ပြီဆိုရင် လူ တယောက်အဖြစ်က အညွန့်တုံးပြီလေ ဘာမှလုပ်လို့မရတော့ဘူး။ အဲလိုဖြစ်နေတဲ့ အခါကျတော့ မိဘတိုင်းက မူးယစ်ဆေးဝါးကု ဘယ်လိုပဲဖြစ်ဖြစ် ရှင်းလင်းပစ်ဖို့က ဘယ်လောက်ပဲ စိတ်ထဲမှာရှိရှိပေါ့ ဘယ်သူမှ မကူညီနိုင်ဘူး။ မကူညီကြဘူးလေ အစိုးရကလည်းပဲ ဟိုမှာ ကျနော်တို့ဘက်မှာဆိုရင် ဘာပြောရမလဲ၊ ရဲတွေကလည်းပဲ သူတို့နဲ့ မဆက်သွယ်တဲ့၊ သူတို့နဲ့မဆက်သွယ်ဘဲ အရောင်းအ၀ယ်လုပ်တဲ့သူဆိုဖမ်းတယ်။ သူတို့ကို ဆက်ကြေး မှန်မှန်ပေးတဲ့ လူကိုတော့မဖမ်းဘူး။ အဲလိုဖြစ်နေတာကိုး။ ဒါမျိုးတွေပေါ့ကွာ ရှုပ်နေတာပဲ ၊အဲဒါနဲ့ အစိုးရဆီ ဘယ်လောက်ပဲတိုင်တိုင် ဘာမှ ထိရောက်တဲ့အကူအညီ မပေးနိုင်ဘူး။ အခု ဘိန်းခင်းတွေက သက်သေပေါ့ကွာ။ ငြင်းလို့မရတဲ့အရာက အဲဒါပဲ။ တခြား အများကြီး ရှိသေးတယ်။ ခု မြို့ပေါ်မှာရော အများကြီးပဲ မူးယစ်ဆေးဝါးတွေ၊ ဘာပြောရမလဲ ဒီ ရာဘ (စိတ်ကြွဆေးပြား) တွေ၊ အိုက်စ်တို့ ဘာတို့ နံပါတ် ဖိုးတို့၊ ဘိန်းမဲတို့ ဘိန်းဖြူဘိန်းမဲ အဲဒါကို ရောင်းနေကြတယ်လေ။ အဲဒါတွေကို မဖယ်ရှားသရွေ့ကတော့ သားသမီးတွေရဲ့ အနာဂတ် ကတော့ လုံခြုံမှုမရှိဘူး။ လူငယ်တွေရဲ့ဘ၀ကလည်း လုံခြုံမှုမရှိတော့ဘူး။ အဲဒါမျိုးဖြစ်နေတဲ့ အခါကျတော့ တချို့ ပြောရမယ်ဆိုရင် ရှမ်းမြောက်ဘက်မှာ ရွာတရွာကနေ စတယ်ဗျာ။ အဲဒီမျိုးပုံစံနဲ့ သားသမီးတွေဆုံးသွား၊ ယောက်ျားလည်း ဆုံးဆိုတော့ နောက်ဆုံး မိခင်တယောက်ပဲ ဆင်းဆင်းရဲရဲနဲ့ကျန်ခဲ့တာ။ အဲလိုမျိုး မိခင် ၂၀၊ ၃၀ လောက်က အဖွဲ့တဖွဲ့ဖွဲ့တယ်။ ဆမ်ရှားရပ်ဖုန် ဆိုလား။ အဲဒီအဖွဲဟာ ပတ်ဂျာဆန်ရဲ့ ရှေ့ပြေးပဲ။ ဒေသအသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့တော့ ဖွဲ့ကြတာပေါ့။ အဲလိုပုံစံနဲ့လုပ်ကြပေမယ့် အသင်းတော်တိုင်းမှာ ကိုယ့်အသင်းတော်အလိုက် လုပ်ကြတာတွေတော့ ရှိကြတာပဲ။ ဒါပေမယ့် အားလုံးပေါင်းစည်းပြီးတော့မှ လုပ်ကြတာက အဲဒီ ပြီးခဲ့တဲ့ ဧပြီ ၂၅ ပေါ့၊ ၂၀၁၄ ခုနှစ်ကနေ စပြီးတော့ ကျနော်တို့ ကချင်ပြည်နယ်တခုလုံးမှာ ဒီမူးယစ်ဆေးဝါးကိုတော့ဖြင့် ကချင်တမျိုးသားလုံးရဲ့ရန်သူ၊ အဓိကရန်သူအဖြစ် သတ်မှတ်ကြပါစို့၊ ဒါကို တိုက်ဖျက်သွားကြပါစို့ လို့ ဆုံးဖြတ်ကြပြီးတော့မှ လုပ်လာတာ။” ဒီအဖွဲ့တွေက ဘယ်မြို့တွေမှာ ဖြန့်ကျက်ဖွဲ့စည်းထားပါသလဲ။ “ကျနော်တို့ ကချင်အဖွဲ့အစည်းရှိတဲ့ နေရာတိုင်းရှိတယ်။ ဟိုး ပူတာအိုကအစ ရှမ်းပြည်မြောက်ပိုင်း အထိ။” ဒီအဖွဲ့ရဲ့ ရန်ပုံငွေကို ဘယ်ကရသလဲ။ “အသင်းတော်တိုင်း၊ ဘာသာရေးအသင်းအဖွဲ့တွေ အများကြီးစုပေါင်းထားတဲ့ အဖွဲ့အစည်းပေါ့ နော်။ ဒါတော့ ကိုယ့်အသင်းတော်မှာ ကိုယ်တာဝန်ယူကြတာပေါ့။ ကိုယ့်အသင်းတော်မှာ ကိုယ့်ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ ကိုယ့်အလှူငွေကို ကိုယ်ထည့်ပြီးမှ ပေးကြတာကိုး။ ကျနော်တို့အသင်းတော်မှာဆိုရင် အခုလည်း သွားကြည့်လို့ရတယ်။ ဘုရားရှိခိုးဖို့ ဘုရားကျောင်း ထဲ ၀င်တဲ့အပေါက်မှာ အဲဒီ ပိုက်ဆံ ရန်ပုံငွေဆိုပြီးတော့ အလှူငွေခြင်းတောင်းတခု ချထားပေး တယ်။ ဘုရားဝတ်ပြုလာတဲ့အခါမှာ ရန်ပုံငွေ ထည့်ကြတယ်ပေါ့။ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ထည့်ကြတာ။ ကျနော်တို့ဘုရားကျောင်းမှာလာကြည့် အပတ်တိုင်းက သောင်းငွေလောက် ၀င်တယ်။ အဲလိုပုံစံနဲ့ ဘုရားကျောင်းက ကျနော်တို့ဆီမှာ ရာပေါင်းများစွာရှိတာကိုး။” ပတ်ဂျာဆန်အဖွဲ့က အစိုးရထံမှာ register (မှတ်ပုံတင်) ထားလား။ ဘယ်လိုလှုပ်ရှားနေလဲ။ “မှတ်ပုံမတင်ထားပါဘူး။” ပတ်ဂျာဆန်အဖွဲ့သွားတဲ့အခါ အလံတွေ့တယ် ကချင်အလံလား။ ပတ်ဂျာဆန်အဖွဲ့အလံလား။ “အဲဒီအလံက ကချင်အမျိုးသားအလံပါ။ ဒီလိုပေါ့ မူးယစ်ဆေးဝါးကိုကျတော့ တမျိုးသားလုံးရဲ့ အဓိကရန်သူအဖြစ် သတ်မှတ်ထားတာကိုး။ အဲဒါကြောင့်မို့လို့ တမျိုသားလုံး အသွင်ဆောင်တဲ့ လှုပ်ရှားမှုတရပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အမျိုးသားအလံကိုသုံးတာပါ။” ယူနီဖောင်း ဆင်တူဝတ်တာကျတော့ ဘယ်လိုရည်ရွယ်ချက်လဲခင်ဗျ။ “ယူနီဖောင်းတွေ ၀တ်တာကျတော့ တခြားတော့ဘာမှမဟုတ်ပါဘူး။ အဲဒီ ၀စ္စကုတ်ပေါ့နော်။ ချိုင်းပြတ်ပေါ့။ အဲဒီဟာလေးပါ၊ အဲဒီတခုတည်းပဲ၊ ဦးထုပ်လည်းပဲ လိုက်ဖက်တဲ့ဟာပေါ့။ နောက်ပြီးတော့မှ ဟို မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေ၊ ဘိန်းစာတွေ ဘာညာပေါ့ကွာ သူတို့ကို ၀ိုင်းဖမ်းတဲ့အခါမှာ သူတို့ပြန်ပြီးတော့မှ ခုခံတိုက်ခိုက်တဲ့ကိစ္စတွေမှာ၊ တခါတလေကျရင် ရိုက်တာတွေဘာတွေရှိရင် ကျနော်တို့ ရိုက်ခံရတာရှိတယ်လေ။ အကြီးအကျယ်ရိုက်ခံရတာ ရှိတယ်ဗျ။ အဲဒါမျိုးဖြစ်တဲ့အခါ ကျရင် ဆိုင်ကယ်ဦးထုပ်ဆောင်းတယ်၊ တခါတလေကျတော့ ဆိုင်ကယ်ဦးထုပ်ကို ယူနီဖောင်း ပြည့်အောင်ဆိုပြီးတော့မှ အရောင်သတ်မှတ်တဲ့အခါမှာ အင်္ကျီနဲ့လိုက်ဖက်တဲ့ဟာ လုပ်တဲ့အခါ ကျတော့ ဘာပြောရမလဲ မရိမ်းလိုဖြစ်လာတာပေါ့နော်။ မရိမ်းအရောင်မဟုတ်တဲ့ဟာလည်း ဆောင်းကြတာပဲ။ ပတ်ဂ်ျဆန်လုပ်တဲ့အခါကျလို့ရှိရင် သူ့လူ ကိုယ့်လူသိအောင်ဆိုပြီးတော့ ရွေးကြတဲ့အခါမှာ ယူနီဖောင်းဝတ်ကြတာပေါ့။ အစကတော့ ယူနီဖောင်းမ၀တ်ဘဲ လုပ်ကြည့်တယ်။ လုပ်ကြည့်တဲ့အခါကျတော့ ရဲတွေကလည်း မြစ်ကြီးနားမှာ ကျနော်တို့အဖွဲ့နဲ့ရဲတွေနဲ့ ပူးတွဲပြီးတော့မှ မူးယစ်ဆေးဝါးဖမ်းတာတို့ သူခိုးဖမ်းတာတို့၊ လုယက်သူ ဖမ်းတာတို့ အတူတူ လုပ်ကြတာပေါ့။ လုပ်တဲ့အခါမှာ ပြသနာဖြစ်ဖူးတာက လူ ခွဲခြားမရတဲ့ အခါကျတော့ ကိုယ့်လူကို ကိုယ့်အဖွဲ့အစည်းချင်း ဖမ်းပြီးတော့ ရိုက်ကြတာ။ အဲဒီတော့ ရဲတွေက မင်းတို့ ၀တ်စုံဝတ်ကြကွာ မင်းတို့သတ်မှတ်ဝတ်စုံ၊ တခြားဝတ်ချင်ဝတ်ကြကွာ ဆိုတော့ အဲဒါနဲ့ ပြန်ဝတ်ဖြစ်သွားတာ။ ပြောရမယ်ဆိုရင် ချီဖွေဖက်မှာ ဖြစ်တဲ့အခါကလည်း တပ်ကနေပြီးတော့ မင်းတို့ အဲဒီ မရိမ်းမ၀တ်ကြနဲ့ကွာလို့ပြောတယ်။ အဲဒါနဲ့ မ၀တ်ဘဲနဲ့ သွားကြတာပေါ့၊ သွားကြတဲ့ အခါမှာ ဖြစ်ပြန်ပြီ။ ဖြစ်ပြန်တော့ လူက ခွဲရခက်တယ် ၀တ်ကြတယ်၊ အဲဒီနေရာမှာ ၀တ်စုံအရောင် ရွေးတဲ့နေရာမှာ ကျနော်တို့အဖွဲ့သားတွေက အဲဒီဟာကို လိုက်ရွေးတာ သူတို့က နှစ်ခါ၊ သုံးခါ အရောင်အမျိုးမျိုးရွေးကြပေမယ့် အဲဒါကိုပဲ သူတို့က အများအကြိုက် ဒီအရောင်ကိုပဲရွေးလိုက်တာ။ ရွေးတာအကြောင်းရင်းက သူတို့က ဘာလဲဆိုတော့ လူမှားမှာစိုးတာကတခု၊ နောက်တခုက အဖွဲ့ရဲ့ အများရဲ့အကြိုက်လည်း ဟုတ်တယ်။ အရောင်လည်း ဟုတ်တယ်။ စစ်ရောင်လိုလို ဘာလိုလို ဖြစ်မှ လူဆိုး၊သူခိုးတွေက နည်းနည်းလန့် နည်းနည်းရှိန်တာပေါ့။ အဲဒါကို သူတို့ အကြာကြီး အပြေအလည်ဆွေးနွေး ပြီးတော့မှ အငြင်းအခုန်လုပ်ပြီးမှ အဲဒါကို အတည်ပြု ထားတာ။” ပတ်ဂျာဆန်အဖွဲ့က ရုတ်တရက်ကြည့်ရင် တပ်ဖွဲ့တဖွဲ့အသွင်ဆောင်တယ်။ ဆက်သွယ်ရေးစက် တွေ သုံးစွဲမှုကရော ဘယ်လိုနားလည်နိုင်မလဲ။ “ဆက်သွယ်ရေးစက်ကတော့ ဈေးထဲမှာ အများကြီးပဲနော်။ ကျနော်တို့ ၀ယ်သုံးရတာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒါမသုံးရင် ဘယ်လိုမှ လုပ်လို့မရဘူး။ ဒီလောက်လူများတဲ့ အဖွဲ့လေ။ နောက် လူဆိုးဖမ်းတဲ့အခါကျလည်း အဲဒါမပါရင် ဘယ်လိုမှ မရဘူး။ အဲဒါကြောင့်မို့လို့ တခါတလေကျရင် လုပ်တဲ့အခါ ရဲနဲ့ နံပါတ်ညှိပြီးတော့မှ လုပ်ရတယ်လေ။ တပ်နဲ့ နံပါတ်ညှိပြီးတော့မှ အဲဒါကို ပြောပြီးတော့မှ လုပ်မှရမှာ။ ခေါ်ရပြုရတဲ့အခါမှာ အဲဒါမကိုင်ရင် ဘယ်လိုမှ ဆက်သွယ်လို့ မရဘူး။ ခင်ဗျားသိတဲ့အတိုင်းပဲ မူးယစ်ရာဇာဆိုတာက အင်မတန်မှ ပါးတဲ့လူတွေ၊ ဒီကောင်တွေက မလွယ်ဘူး ကျနော်တို့ လုပ်ရတာ။ ဒါကြောင့်မို့ အဲဒါ မကိုင်ရင် ဘယ်လိုမှ လုပ်လို့မရဘူး။” မူးယစ်ဆေးဝါးနှိမ်နင်းရေးကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်မှုကို အစိုးရပိုင်း ဥပမာ- ပြည်နယ်အစိုးရ။ ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ ရဲ စတာတွေက ကူညီပေးလား။ “ကျနော်တို့က အစိုးရရဲ့ အကူအညီ။ ဒါမှမဟုတ်ရင်လည်း ဒေသဆိုင်ရာတပ်တို့ရဲတို့ရဲ့ အကူအညီ အနည်းအကျဉ်းသာ မရဘူးဆိုရင် ဒီအဖွဲ့က မရှိနိုင်တော့ဘူး ဟုတ်လား။ သူတို့ ကူညီပါတယ် ကူညီနိုင်သလောက်။ ကူညီတယ်ဆိုတာက တနိုင်းဘက်မှာ လုပ်တဲ့အခါကျလို့ရှိရင် ကျနော်တို့ ရှောရှောရှူရှူပေါ့နော် သူတို့ လုပ်ခွင့်ပြုထားတယ်။ တတ်နိုင်သလောက်လည်း သူတို့ ကူညီတယ်။ တခါတလေ ကျနော်တို့ မြစ်ကြီးနားမြို့တ၀ိုက်မှာ ဘိန်းကိုအများကြီးပေါ့ လွတ်လွတ်လပ်လပ်ရောင်းကြတာပေါ့နော်။ ဖရီး (လွတ်လပ်စွာ) ရောင်းကြတာ ဘာပြောရမလဲ၊ တကယ့်လိုင်စင်ရ ဘိန်းဈေးလိုဖြစ်နေတာပေါ့နော်။ အဲလိုဖြစ်နေတဲ့ နေရာကို ၀င်ဖမ်းဖို့အတွက် ဆိုရင် ကျနော်တို့မှာ အခက်အခဲရှိတဲ့အခါမှာ တပ်ကို အကူအညီတောင်းရပါတယ်။ တောင်းတဲ့ အခါကျရင် အခု ကျနော်တို့တိုင်းမှူးပေါ့နော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကိုယ်တိုင် ကူညီပေးပါတယ်။ ကွန်မန်ဒိုတွေဘာတွေ ထည့်ပေးတယ် ကျနော်တို့ လုံခြုံရေးအတွက်။ ၂ ခါလောက် ကျနော်တို့ကို ကူညီဖူးတယ်တပ်က၊ ရဲကတော့ လူအင်အားလည်းမရှိတဲ့အခါကျတော့ သူတို့ အဲလိုမျိုးပုံစံ မကူညီနိုင်ပါဘူး။ နည်းနည်းပါးပါးရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါးရောင်းပြီး သောင်းကျန်းနေတဲ့အိမ် ၀င်ဖမ်းမယ်ဆိုတဲ့အခါမျိုးမှာ တခါတလေတော့ ရဲရဲ့ အကူအညီ ယူရတာပေါ့။ အဲဒါမျိုးတွေမှာ သူတို့ ကူညီပါတယ်။” ပတ်ဂျာဆန်အဖွဲ့က ဘိန်းခင်းဖျက်တဲ့အခါမှာ ဘာဖြစ်လို့အခက်အခဲကြုံရတာလဲ။ ဥပမာ နယ်ခြားစောင့်တပ်ထိန်းချုပ်ဂွင်တချို့မှာဆို မသွားနိုင်ဘဲနဲ့ ခရီးတုံ့နေတာတွေ့တယ်။ “အဲဒီဖက်မှာကျတော့ ကျနော်ပြောချင်တာက ဘိန်းခင်းက နည်းနည်းနောနောမဟုတ်ဘူး။ ဧကပေါင်း သောင်းနဲ့ချီရှိနေတယ်။ ရှိနေတယ်ဆိုတဲ့အခါ အဲဒီဘက်မှာ သို့လောသို့လောတွေက အများကြီးပဲ။ ကျနော်တို့ လူအင်အား (၁၂၀၀) စုပြီးတော့မှ တခါသွားဖို့ စီစဉ်ဖူးတယ်။ စီစဉ်ဖူးတဲ့အခါ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ကို ဟိုး ချီဖွေလမ်းဖက်ကို သွားခိုင်းလိုက်တယ်။ အဲဒီ ကန်ပိုက်တီကို မသွားနဲ့ဦး၊ လုံခြုံရေးအခြေအနေက မကောင်းဘူး၊ ကျနော်တို့ လုံခြုံရေးမပေးနိုင်ဘူးပေါ့ အဲဒီဘက်တွေကျတော့၊ ချီဖွေလမ်းဖက်မှာသွား၊ အဲဒီဘက်မှာကျတော့ လုံခြုံရေးပေးမယ်ဆိုပြီးတော့ (အစိုးရဘက်က) ပြောတာ။ အဲဒီတော့ ကျနော်တို့လူတွေက အချိန်လည်း နည်းနည်းရသေးတယ်ဆိုတဲ့အခါကျတော့ အခု လုံခြုံရေးပေးတဲ့ဘက်ကို သွားကြတာ။ ဆုံးဖြတ်လိုက်တာပေါ့နော်။ အဲဒါကြောင့်မို့လို့ ချီဖွေလမ်းဘက်ကို သွားကြတာ။ သွားတဲ့အခါ လမ်းမှာ ဒုက္ခသုက္ခတွေ အများကြီးကျော်ဖြတ်ပြီးမှ ရောက်တယ်။ လမ်းမှာ ဘာဖြစ်လဲဆိုတော့ အဲဒီဘိန်းစိုက်တဲ့အဖွဲ့တွေက၊ ဘိန်းခင်းပိုင်ရှင်တွေက အင်အား ၄၀၀၊ ၅၀၀၊ ၆၀၀ လောက် လမ်းမှာ ပိတ်ဆို့ပြီးတော့ ပြန်ပြီးတော့ ခုခံရော။ သူတို့က တုတ်တွေ၊ ဓားတွေ၊ သေနတ်တွေ ပါတာပေါ့ကွာ အဲဒါနဲ့ သူတို့နဲ့ ကျနော်တို့နဲ့ ရင်မဆိုင်လိုက်ရဘူး။ ကျနော်တို့ တနေရာမှာ ရပ်နားပြီး စောင့်နေတဲ့အချိန်မှာ ၂ ရက်လောက် စောင့်နေတဲ့အချိန်မှာ ရှေ့ဆက်ပြီး ပြသနာဖြစ်မယ်ဆိုတဲ့အနေအထားရှိတဲ့အချိန်မှာ တိုင်းမှူး (စစ်တိုင်းမှူး) က ရောက်ချလာတယ် အဲဒီကို၊ ရောက်ချလာပြီးတော့ အဲဒီ ပိတ်ဆို့နေတဲ့လူတွေကို ရှင်းလင်းပစ်ဖို့ ဖယ်ရှားပေးဖို့ သူက ပြောလိုက်တဲ့အချိန်မှာ၊ တိုင်းမှူးတခွန်းပြောလိုက်တာနဲ့ အကုန်လုံးသူတို့ ရှဲသွားကြတာပေါ့။ ဘာမှလုပ်စရာတောင် မလိုတော့ဘူး တိုင်းမှူးက ပြောလိုက်တာနဲ့ သူတို့အကုန်လုံး ရုပ်သိမ်းသွားကြတယ်။ ကျနော်တို့အဖွဲ့က အဲဒီနေ့နဲ့ နောက်ရက်တွေမှာ ဆက်သွားပြီးတော့ ဘိန်းခင်းတွေ့သမျှရှင်းလိုက်တဲ့အခါမှာ အဲဒီမှာ ဘိန်းခင်း ရှစ်ရာကျော်လောက်ပဲ (ဧက) တွေ့တယ်။ ဒါပေမယ့် အဲဒီဘက်မှာ လုပ်ရင်းကိုင်ရင်းနဲ့ တပတ်ကျော်လောက်အချိန် ပုပ်သွားတာပေါ့ ကျနော်တို့အတွက်။ အဲဒီတော့ အဲဒီကနေ ဘိန်းခင်းအများကြီးရှိတဲ့ဘက်ကို သွားမယ်ဆိုတဲ့အချိန်မှာ အဲဒီဘက်ကို လုံခြုံရေးမပေးနိုင်ဘူး (တပ်က) ဖြစ်သွားပြန်ရော။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘက်မှာ ငါတို့ဗျူဟာမဟုတ်တော့ဘူး။ သူတို့ ၁၃ ဗျူဟာဧရိယာဖြစ်သွားပြီ။ ဒါကြောင့်မို့လို့ လုံခြုံရေးက သူတို့နဲ့ပဲဆိုင်တယ်။ သူတို့နဲ့ပဲ ဆက်သွယ်ပြီးလုပ်ကြပါလို့ ပြန်ပြောတယ်။ အဲဒီမှာ ကျနော်တို့သွားမယ့်လမ်းမှာ လူ ၅၀၀၊ ၆၀၀ လောက်ကို သေနတ်တွေ၊ တုတ်တွေ၊ ဓားတွေနဲ့ ပြန်စောင့်နေတယ်။ ကျနော်တို့က သေနတ်မပါဘူးလေ၊ ဓားကတော့ ဘိန်းခင်းဖျက်ဖို့ပါကြတယ်။ ကျနော်တို့အဖွဲ့ကို မိုင်းတွေ၊ ဘာတွေ ဆွဲမိုင်းတွေနဲ့ ချတယ်လေ။ အဲဒါကြောင့် ကျနော်တို့က ပြန်ဆင်းသွားကြတာ။ ဆင်းသွားပြီးတော့ ၀ိုင်းမော်မှာ စုနေတာ။ ဒီအဖွဲ့မဆင်းလာခင်မှာ လူ (၂၀၀) အင်အားနဲ့ အဲဒီကန်ပိုက်တီဒေသ မော်စီတုန်းရွာဆီ သွားကြတာ။ ၁၂၀၀ အဖွဲ့ကတော့ အဲဒီချီဖွေလမ်းမှာ ရှိနေတုန်းပဲ။ ၀ိုင်းမော်ကနေ အင်အား ၂၀၀ လောက် တက်သွားကြတာ။ တက်သွားတဲ့အခါမှာ ရဲက ၂၀ ထည့်ပေးတယ် ပြည်နယ်အစိုးရကနေ။ ၁၃ ဗျူဟာလက်အောက်မှာရှိတဲ့ စစ်တပ်အင်အားက ၅၀ ကျော် ၅၅ ယောက်လောက်ရှိမယ်ထင်တယ်။ အဲဒီအင်အားရယ် အဲဒါနဲ့ ကျနော်တို့အဖွဲ့က လူ ၁၈၀ လောက်ပေါ့နော် ပေါင်းပြီးတော့ သွားကြတာ။ အင်အား ၃၀၀ ခန့်ပေါ့နော်။ ရဲနဲ့၊ တပ်နဲ့ ပတ်ဂျဆန်အဖွဲ့နဲ့ပေါင်းပြီးတော့ မော်စီတုန်းရွာကို ရောက်ကြတယ်။ ရောက်ပြီး ဘိန်းခင်းဖျက်မယ်လည်းလုပ်ရော လူအင်အား (၁၀၀၀) ကျော်လောက်ရှိတဲ့ အဲဒီဘိန်းခင်းပိုင်ရှင်တွေက ကျနော်တို့အဖွဲ့ကို ၀ိုင်းထားရော၊ ၀ိုင်းထားပြီးတော့ ကားတွေ၊ ဘာတွေရဲ့ မှန်တွေ ရိုက်ခွဲတယ်။ အိုးခွက်ပန်းကန်တွေ အကုန်ရိုက်ခွဲ၊ လူတွေကိုလည်း ခဲနဲ့ပေါက်၊ ဘတ်ဂွ (လေးခွ) နဲ့ပစ်ပေါ့နော်။ အဲလိုဖြစ်တဲ့အချိန်မှာ တပ်ကတော့ သေနတ်ကို မိုးပေါ်ထောင်ဖောက်ပြီးမှ ခြောက်လှန့်လိုက်တာပေါ့နော်။ ခြောက်လှန့်လိုက်တော့ ရန်မူတဲ့ကိစ္စက ရပ်သွားတယ်။ ကျနော်တို့ရိက္ခာတွေလည်း အလုခံရတယ်။ အဲဒါကြောင့် ကျနော်က ကဲ ဒီလောက်တောင်ဖြစ်နေတော့ရင်လည်း ပြန်ခေါက်ရင်ကောင်းမယ်ဆိုပြီးတော့ ဆွေးနွေးကြတဲ့အခါမှာ သူတို့လည်းသဘောတူတယ်။ ဂျီဝမ်းကြီးကလည်း ပြန်ခေါက်ခဲ့တာ ကောင်းတယ်၊ မဟုတ်ရင် သွေးထွက်သံယိုမှုတွေ အများကြီးဖြစ်လာနိုင်တယ်ဆိုပြီးတော့ ခေါက်ခဲ့တာ။ ခေါက်ခဲ့ပြီးတော့မှ ချီဖွေလမ်းဖက်ကလာတဲ့ (၁၂၀၀) နဲ့ အဲဒီ ၂၀၀ နဲ့ပေါင်းပြီးတော့ စုစုပေါင်း (၁၄၀၀) အင်အားက ၀ိုင်းမော်မှာ စုနေလိုက်တာ။ အစကတော့ တိုင်းမှူးက နေပြည်တော်မှာ လေးလပတ်အစည်းအဝေးလုပ်နေတဲ့အခါကျတော့ သူနဲ့ ဆွေးနွေးလို့မရဘူး။ တင်ပြလို့မရဘူးဖြစ်နေတဲ့အခါမှာ ကျနော်တို့ အဲဒီမှာ စုနေကြတာ။ တိုင်းမှူးရောက်လာတဲ့ ရက်အထိ စောင့်နေကြတယ်။ တိုင်းမှူးရောက်လာတဲ့အခါကျတော့ အဲဒီအခြေအနေ ပြန်တင်ပြတဲ့အခါမှာ။ ဒါမတိုင်ခင် ကျနော်တို့ တိုင်းမှူး ပြန်မရောက်လာခင်မှာ နည်းနည်းပါးပါးသတင်းရတာက တိုင်းမှူးနဲ့ ကျနော်တို့လူတွေနဲ့ ဖုန်းနဲ့ပြောကြတဲ့အခါမှာ တိုင်းမှူးက တိုင်းမှူးကို တင်ပြကြည့်တဲ့အခါမှာ တိုင်းမှူးက ဘာပြောလဲဆိုတော့ ‘ဘိန်းခင်းတွေတကယ်ရှိသလား’ လို့ သူက မေးတယ်။ အများကြီးပဲလို့ ပြောတဲ့အခါကျတော့ သူက ‘ဟာ ဒါဆို ချန်ထားလို့ဘယ်ရမလဲ၊ တပင်မကျန်ခုတ်ကြကွာ’ တဲ့။ ‘နေဦး၊ ငါတက်လာတဲ့ အခါ ရောက်လာတဲ့အခါမှာလုပ်ရအောင်’ တဲ့ ပြောရော။ အဲဒါနဲ့ စောင့် စောင့်နဲ့ တိုင်းမှူးလည်းရောက်လာရော ရောက်လာတဲ့အခါမှာ ပြန်ပြီးမေးကြည့်တဲ့အခါမှာ “ဟာ မဖြစ်ဘူး၊ မင်းတို့နဲ့ ငါမလုပ်တော့ဘူးကွာ” တဲ့ အဲလိုဖြစ်လာရော။ တိုင်းမှူး ဘယ်လိုဖြစ်တာလဲပေါ့။ ကျနော်တို့ ကေဘီစီက လူကြီးတယောက်နဲ့ တိုင်းမှူးနဲ့ စကားပြောကြတဲ့အခါမှာ “မလုပ်တော့ဘူး လုံခြုံရေးမပေးနိုင်တော့ဘူး၊ သွားစရာလည်းမလိုတော့ဘူး၊ ကျနော်တို့ ပြည်နယ်အစိုးရ ကနေပြီးတော့မှ စေလွှတ်ထားတဲ့ ဌာနပေါင်းစုံကလူတွေပါတဲ့ အဲဒီအဖွဲ့ကပဲ ဘိန်းဖျက်နေတယ်၊ နေ့တိုင်းဖျက်နေတယ်၊ သူတို့ဖျက်နေတာ လုံလောက်ပါတယ်၊ မင်းတို့ ဘာမှ မလုပ်နဲ့။ မင်းတို့က ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ ပတ်သက်နေတယ်လို့ ကြားတယ်။ ဒီမှာ သတင်းတွေ ရောက်နေတယ်။ ဒါကြောင့်မို့ ငါက၊ ကေအိုင်အေက အစိုးရနဲ့ ငြိမ်းချမ်းရေးယူ ထားတာ မဟုတ်ဘူး လောလောဆယ်။ ဒါကြောင့်မို့ မင်းတို့ ကေအိုင်အေနဲ့ပတ်သက်တယ် ဆိုတဲ့ဟာ ငါ့ဆီမှာ သတင်းဝင်လာတယ်။ ဒါကြောင့်မို့ မင်းတို့နဲ့ငါ ပေါင်းပြီးလုပ်လို့မဖြစ်တော့ဘူး။ ပြီးတော့လည်း မင်းတို့က တရားဝင်အဖွဲ့အစည်းလည်းမဟုတ်ဘူး။” ဘာညာနဲ့ တိုင်းမှူးလည်း အဲလိုပြောတယ်။ ပြည်နယ်အစိုးရလည်း နယ်လုံဝန်ကြီးကလည်း ကျနော်တို့ကို အဲလိုခေါ်ပြောတယ်။ အဲဒီအခါကျတော့ ကျနော်တို့က လက်စမသတ်နိုင်ဖြစ်သွားတာပေါ့။ ရှေ့ဆက်သွားရဖို့မရဘူးဖြစ်သွားတာပေါ့။ အာဏာပိုင်တွေရဲ့ အကူအညီက လုံးဝမရနိုင်တော့ဘူး ဖြစ်သွားတာပေါ့။ လူထုကတော့ မရဘူး။ သူတို့က ဖျက်ကိုဖျက်မယ်ပဲ။ ဘိန်းခင်းဧက ထောင်သောင်းချီပြီးရှိနေတဲ့ဟာကို ငါတို့မြင်ခဲ့တယ်၊ အဲဒါကို မဖျက်လို့ရှိရင်တော့ မဖြစ်ဘူးဆိုပြီးတော့ မရဘူးဆိုပြီးတော့ အတင်းသွားမယ်ဖြစ်ပြန်ရော၊ အဲဒါနဲ့ကို ဟိုအဖွဲ့တွေ ကလည်း ဆင်းလာတုန်းက အဲဒီ လမ်းမှာ တံတားတခုနားမှာ လူအင်အား ၁ ထောင်လောက်နဲ့၊ လက်နက်အပြည့်အစုံကိုင်တယ်ဗျာ အဲဒါကျတော့ လက်ပစ်ဗုံးတွေ ဘာတွေတောင် ပါတယ်ဗျာ စောင့်နေကြတာ။ ဘိန်းခင်းပိုင်ရှင်ဘက်ကလို့ ပြောရမယ်ပေါ့ ကမ်ပိုက်တီလမ်းမှာလေ။ ဟိုလူတွေကလည်း စောင့်နေရော၊ ကျနော်တို့အဖွဲ့ကလည်း တက်မယ်တကဲကဲဖြစ်နေရော၊ အဲလိုဖြစ်နေတဲ့အနေအထားမှာ ၀ိုင်းမော်မြို့မှာ လူထောင်ချီပြီး ဒီလိုစုပြုံနေမယ်ဆိုရင် ရပ်ကွက်နေပြည်သူတွေအတွက် မျက်စိနောက်စရာလည်းဖြစ်မယ်။ စိတ်အနှောင့်အယှက် ဖြစ်စရာလည်း ဖြစ်နိုင်တယ်။ ကျန်းမာရေးအတွက်လည်း ကြာလာရင် ညစ်ပတ်တာနဲ့ အနံ့အသက်တွေနဲ့ ဘာနဲ့ အဲလိုဖြစ်မယ်။ နောက် ကလေးတွေရဲ့ စာမေးပွဲကလည်း နီးနေပြီ၊ တချို့က မနက်ဖြန် သန်ဘက်ခါ ဖြေတော့မယ်။ ဆယ်တန်းစာမေးပွဲ လည်း နီးလာပြီ။ စာကျက်ရမယ့်အချိန်ဟုတ်တယ်၊ ဒါကြောင့်မို့လို့ မြို့ပြင်တနေရာမှာ စခန်းချမယ်ဆိုပြီး လုပ်ကြတာ။ လုပ်ကြတဲ့အခါ အထက်မှာ တားပစ်လိုက်ရောအဲဒီမှာ။ သက်ဆိုင်ရာက တားရော၊ ရဲတွေကတား၊ ချီဖွေလမ်းဆုံမှာကျတော့ စစ်တပ်စခန်းရှိတာကိုး။ အဲဒီကနေ အပြတ်တားပစ်လိုက်တာ။ ဘယ်သူမှ ဒီကနေ ကျော်လို့မရဘူး။ ကျော်လို့ရှိရင် ငါတို့လည်း အထက်က အမိန့်အရ ပစ်ရတော့မှာပဲတဲ့ အဲလိုဖြစ်လာရော။ အဲလိုဖြစ်တဲ့အခါကျတော့ အခု အဲဒီနေရာမှာ ရပ်နေကြတာပေါ့ဗျာ။ အနေအထားက အဲလောက်ပါပဲ။” ဘိန်းခင်းတွေဖျက်ဆီးမှုအတွေ့အကြုံအရ ဘိန်းခင်းပိုင်ရှင်သူတွေက ဘယ်သူတွေလဲ။ ဘိန်းစိုက် အလုပ်သမားတွေက ဘယ်သူတွေလဲ။ “ဒီလိုပေါ့နော် ရှင်းအောင် ကျနော်ပြောပြပါ့မယ်။ ဘိန်းခင်းပိုင်ရှင်အများစုက ကြီးကြီးကျယ်ကျယ်လုပ်တာကတော့ တဘက်နိုင်ငံကပေါ့နော်။ တဘက်နိုင်ငံဆိုတာ တရုတ်နိုင်ငံပေါ့။ ဒါပေမယ့် ကျနော်တို့ မီဒီယာမှာ နိုင်ငံတော်ရဲ့ အသုံးအနှုံးကလည်းပဲ တဘက်နိုင်ငံလို့ပဲ သုံးစွဲတယ်လေနော်၊ ဒါကြောင့်မို့လို့ တရုတ်ပြည်ဘက်ကလို့ ပြောရင် တရုတ်ပြည်တပြည်လုံးဆိုင်ရာ သူတို့က အဲလိုလည်း မဖြစ်စေချင်လို့ နေမှာပေါ့။ အဲဒီဘက်က ငွေရှင်တွေ မိန်းမတွေရော၊ ယောက်ကျားတွေရောပါတယ်။ အမလေး သူတို့က ငွေထုပ်ပိုက်ပြီးလာကြတာ။ လာကြတယ်။ သူတို့က အရင်းစိုက်ထုတ်ပြီးတော့မှ ကြီးကြီးကျယ်ကျယ်လုပ်ကြတယ်။ အဲဒီတော့ သူတို့က အဲဒီငွေရှင်အုပ်စုတခုက ဧက (၃၀) လောက်မှ မပြည့်ရင် မလုပ်ဘူးတဲ့။ ဧက (၃၀) အထက်လုပ်မှပဲ သူတို့တွက်ခြေကိုက်လို့ပါတဲ့၊ အဲဒါကြောင့်မို့လို့ ဒေသခံလူတွေက ဘာလုပ်လဲဆိုတော့ ဘာပြောရမလဲ တောကြီးဖြစ်ရင်ဖြစ်နေမယ်။ လှေကားထစ်စိုက်စားတဲ့နေရာလည်း ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် မြက်ခင်းရှိတဲ့နေရာပဲဖြစ်ဖြစ် ဒါကို လက်ညှိုးထိုးပြီး ဒါက ကျနော့်မြေကွက်တွေပါ၊ ကျနော့်ယာခင်းပါ ကျနော့်ရဲ့ပိုင်တဲ့သစ်တောတွေပေါ့ ဘာညာလုပ်ပြီးတော့မှ တဧကမှာ တနှစ်မှာ ဘယ်လောက်ပေးပါဆိုပြီးတော့ လုပ်တာ။ ဒေသခံတွေက လုပ်တာ။ ဒေသခံတွေက အဲဒီလို လက်ညှိုးထိုး၊ ဟိုလူတွေက အဲဒါကို စာချုပ်ချုပ်ပြီး လုပ်ကြတာ တချို့ဟာတွေပေါ့နော်။ အဲဒါတွေက ဧက ၃၀ အထက်လုပ်ကြတာ အုပ်စုတွေက၊ တချို့ကျတော့ တယောက်တည်း။ တချို့ကျတော့ ငွေပေါင်းထားတဲ့ group အုပ်စုပေါ့။ အဲဒါမျိုးလုပ်ကြတဲ့အခါမှာ စက်တွေ၊ ယန္တရားတွေနဲ့ ခင်ဗျား အကြီးအကျယ် ခင်ဗျား အကုန်လုံး လွတ်လွတ်လပ်လပ် အတားအဆီးမရှိလုပ်ကြတာ။ နောက်တခုက ဘာလဲဆိုတော့ နည်းနည်းပါးပါးလုပ်တာ ဘယ်သူတွေလဲဆိုတော့ ဒေသခံတွေပေါ့နော်၊ ဟိုနား ဧက၀က်၊ တဧကလောက်၊ ဟိုစပ်စပ် ဒီစပ်စပ် လုပ်ကြတာ။ ဒေသခံဆင်းရဲသားတွေ ဧက၀က်လောက်တို့၊ ဧက၀က်တောင် မပြည့်တဲ့ဟာတို့ ဆင်းရဲသားတွေ လုပ်စားကြတာ။ အဲဒီဟာ သူတို့ရဲ့ အခွင့်အရေးကို ရှေ့တန်းတင်ပြီး ပြောကြတာ။ ဟိုမှာ ငွေကြေးအမြောက်အများ ရင်းနှီးမြှုပ်နှံပြီးတော့မှ တကယ့်စီးပွားရေး၊ စီးပွားဖြစ်စိုက်ကြတဲ့ လူတွေရဲ့ ကိစ္စကိုကျတော့ မပြောကြပြန်။ ဟုတ်တယ်မဟုတ်လား။ ဒီမှာကျတော့ တကယ့်စီးပွားရေးအရ ဘာလဲဆိုရင် ဘိန်းက တဧကမှာ ဆယ်ပိသာကျော်လောက် ထွက်တယ်ဆိုပါစို့နော်။ ဧက ၁ သောင်းဆိုရင် ဘယ်လောက်ထွက်မလဲ ဟုတ်လား၊ သိန်းဂဏန်း ထွက်လာမယ်လေ ပိသာ။ အဲလိုဆိုတဲ့အခါကျတော့ သိန်းဂဏန်းဆိုရင် တန်ချိန်များစွာ ထွက်ပြီပေါ့။ အဲဒါကို ရောင်းတဲ့အခါမှာ တပိသာကို ဘယ်လောက်ရမယ်မှတ်လဲ၊ အရင်တုန်းက ၄၊ ၅ သိန်းပဲ။ အခုက အပြင်မှာ သိန်း ၂၀ အထက်ရှိတယ်။ သူတို့ပြောပြချက်အရဆိုရင် ဟိုး ကွမ်ဂျိုးဖက်အရောက်ဆိုရင် ဗမာငွေ သိန်းတရာလောက်ရတယ် တပိသာကို၊ အဲဒါဆို ခင်ဗျားစဉ်းစားကြည့်လေ တရုတ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လုပ်ငန်းရှင်တော့ မပြောလို ပါဘူး စီးပွားရေးသမားတွေ၊ ၀ိသမလောဘသမားတွေက လာပြီး အလုအယက်အဲဒီမှာ ဘိန်းလာစိုက်ကြတယ်။ အဓိကအားဖြင့် စိုက်တာများတာကတော့ ကန်ပိုက်တီတလျောက်လေ။ ကန်ပိုက်တီသွားတဲ့လမ်း ဘယ်ညာမှာ အပြည့်ရှိတယ်။ မျက်စိတဆုံးပဲ တချို့နေရာတွေမှာ အဲလိုရှိတယ်။ အဲဒီဥစ္စာကို ဒေသခံအာဏာပိုင်တွေက အဲဒီဘက်ကို ကျနော်တို့ကို လုံးဝမသွားခိုင်းဘူး။ အဲဒီဘက် လုံခြုံရေးမပေးနိုင်ဘူးတဲ့၊ အဲဒီဘက်မှာ အန္တရာယ်ရှိတယ်၊ ဘာညာပေါ့ပြောနေတယ်။ အန္တရာယ်က ဘယ်သူရှိမလဲ ပြန်စဉ်းစားတဲ့အခါမှာ အဲဒါက အစိုးရထိန်းချုပ်ထားတဲ့နယ်မြေလေ။ သူပုန်လည်းမရှိဘူး။ ဘာမှ မရှိဘူးအဲဒီမှာ။ ဘာပြောရမလဲ။ မယုံသင်္ကာဖြစ်တာပေါ့၊ ဒီကောင်တွေနဲ့ပတ်သက်တဲ့ ဘိန်းခင်းတွေပဲဖြစ်မှာပဲ ဆိုပြီးတော့။ ပိုပြီးတော့ ဒေါသူပုန်ထလာကြရော ပြည်သူလူထုက။ ဘိန်းခင်းတွေကို သူတို့က အကာအကွယ်ပေးထားတယ်ဆိုတဲ့အတွေးက ၀င်လာရော။ ဘိန်းခင်တွေမှာ သူတို့က ရှယ်ယာပါသလားတောင်မသိဘူးဆိုတာမျိုးလည်း ဖြစ်လာပြန်ရော။ အဲလိုဖြစ်လာတဲ့ အခါကျတော့ ဒေါသူပုန်ထကြတာပေါ့ အဲဒီနှစ်ဘက်က။ ဘိန်းခင်းဖျက်တဲ့အဖွဲ့က ဓာတ်ပုံရိုက်လို့ တပ်ကဗိုလ်ကြီးက တားမြစ်ပြီး ဓာတ်ပုံဖျက်ခိုင်းလို့ မနေ့ကအခြေအတင်ဖြစ်တယ်လို့ကြားတယ်။ အဲဒီနေရာမှာပဲ ပတ်ဂျာဆန်အဖွဲ့ ရှိတုန်းပဲလား။ “အဲဒီမှာပဲ ရှိနေကြသေးတယ်၊ အခုလောလောဆယ်က (ဖေဖော်ဝါရီ ၂၂ ရက်)။ ရှေ့ဆက်ဖို့ခွင့်မပြုနိုင်ဘူးဆိုတော့ အဲဒီမှာပဲ ရှိနေကြသေးတယ်၊ အဲဒါနဲ့ အခုက အဲဒီကိစ္စကို အဲဒီနေရာမှာ ဆက်ပြီးနေလို့မဖြစ်ဘူး။ အဲဒီတပ်စခန်းနဲ့ အလှမ်းဝေးတဲ့နေရာမှာ စခန်းချကြပါ။ ရှေ့ဆက်မယ် မဆက်ဘူးဆိုတာကလည်း ပြည်ထောင်စုအဆင့်ကနေပြီးတော့မှ တိုင်ပင်ဆွေးနွေးပြီးတော့မှပဲ ရှေ့ဆက်လို့ရမယ်ဆိုရင်လည်း ဆက်ပေါ့ကွာ၊ သူတို့မျှော်လင့်ချက်တကြီးနဲ့ အဲလိုရှိကြတာပေါ့။ ကျနော်တို့ကလည်း ဒီမှာ ကြိုးစားနေတာပါပဲ။” ပတ်ဂျာဆန်အဖွဲ့ကို ကေဘီစီ အဖွဲ့က ဦးဆောင်လုပ်တယ်ဆိုရင် မှန်လား။ “မမှန်ဘူးဗျ၊ မမှန်ဘူး။ နေရာတိုင်းမှာ ကိုယ့်နည်းကိုယ်ဟန်နဲ့ လုပ်ကြတာတွေက ရှိနေတယ်လေ။ ဥပမာပြောမယ်ဆိုရင် ကေဘီစီမှာပဲဖြစ်ဖြစ်၊ ကက်သလစ်အသင်းတော်မှာပဲဖြစ်ဖြစ် အလားတူကော်မတီမျိုးကို ဖွဲ့စည်းထားတာက ဆယ်နှစ်မကဘူး။ နောက်ဆုံးကျတော့ သိပ်ပြီးအခြေအနေဆိုးလာတဲ့အခါမှ ဒီဟာတွေက ပေါင်းစည်းသွားတဲ့သဘောပဲ။ အဲဒါကြောင့်မို့လို့ အခုက ကေဘီစီက အင်အားများတာပေါ့နော်၊ လူဦးရေများတာပေါ့။ များတဲ့အခါကျတော့ ပတ်ဂျာဆန်အဖွဲ့မှာကျတော့လည်း ကေဘီစီက သူ့ဟာသူ လူဦးရေများလာတဲ့သဘောဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကက်သလစ်ရော၊ ကေဘီစီရော၊ ပြီးတော့မှ အင်္ဂလီကန်ရောပေါ့နော်။ တခြားအသင်းတော်တွေ အများကြီးပါတယ်၊ အများကြီးပါတယ်။ အားလုံးက တက်ညီလက်ညီ တမျိုးသားလုံးရဲ့ တာဝန်တရပ်အနေနဲ့ လုပ်ကြတာပဲ။ အဲဒါကို ဘယ်သူမှ ငါတို့ကို ကူညီမယ့်လူ မရှိတော့ ငါတို့ကပဲ ထလုပ်ရအောင်ဆိုပြီးတော့ လုပ်ကြတာပဲ။” ဦးတူးရော် အခု နေပြည်တော်ရောက်နေတာ ဒီကိစ္စပဲလား။ နည်းနည်းရှင်းပြပါလား။ “ဟုတ်ပါတယ်။ ဒီကိစ္စတွေကို လတ်တလောကိစ္စတွေရော အားလုံးတင်ပြဖို့ ရောက်လာတာ ပေါ့နော်။ လောလောဆယ်လည်း ဟိုမှာ hot issue သိပ်အရေးကြီးနေတဲ့အခါကျတော့ ဘိန်းခင်းထဲမှာ ဘိန်းခြစ်တဲ့ရာသီကလည်း ရောက်နေပြီလေ။ ဘိန်းကလည်း စပြီးတော့ ခြစ်ယူနေကြပြီဆိုတော့ တရက်ဆိုရင်လည်း တရက် အရေးကြီးလာပြီ။ မတ်လ ၂၀ ၀န်းကျင်လောက်ဆိုရင်တော့ ခြစ်လို့ပြီးလောက်ပြီ။ အားလုံးခြစ်ယူလို့ ပြီးလောက်ပြီ။ ဘိန်းခြစ်တဲ့ရာသီကုန်သွားတယ်ပေါ့။ ဘိန်းခြစ်ရာသီကုန်မှ သွားရင်တော့ ဘာမှ မထူးဘူးလေ။ အဲဒီတော့ ဘိန်းကို အားလုံးမခြစ်ယူခင်မှာ ရှိတဲ့ဘိန်းခင်တွေ အကုန်လုံး ဖျက်ဆီးပစ်လိုက်ချင်တယ်။ အဲဒီဟာက ဟိုမှာရောက်နေတဲ့ လူထုရဲ့ဆန္ဒပဲ။” ဦးတူးရော် နေပြည်တော်ရောက်နေတယ်ဆိုတော့ ဒီကိစ္စကို ဘယ်သူတွေနဲ့တွေ့ပြီး ဆောင်ရွက်မလဲ။ လွှတ်တော်တင်မလား။ အစိုးရနဲ့တွေ့မလား။ “နေပြည်တော်မှာ အဓိကတော့ လွှတ်တော်ပါပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြတယ်။ လွှတ်တော်မှာသက်ဆိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ကျနော်တို့ ၀ိုင်းမော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်လေ။ မဲပေးပြီးတော့မှ တာဝန်ပေးလိုက်တဲ့၊ ကျနော်တို့ဒေသအရေး လွှတ်တော်မှာ တင်ပြပေးဖို့၊ ဆွေးနွေးပေးဖို့ အရေးကြီးအဆိုအဖြစ် တင်သွင်းပြီးတော့မှ ဆွေးနွေးဆုံးဖြတ်ပေးဖို့ အဲလိုလုပ်နိုင်ဖို့ရန်အတွက် သူတို့ကို အချက်အလက်တွေ ပေးပြီးတော့မှ သူတို့ကို တင်ပြထားတာပေါ့။ “အန်အယ်လ်ဒီကနေ တင်မှာပါ။ ၀ိုင်းမော်မြို့နယ်မှာ မဲပေးပြီးစေလွှတ်ထားတာကတော့ အန်အယ်လ်ဒီကပဲ။ အန်အယ်လ်ဒီကပဲ ကျနော်တို့ ၀ိုင်းမော်မြို့နယ်မှာ မဲနိုင်ထားတယ်။ အခု လွှတ်တော်မှာ ရောက်နေတာကလည်း အန်အယ်လ်ဒီက ကိုယ်စားလှယ်တွေပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့ကို ကျနော်တို့ လွှတ်တော်မှာ အဆိုတင်သွင်းပေးဖို့ ကျနော်တို့ တင်ပြထားတာ။ သူတို့လည်း အခု အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အရေးကြီးအဆိုအဖြစ် ဆွေးနွေးနိုင်ဖို့၊ ဆုံးဖြတ်နိုင်ဖို့ သူတို့ စီစဉ်ဆောင်ရွက်နေတဲ့အချိန် ဖြစ်ပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up